ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်ဒုတိယလှိုင်းကို ရင်ဆိုင်ဖို့ မြန်မာအသင့်ဖြစ်ခဲ့လား၊ တစ်ကျော့ပြန်ကိုဗစ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲ စတဲ့ တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်
ဒီတစ်ပတ် ထိပ်တန်းရောက်ခဲ့တဲ့သတင်းတွေအဖြစ် နေရာယူခဲ့တာကတော့ တစ်ကျော့ပြန် ကိုဗစ်ကူးစက်မှုတွေ ရုတ်တရက်မြင့်တက်ခဲ့တဲ့ မြန်မာမှာ ရောဂါထိန်းချုပ်ရေး စိန်ခေါ်မှုတွေနဲ့ လူအသေအပျောက်ထပ်ရှိခဲ့တဲ့ ကိုဗစ်သတင်းတွေဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲကျင်းပဖို့က ရက်ပေါင်း ၅၀ ကျော်သာလိုပါတော့တယ်။
မဲဆွယ်စည်းရုံးရေးတွေလည်း စတင်နေပါပြီ။ ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုဟာ ဆက်လက်မြင့်တက်နေမယ်ဆိုရင် နိုဝင်ဘာ ရွေးကောက်ပွဲကို ပုံမှန်အတိုင်း ကျင်းပဖို့ သင့်ပါသလားဆိုတဲ့ ငြင်းခုန်မှုတွေလည်း ကျယ်လောင်လာခဲ့ပြီဖြစ်ပါတယ်။
ကိုဗစ်လူနာတွေ ထားဖို့ နေရာတွေ ဘယ်လိုရှာဖွေနေရသလဲ
မြန်မာနိုင်ငံမှာ တစ်ကျော့ပြန်ကိုဗစ်ကူးစက်မှုတွေဖြစ်လာတဲ့ သြဂုတ် ၁၆ ရက်နောက်ပိုင်း ရက် ၂၀ကျော်အတွင်းမှာပဲ ကိုဗစ်လူနာ နှစ်ထောင်ကျော်ခဲ့ပါပြီ။
နေ့စဉ် ရာချီ တိုးလာတဲ့လူနာတွေထဲမှာ ရန်ကုန်က အများဆုံးဖြစ်ပြီး တစ်ကျော့ပြန်ကိုဗစ် ဖြစ်ပွားမှုမှာ စက်တင်ဘာ ၁၂ ရက်ထိ ရန်ကုန်တစ်မြို့တည်း ကတင် တစ်ထောင်ကျော် ရှိနေတာဖြစ်ပါတယ်။
ပြည်တွင်းကူးစက်မှုတွေ စဖြစ်တဲ့ရခိုင်ပြည်နယ်မှာတော့ လူနာအရေအတွက် ၆၀၀ ကျော်သာရှိတော့ပြီး လူနာတွေ့နှုန်း အနည်းငယ်ကျလာခဲ့ပါပြီ။
ဒါကြောင့် ရခိုင်မှာ ရောဂါကို လက်ရှိမှာ အတန်အသင့်ထိန်းထားနိုင်ပြီလို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ရန်ကုန်က ကိုဗစ်ကုသရေးဆေးရုံကြီးတွေလည်း နေ့စဉ်ရာချီရောက်လာတဲ့လူနာသစ်တွေကြောင့် ပြည့်လျှံလုနီးပါးခဲ့ပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါလက္ခဏာပြလာလို့ ဆေးရုံမှာ ထားပြီးစောင့်ကြည့်ဆေးစစ်ခံရမယ့် သံသယလူနာတွေ တွေကိုထားဖို့နေရာလည်း အခက်တွေ့ခဲ့ရပါတယ်။
တိုးလာတဲ့လူနာတွေထဲမှာ သာမန်လက္ခဏာရှိသူနဲ့ ရောဂါအခံရှိသူ၊ ကိုဗစ်ရောဂါဝေဒနာပြင်းထန်သူ ဆိုပြီး လူနာတွေကိုအမျိုးအစားခွဲခြားလိုက်ပြီး ဖောင်ကြီး၊ တောင်ဥက္ကလာနဲ့ ဝေဘာဂီဆေးရုံတို့မှာ ဆေးကုသဖို့ လိုအပ်ပြီး အောက်ဆီ ဂျင်ပေးဖို့ လိုအပ်တဲ့၊ သွေးတိုး၊ ဆီးချို၊ နှလုံး စတဲ့ ရောဂါအခံရှိတဲ့ ကိုဗစ်လူနာတွေကိုသာ ထားဖို့ မူဝါဒပြောင်းလဲလိုက်ရတယ်လို့ ဒေါက်တာမော်မော်ဦးက ပြောပါတယ်။
