စစ်တွေမှာ အသက် ၇၅ နှစ်အရွယ် ကိုဗစ်လူနာတစ်ဦးသေဆုံး၊ ရခိုင်မှာ ပထမဆုံးသေဆုံးသူဖြစ်

ရေးသားခဲ့သည်။

စက်တင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ကိုဗစ် အတည်ပြုလူနာတစ်ဦး သေဆုံးသွားခဲ့တယ်လို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က အတည်ပြုပြောဆိုပါတယ်။

ဒါဟာ တစ်ကျော့ပြန် ကိုဗစ် ပြည်တွင်းကူးစက်မှုတွေ စတင်ခဲ့ရာ ရခိုင်ပြည်နယ် အတွက် အတည်ပြူလူနာ ထဲက ပထမဆုံး သေဆုံးခဲ့ရသူ ဖြစ်ပါတယ်။

အဲ့ဒီလူနာဟာ အသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်ကာ နဂိုကတည်းက သွေးတိုး၊ နှလုံးရောဂါအခံတွေရှိနေပြီး လေဖြတ်နေသူ တစ်ဦးလည်းဖြစ်ကာ စက်တင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီကျော်မှာ ဆေးရုံကိုရောက်ရှိပြီး ၁၃ ရက်နေ့ ညနေ ၆ နာရီလောက်မှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဒေါက်တာဇော်လွင်က ပြောပါတယ်။

သေဆုံးသူ အသက် ၇၅ နှစ်အရွယ် လူနာနံပါတ် ၂၄၆၃ သေဆုံးမှု စာရင်းကိုတော့ ကျန်းမာရေး ဝန်ကြီး ဌာန စက်တင်ဘာ ၁၄ ရက် မနက်ပိုင်း ၈ နာရီ ထုတ်ပြန်ချက် ထည့်သွင်း ဖော်ပြထားပါတယ်။

လူနာဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကနေ လေဖြတ်တဲ့ဝေဒနာကိုခံစား နေရတာဖြစ်ပြီး သေဆုံးလို့နာရီပိုင်းအကြာ စက်တင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းမှာပဲ စစ်တွေသုသာန်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ သားဖြစ်သူ မောင်တောခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တော ကျော်မောင်မောင်သိန်းက ဘီဘီစီကို စက်တင်ဘာ ၁၃ ရက် ညက ပြောဆိုခဲ့ပါတယ်။

ဒါဟာ ဒေသတွင်းကူးစက်ခံရမှုဖြစ်ပြီး မိသားစုဝင်တွေမှာလည်း ပိုးတွေ့အဖြေထွက်ထားတဲ့အတွက် လတ်တလောမှာ စစ်တွေဆေးရုံမှာပဲ ကုသမှုခံယူနေကြရတယ်လို့ ဆိုပါတယ်။

"ကျွန်တော်အဖေက လေဖြတ်နေတာ ၈ နှစ်လောက်ရှိပြီ၊ ဒါကတော ပိုးတွေ့တာ တစ်ကဏ္ဍပေါ့နော် ကျွန်တော်ထင်ပါတယ်။ ဒေသတွင်းကူးစက်မှုဖြစ်ဖို့များတာပေါ့။ ပိုးတွေ့တာတော့ ကျွန်တော်က ကာယကံရှင်ဖြစ်နေတော့ ဖြေလို့မရပါဘူး။ မိသားစုတွေလဲ Positive ထွက်ထားတော့ ဆေးရုံမှာပဲ"လို့ သားဖြစ်သူ ဒေါက်တာကျော်မောင်မောင်သိန်းက ပြောပါတယ်။

သေဆုံသွားခဲ့တဲ့ လူနာနံပါတ် ၂၄၆၃ ဟာ စစ်တွေဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ ကိုဗစ် လူနာပေါင်း ၄၀၀ နီးပါးအနက် ပထမဆုံး သေဆုံးခဲ့သူလည်းဖြစ်တယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

ကိုဗစ် ဒေသတွင်း ကူးစက်မှု စတင်တွေ့ရှိခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်ကနေ စက်တင်ဘာ ၁၄ ရက် ဒီကနေ့အထိ စစ်တွေမြို့နယ်အတွင်းမှာ ပိုးတွေ့အတည်ပြုလူနာပေါင်း ၄၀၀ နီးပါး ရှိနေပြီဖြစ်ကာ ပိုးကင်းစင်သွားတဲ့အတွက် ဆေးရုံဆင်းခွင့်ရရှိကြသူပေါင်းဟာလည်း ၂၀၀ ကျော် ရှိ ပြီ ဖြစ်ပါတယ်။

စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ကုသနေသူတွေထဲက ပိုးကင်းစင်သွားတဲ့သူတွေကို စက်တင်ဘာ ၅ ရက်နေ့က စတင် ဆင်းခွင့်ပြုခဲ့တာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၁၄ ရက် မှာလည်း ၃၈ ဦးကို ဆင်းခွင့်ပြုခဲ့တယ်လို့ ဒေါက်တာဇော်လွင်က ပြောပါတယ်။

လက်ရှိမှာတော့ စစ်တွေဆေးရုံမှာ ဆက်လက်ဆေးကုသမှုတွေ ပြုလုပ်ပေးနေရတဲ့ လူနာပေါင်းက ၁၈၁ ဦးရှိပြီး အဲ့ဒီထဲက ရောဂါအခံရှိသူ အဆိုပါ အသက်ကြီးပိုင်းအမျိုးသားတစ်ဦး သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