ကွာရန်တင်းဝင်နေတဲ့အထဲကနေ စစ်ဆေးပိုးတွေ့အဖြေထွက်သူတွေနဲ့ ရောဂါလက္ခဏာမပြင်းထန်သူတွေကိုထားဖို့ တိုင်းအစိုးရအဖွဲ့ ရှာဖွေမှုနဲ့ မင်းဓမ္မဘက်မှာ ကွန်ဒိုအလွတ်နှစ်ခုကို ရရှိထားပြီး အဲဒီမှာ လူနာ ၆၀၀ ခန့် ထားရှိနိုင်ဖို့ စီစဉ်ထားရှိပြီးဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီသာမန်နဲ့ ရောဂါလက္ခဏာမပြင်းထန်သူတွေကို စောင့်ရှောက်ကုသဖို့ ဆေးကုသရေးအဖွဲ့တစ်ဖွဲ့ကိုလည်း ထားရှိထားပြီး ဒီအုပ်စုအမျိုးအစားထဲက ရောဂါဝေဒနာ ပြင်းထန်လာမယ်ဆိုရင် ဝေဘာဂီ၊တောင်ဥက္ကလာနဲ့ ဖောင်ကြီးဆေးရုံတို့ကို ပြန်ရွှေ့ပေးမယ်လို့ ဒေါက်တာမော်မော်ဦးကပြောပါတယ်။
ဒါပေမဲ့ ဒီလောက် လူနာတွေများပြားနေချိန်မှာ ရှိသမျှ လူနာအားလုံးကို လက်ခံဖို့ ကြိုးစားနေတာက မူဝါဒအရ မှန်တယ်လို့ ယူဆရပေမယ့် တကယ်တော့ လူထုတွင်းမှာ အချင်းချင်းပျံ့နှံ့မှုကို မတားဆီးရင် လူနာသစ်တွေ ထပ်တိုးနေမှာဖြစ်ပြီး နောက်ဆုံးမှာ လက်လျှော့လိုက်ရတဲ့အခြေအနေဖြစ်မယ်လို့ ဒေါက်တာမော်မော်ဦးက ခုလိုပြောပါတယ်။
"အခုလည်း ကျန်းမာရေးဝန်ကြီးဌာနက လုပ်နေပါတယ်။ လော့ဒေါင်းချတဲ့ မြို့နယ်တွေတိုးပေးတယ်။ လူစုလူဝေးလုပ်တဲ့ကိစ္စတစ်ခု ကျန်သေးတယ်။ ကိုဗစ်စဖြစ်တုန်းကမှ လူ ၃ဦးထက် မပိုရ၊ ၅ ဦးထက်မပိုရ၊ နောက် ၃၀ အခု ကိုဗစ်တွေဖြစ်နေတော့မှ ၅၀ ပေးတဲ့ကိစ္စက ရှိသေးတယ်။ ဒါမျိုးတွေလည်းပဲ ပြန်တင်းကျပ်သင့်တယ်။ တခြားကိစ္စတွေမပြောလိုပါဘူး။ ဒါပေမဲ့ ကိုဗစ်ရဲ့သီးသန့် အဲဒီဘက်က ရပ်တည်ပြီးပြောရမယ်ဆိုရင်တော့ ဒါလေးတစ်ခုတော့ရှိတယ်။ လူစုလူဝေးလုံးဝမလုပ်သင့်ဘူး" လို့ ဒေါက်တာမော်မော်ဦးက ပြောပါတယ်။
ကိုဗစ်ဒုတိယလှိုင်းကိုကာကွယ်ဖို့ မြန်မာ အသင့်ဖြစ်ခဲ့လား
မြန်မာမှာ ဇွန်လလယ်လောက်ကစပြီး ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှုနှုန်းကျဆင်းခဲ့ရာကနေ သြဂုတ်လလယ်မှာ တစ်ကျော့ပြန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီအတောအတွင်းမှာ မြန်မာနဲ့ အိမ်နီးချင်းနိုင်င်ငံ တချို့ အပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ်တစ်ကျော့ပြန်လှိုင်းကို ရုန်းကန်နေရတာဖြစ်ပါတယ်။
နိုင်ငံတကာမှာဖြစ်ပွားခဲ့တဲ့ဥပမာအရ ကိုဗစ်ဒုတိယလှိုင်းဟာ အချိန်မရွေးလာနိုင်တယ်ဆိုတဲ့ ပြောကြား ချက်တွေရှိနေစဉ်မှာပဲ မြန်မာက ဒီလိုအခြေအနေ ကို ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။
တခြားနိုင်ငံတွေနဲ့ယှဉ်ရင် လူနာအရေအတွက် သိပ်များနေပြီလို့ မဆိုနိုင်သေးတဲ့ဒီအခြေနေမှာ ဒီလိုအခက်အခဲတွေ ကြုံတွေ့လာရတာက ကြိုတင် ပြင်ဆင်မှု အားနည်းခဲ့လို့လား၊ ဒါမှမဟုတ် အစိုးရရဲ့ ရောဂါ ကာကွယ်ရေးပြင်ဆင်မှုတွေမှာ ဘာတွေ အားနည်းခဲ့တယ် ဆိုတာကို မြေပြင်မှာ လက်တွေ့ ရင်ဆိုင်ခဲ့ရတဲ့အခြေအနေတွေပေါ်မူတည်ပြီး ဒေါက်တာမော်မော်ဦးက ခုလိုသုံးသပ်ပါတယ်။
"တော်တော်တော့နောင်တရစရာကောင်းတာပေါ့။ ဇွန်လနှောင်းပိုင်းမှာ case (လူနာသစ်) တွေက သိပ်မထွက်တော့ဘူး။ မထွက်တော့တဲ့အခါကျတော့ လူတွေက နေမြဲတိုင်း ပိုနေမြဲကျားနေမြဲပဲ။ Mask တပ်တဲ့လူတောင်တော်တော်ရှားရှားပါးပါးဖြစ်သွားတယ်။ စပြီးတော့ ကွန်ထရိုးလုပ်မယ်ဆို တဲ့အချိန်မှာလည်း ကျွန်တော်တို့က ရခိုင်မှာတော့ဖြစ်နေပြီ။ ဒါပေမဲ့ ရန်ကုန်က မကြောက်ကြသေးဘူး။ ခုရော ကြောက်လားဆိုတော့ တဖြည်းဖြည်းချင်း လမ်းပေါ်လူကျဲသွားတာတော့ရှိတယ်။ အဲဒီမှာ ကျွန်တော်တို့က ဘာအားနည်းသွားလဲဆိုတော့ ပြည်သူလူထုကို ဆက်တိုက်ပညာပေးလုပ်ပြီး ထိန်းချုပ်လာတဲ့ကိစ္စက လျော့တာတော့အမှန်ပဲ" လို့ ဒေါက်တာမော်မော်ဦးက ပြောပါတယ်။
ဒါ့အပြင် ဆေးရုံတွေမှာဆို သံသယလူနာတွေတောင်သိပ်မလာတော့ဘူးဆိုပြီး ကိုဗစ်မဟုတ်တဲ့လူနာတွေအတွက် ဒီအဆောင်တွေကို ပြန်သုံးမလားလို့ စဉ်းစားခဲ့သလို ခွဲစိတ်ခန်းတွေကိုလည်း ပြန်ဖွင့်ခဲ့တယ်လို့ သူက ပြောပါတယ်။
"အရမ်းမြန်လွန်းသွားတယ်။ ပြောရရင်တော့ ရန်သူက ရုတ်တရက်ဝင်တိုက်လိုက်တဲ့သဘောပေါ့။ ရခိုင်မှာထဖြစ်။ မကြာဘူး တစ်ရက်နှစ်ရက်ကြာ ရန်ကုန်ရောက်လာတဲ့သဘောပေါ့။ အဲဒီအချိန်မှာ ကျွန်တော်တို့ ပုံမှန်ကာကွယ်ရေးလုပ်တဲ့ဟာက ကျိုးပေါက်သွားတာပေါ့" လို့ ဒေါက်တာမော်မော်ဦးက ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်ကို တင်းတင်းကျပ်ကျပ် အဝင်အထွက်ပိတ်ဆို့ တားဆီးရေးလုပ်ဖို့လည်း နှောင့်နှေးကြန့်ကြာခဲ့တယ်လို့ သူက ဆိုပါတယ်။