"ဆေးရုံမှာ ကုသတဲ့လူပေါင်းက ၃၉၆ ယောက်ရှိပြီးပေါ့နော်၊ အဲ့ဒီမှာ မနေ့ကတစ်ယောက်ဆုံးတယ်၊ သူက ဖျားလို့ဆိုပြီးတော့ ဆေးရုံလာပြတယ်၊ ဒီမှာက စစ်လို့ရပြီဆိုတော့ စစ်ဆေးတဲ့အခါမှာ ပိုးတွေ့တယ်၊ ၁၂ ရက်နေ့ ၂ နာရီခွဲမှာ ဆေးရုံတင်ပြီးတော့ ကုသတယ်၊ ကုသတဲ့အခါမှာ သမားတော်ကြီးများက သက်ဆိုင်ရာ ဆေးဝါးတွေနဲ့ကုသတယ်၊ ကုသပေးတဲ့အခါမှာ မနေ့က ၁၃ ရက်နေ့ ညနေ ၆ နာရီအချိန်မှာ ဆုံးသွားတယ်ပေါ့နော်" လို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောပါတယ်။

လူနာနံပါတ် ၂၄၆၃ ဟာ လေဖြတ်ထားတဲ့အပြင် သွေးတိုး၊ နှလုံးရောဂါအခံရှိသူဖြစ်တဲ့အတွက် ကိုဗစ်ပိုး ကူးစက်ခံထားရတဲ့အချိန်မှာ လတ်တလော ဖျားနားနေပြီး မူလကရှိနေတဲ့ လေဖြတ်ရောဂါဟာ ပိုမိုဆိုးရွာလာပြီး သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ မနက်ပိုင်းထုတ်ပြန်ချက်မှာတော့ အဲ့ဒီလူနာဟာ ပြင်းထန်တဲ့အဆုတ်ရောင်ရောဂါဖြစ်ပွားပြီး ရုတ်တရက် ဦးနှောင့်သွေးကြောပိတ်ပြီးတော့ သေဆုံးရတာဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

လက်ရှိမှာတော့ စစ်တွေဆေးရုံအပြင် သူနာပြုသင်တန်းကျောင်းနဲ့ တိုင်းရင်းဆေးရုံတွေမှာပါ ခွဲပြီးတော့ ပိုးတွေ့အတည်ပြုလူနာတွေကို ကုသပေးနေရပြီး ပိုးတွေ့လူနာတိုးလာလို့ရှိရင် ကုသပေးမှုတွေ အဆင်ပြေစေရေးအတွက် စစ်တွေတက္ကသိုလ်မှာလည်း လူနာ ၃၀၀ စာအတွက်ပြင်ဆင်လျက်ရှိနေပြီး လူနာ ၁၀၀ အတွက်ကတော့ အရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်နေပြီလို့ သိရပါတယ်။

ရခိုင်ပြည်နယ်ဟာ ကိုဗစ် ၁၉ ပိုးတွေ့ရှိမှု မြင့်တက်ခဲ့ပေမဲ့ လက်ရှိမှာ ပြန်လည် ကျဆင်းလာနေတဲ့အနေအထားကို တွေ့နေရပြီး အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ကုသနိုင်တယ်လို့ ပြောရမှာဖြစ်ကြောင်း ဒေါက်တာဇော်လွင်က ပြောပါတယ်။ စစ်တွေဆေးရုံကြီးမှာ လက်ရှိကုသမှုတွေပြုလုပ်ပေးနေရတဲ့ လူနာပေါင်း ၁၈၀ ကျော်အနက် နဂိုရောဂါအခံကြောင့် ကြပ်မတ်ကုသပေးနေရသူ ၅ ဦး ရှိနေသေးတယ်လို့ သူက ဆိုပါတယ်။

ပိုးကူးစက်ခံရကြောင်း စတင်တွေ့ရှိခဲ့တဲ့ ဩဂုတ် ၁၆ ရက်နေ့ကနေ စက်တင်ဘာ ၁၄ ဒီကနေ့မနက်ပိုင်းအထိ ရခိုင်တစ်ပြည်နယ်လုံးမှာရှိတဲ့ မြို့နယ်ပေါင်း ၁၇ မြို့နယ်မှာ ကူးစက်မှုဖြစ်ပွားနေပြီး ကူးစက်ခံရသူပေါင်း ၇၂၂ ကျော်စစ်ဆေးတွေ့ရှိထားပြီးတော့ ၃၅၃ ဦး ဝန်းကျင်လောက်ကတော့ ပိုးကင်းစင်သွားကြတဲ့အတွက် ဆေးရုံဆင်းခွင့်ရရှိထားကြပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြေပုံမြို့နယ်က လူနာ အားလုံး ဆေးရုံဆင်းခွင့်ရပြီလို့ ရခိုင် ကိုဗစ် စောင့်ကြည့်ရေး အဖွဲ့က နောက်ဆုံး အခြေအနေကို ဘီဘီစီကို ပြောပါတယ်။

မြန်မာ တစ်နိုင်ငံလုံးမှာ တော့ စက်တင်ဘာ ၁၄ ရက် ညပိုင်း အထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃,၁၉၅) ဦးရှိနေပြီး အဲဒီထဲမှာ သေဆုံးသူက ၃၂ ဦး နဲ့ ရောဂါ သက်သာလို့ ဆေးရုံက ပြန်ဆင်းခွင့်ရသူက ၇၉၀ ဦး ရှိပြီလို့ ကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။