အခုတော့ လူ ၇ သန်းကျော်နေထိုင်တဲ့ ရန်ကုန်မှာ မြို့နယ်အများစုက ပြည်သူတွေ နေအိမ်တွေမှာသာ နေကြဖိုနဲ့ အရေးပေါ်နဲ့ ကျန်းမာရေး ကိစ္စကလွဲပြီး ရန်ကုန်ပြင်ပကို ခရီးမထွက်ဖို့ အစိုးရက တားမြစ်ထားပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၀ ရွေးကောက်ပွဲ
ကပ်ရောဂါဖြစ်ပွားမှုမြင့်တက်နေချိန်နဲ့ တိုက်ဆိုင်စွာပဲ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးတွေ စတင်နေပါပြီ။ နိုင်ငံရေးပါတီတွေဟာ မဲဆွယ်စည်းရုံးရေးတွေလုပ်ရာမှာ တစ်ဦးနဲ့တစ်ဦး ၆ ပေ ခြားပြီး လူ ၅၀ ဦးထိ စုဝေးခွင့်ရှိတယ်လို့ ခွင့်ပြုထားပါတယ်။
တရားဝင်မဲဆွယ်ခွင့်ပြုတဲ့ စက်တင်ဘာ ၈ ရက်မှာပဲ နိုင်ငံရေးပါတီအသီးသီးရဲ့ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုပုံရိပ်တွေက လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ပါတီတွေဘက်က ကိုဗစ်ကာလ စည်းကမ်း ချက်တွေနဲ့အညီ မဲဆွယ်ဖို့ ကြိုးစားဆောင်ရွက်ကြတာတွေရှိသလို သတ်မှတ်အရေအတွက်ထက်ပိုတဲ့ လူစုလူဝေးဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေလည်း တစ်ချိန်တည်းလိုလို ထွက်ပေါ်လာခဲ့ပါတယ်။
ရောဂါကို တားဆီးဖို့ ပြင်ပမှာလူထုကြားထိတွေ့မှုတွေကို တားဆီးပေးဖို့လိုအပ်သလို ကပ်ရောဂါ ဖြစ်နေချိန်မှာ လူ ၅၀ အထိ စုဝေးခွင့်ပြုတာမျိုး ခွင့်မပြုသင့်ဘူးလို့ ကျန်းမာရေးအသိုင်းအဝိုင်းက ထောက်ပြလာပါပြီ။
တစ်ဖက်မှာလည်း ကပ်ရောဂါပျံ့နှံ့နေချိန် မဲဆွယ်စည်းရုံးရေးတွေမှာ ကန့်သတ်ချက်တွေရှိတာကြောင့် ရွေးကောက်ပွဲလွတ်လပ်တရားမျှတမှုကို စိန်ခေါ်မှုရှိလာနိုင်တယ်လို့ နိုင်ငံရေးပါတီတချို့က စိုးရိမ်လာကြပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဒီအခြေအနေကို ပြန်သုံးသပ်ဖို့ နိုင်ငံရေးပါတီတွေနဲ့ အမြန်ဆုံးတွေ့ဆုံဖို့လည်း အိတ်ဖွင့်စာပေးပို့တာတွေရှိ လာပါတယ်။
အတိုက်အခံပါတီတွေနဲ့ လေ့လာသုံးသပ်သူတွေ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေအများစု ကတော့ ရွေးကောက်ပွဲရွှေ့သင့်တယ်ဆိုတဲ့ဘက်က ဆွေးနွေးနေကြပါတယ်။
ရွေးကောက်ပွဲလွတ်လပ်ပြီး တရားမျှတဖို့အတွက် အန်အယ်လ်ဒီပါတီဟာလည်း တခြားပါတီတွေနည်းတူ ရွေးကောက်ပွဲမှာ အဟန့်အတားတွေ ကြုံနေရတာဖြစ်ပြီး အားလုံးတန်းတူ ခံစားကြုံတွေ့နေရတာဖြစ်တယ်လို့ ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။
ဒါပေမဲ့ တောင်ကိုရီးယားမှာ ကိုဗစ်ကာလရွေးကောက်ပွဲကို လူကိုယ်တိုင် မဲဆွယ်မစည်းရုံးဘဲ အွန်လိုင်းကနေ မဲဆွယ်ပြီး အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တဲ့သာဓက ရှိသလို လူတွေသန်းချီကူးစက်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာဆိုလည်း ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာတွေရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
ခုလက်ရှိအခြေအနေဟာ ထိန်းသိမ်းနိုင်တဲ့အဆင့်မှာ ရှိနေသေးတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတို့က ရွေးကောက်ပွဲရက်ရွှေ့ဖို့မပြောသေးတာလို့ သဘောပေါက်နားလည်ကြောင်းလည်း သူကပြောပါတယ်။
"တကယ်လို့ ဒီရောဂါက ထိန်းသိမ်းရခက်ခဲလာရင်တော့ သက်ဆိုင်ရာအာဏာပိုင်တွေက လိုအပ်တဲ့ညွှန်ကြားချက်တွေ ချမှာဖြစ်ပါတယ်။ အကယ်၍ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ်ဆိုရင် ကျွန်တော်တို့တခြားပါတီတွေနဲ့တန်းတူ လိုက်နာဖို့ပဲရှိပါတယ်" လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲကိုရွှေ့လိုက်လို့ ဖြစ်လာမယ့် အကျိုးဆက်တွေ၊ နောက်ပြီးတော့ ကျွန်တော်တို့ ထင်သလို ရောဂါက လပိုင်းလေးအတွင်း မထိန်းသိမ်းနိုင်ဘဲ အကြီးအကျယ် ဒါအတွက် အထူးလုံးပန်းရမယ့်အနေအထားဆိုရင် ကျွန်တော်တို့ ဖြစ်ပေါ်လာမယ့်နောက်ဆက်တွဲအခြေအနေ ဒါကို ဘယ်သူမှမပြောနိုင်ပါဘူး။ ဘာလို့ဆို ကိုဗစ်က နှစ်အတန်ကြာတဲ့အထိ ဆက်ရှိမယ်လို့ အားလုံးက သုံးသပ်ထားတာ ဖြစ်တယ်။ မသေချာတဲ့ အနာဂတ်တစ်ခုကို အလွယ်တကူ ရွှေ့တာထက် ပညာရှင်တွေကနေပြီး အချက်အလက်အပေါ်အခြေခံပြီးတော့ ဆုံးဖြတ်တာကိုတော့ ကျွန်တော်တို့က ပိုလိုလားပါတယ်" လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
ရွေးကောက်ပွဲလေ့လာတဲ့ နိုင်ငံတကာပညာရှင်တွေကတော့ ကပ်ရောဂါဖြစ်ပွားမှု မြင့်တက်နေချိန်မှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်တယ်လို့ အချက် ၅ ချက်နဲ့အကြံပြုတာတွေရှိကြောင်း တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းက ပြောပါတယ်။
ကပ်ရောဂါကာလမှာ ရွေးကောက်ပွဲကျင်းပတဲ့အခါ မဲလာပေးသူအရေအတွက် လျော့ကျတာ၊ မဲပေးသူလျော့ကျတာနဲ့အမျှ လိုအပ်တဲ့ အရေအတွက် မပြည့်မီတဲ့အခါ ရွေးကောက်ပွဲတရားဝင်မှုကို ထိခိုက်စေနိုင်တာ၊ ရောဂါအကာအကွယ်အတွက် ကျန်းမာရေးသုံးပစ္စည်းတွေ ထောက်ပံ့ပေးရတာကြောင့် ဘဏ္ဍာရေးအရ ပိုမိုကျခံသုံးစွဲရတာ စတာတွေဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို လေ့လာသုံးသပ်သူတွေအတွက် အပြည့်အ၀ လေ့လာခွင့်မရတာကြောင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့ ပွင့်လင်းမြင်သာမှုကို ထိခိုက်နိုင်တာနဲ့ ကပ်ရောဂါကာလဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူတွေကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ဆိုင်ရာ သင်တန်းပို့ချပေးမှုတွေမှာ အားနည်းနိုင်တာ တွေရှိတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲကျင်းပလိုသူတွေဘက်ကတော့ တောင်ကိုရီးယားရွေးကောက်ပွဲကို ဥပမာပေး ပြောကြားပေမယ့် တောင်ကိုရီးယားမှာ ရွေးကောက်ပွဲအမှန်တကယ်ကျင်းပချိန်မှာ ကပ်ရောဂါဖြစ်ပွားမှုကို ထိန်းထားနိုင်ခဲ့တဲ့ အခြေအနေမှာ ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
"ဒါကြောင့် ကျွန်တော်တို့ဆီမှာ ရွေးကောက်ပွဲကို ရွှေ့မယ်ဆိုရင် ဖေဖော်ဝါရီမှာ လွှတ်တော်က ငါးနှစ်သက်တမ်းကုန်မယ်။ အဲဒီမတိုင်ခင် ဇန်နဝါရီမှာလုပ်မယ်ဆိုရင်လည်း ဖြစ်ပါတယ်။ တကယ်လို့ အဲဒီ ဇန်နဝါရီထိပါ မထိန်းနိုင်လို့ မလုပ်နိုင်ဘူးဆိုရင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးထားချက်အရတော့ လက်ရှိ သမ္မတ၊ ဒုသမ္မတတွေနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေဟာ နောင်အစိုးရမတက်မချင်း အာဏာ ဆက်လက်ရယူထားနိုင်တဲ့အချက်ရှိပါတယ်။ ဒီအချက်ကို မူတည်ပြီး ကြားကာလမှာ နိုင်ငံကို တည်ငြိမ်အောင်ထိန်းပြီး ဆောင်ရွက်ဖို့ အားလုံးညှိနှိုင်း ဆောင်ရွက်လို့ရတဲ့လမ်းတစ်ခု ရှိနေပါတယ်" လို့ ကိုရဲမျိုးဟိန်းက ပြောပါတယ်။
ကိုဗစ်ကြောင့် ကမ္ဘာပေါ်မှာ ကျင်းပဖို့ရှိတဲ့ နိုင်ငံအဆင့်နဲ့ ဒေသအဆင့် ရွေးကောက်ပွဲပေါင်း ၁၀၀ ကျော်အနက် ၇၀ ကျော်ကို ရွှေ့ဆိုင်းခဲ့ရပြီး ရွေးကောက်ပွဲ ၅၀ ကျော်ကိုသာ မူလအတိုင်း ကျင်းပနိုင်ခဲ့တယ်လို့ တကောင်းအဖွဲ့ သုတေသနစာတမ်းက ဆိုပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ အချိန်လည်း သိပ်မလိုတော့ဘူး။ မဲဆွယ်ပွဲတွေလည်း မလုပ်နိုင်သလို ကူးစက်မှုတွေကလည်း တိုးပွားလာနေချိန် ဒီမိုကရေစီနဲ့ အခြေခံဥပဒေကို စောင့်ထိန်းရင်း ရွေးကောက်ပွဲ ဆက်လုပ်မလား၊ လူအများအတွက် ကပ်ဘေးရောဂါကြီး ကင်းဝေးတဲ့အထိစောင့်မလား၊ ကော်မရှင်က အဆုံးအဖြတ်တစ်ခုခု မကြာခင်လုပ်ရတော့မှာ ဖြစ်ပါတယ်။