စက်တင်ဘာ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံမှာ ပိုးတွေ့သူ ၁,၅၀၀ ကျော် ရှိပြီး ၂၄ ဦးသေဆုံး

ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ လူတစ်သိန်းကိုးသောင်းကျော်ကို ဓာတ်ခွဲစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာ ၃,၁၁၅ ဦး ရှိလာပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၄ ရက် မှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၇ ရက် ထုတ်ပြန်ချက်မှာ ပိုးတွေ့သူ ၁,၅၁၈ ဦးသာရှိလို့ စက်တင်ဘာလ ၁၄ ရက်နေ့ အထိ တစ်ပတ်အတွင်းမှာ ပိုးတွေ့သူ နှစ်ဆ အထိ တိုးလာခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာ ၁၄ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၈၀) ဦး တွေ့ရှိရပြီး သေဆုံးသူ ၃၂ ဦးအထိရှိလာပါတယ်။

စက်တင်ဘာ ၁၄ ရက် ညနေ ၃ နာရီခွဲ ထုတ်ပြန်ချက်အရ သေဆုံးသူက ၂၆ ယောက်သာရှိခဲ့တာပါ။ စက်တင်ဘာ ၇ ရက် ထုတ်ပြန်ချက်မှာ တုန်းက သေဆုံးသူ ၈ ဦးသာရှိခဲ့လို့ တစ်ပတ်အတွင်း ၂၄ ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီနေ့ ထုတ်ပြန်တဲ့ သေဆုံးသူ စာရင်းမှာ စစ်တွေ ဆေးရုံကလည်း ပါဝင်လာလို့ ရခိုင်မှာလည်း ပထမဆုံး ကိုဗစ် သေဆုံး လူနာ ရှိလာတာ ဖြစ်ပါတယ်။

တစ်ပြိုင်တည်းမှာပဲ ပြန်သက်သာလာလို့ဆေးရုံဆင်းရသူ ၇၉၀ ဦးရှိခဲ့သလို စောင့်ကြည့်လူနာက ကိုးထောင်ကျော်အထိရှိနေပါတယ်။

ပိုးစတွေ့တဲ့ မတ်လ ကစလို့ သြဂုတ် ၁၉ ရက်အထိ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာက ၃၇၉ ဦးပဲရှိခဲ့ပေမဲ့ သြဂုတ် လကုန်မှာတော့ ၇၈၇ ဦးအထိရှိခဲ့လို့ ဆယ်ရက်အတွင်း နှစ်ဆတက်ခဲ့ပြီး အဲဒီနောက်ပိုင်း ပိုးတွေ့နှုန်း ဆက်တိုက် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကူးစက်မှုတွေတက်လာခဲ့တာဟာ ရခိုင်ပြည်နယ် စစ်တွေကနေ ဒေသတွင်း ကူးစက်မှုပြန်စရာကဖြစ်ပြီး ဗိုင်းရပ်စ်ဟာ ကူးစက်မြန်အဖြစ် အသွင်ပြောင်းသွားခဲ့ပါတယ်။

တစ်နိုင်ငံလုံးမှာ ရန်ကုန်ကတွေ့ရှိမှု အများဆုံးဖြစ်ပြီး ကူးစက်မှုမရှိသေးတဲ့ တစ်ခုထဲသော ပြည်နယ်ကတော့ ကယားပြည်နယ်ပဲဖြစ်ပါတယ်။

ကူးစက်မှုတွေ တက်လာလိမ့်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက တွက်ဆထားပြီး လာမယ့် နှစ်ပတ်သုံးပတ်အထိ အိမ်ထဲမှာပဲ ဆက်နေပြီး မလိုအပ်ဘဲ အပြင်မထွက်ဖို့ တိုက်တွန်းထားပါတယ်။

"လက်ရှိ အနေအထားက လက်မြှောက် အရှုံးပေးရမယ့် အနေအထား မဟုတ်ဘူး..." လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။

လူနာတွေတိုးလို့ နေရာသစ်တွေပြင်ဆင်

ရန်ကုန်က ကိုဗစ်ကုသပေးနေတဲ့ ဆေးရုံတွေမှာ ၉၅ ရာခိုင်နှုန်းအထိပြည့်သွားပြီလို့ ကျန်းမာရေး ဘက်က တာဝန်ရှိသူတွေက ထုတ်ဖော်ပြောထားပြီး တပြိုင်တည်းမှာပဲ COVID-19 ကုသရေးဌာန (ဖောင်ကြီး) မှာ လူနာဆောင်တွေ ထပ်တိုးချဲ့နေပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူတွေ သီးသန့်နေထိုင်ဖို့လည်း အဆောင်တွေရှာဖွေနေတယ် ဆိုပါတယ်။

လူနာတွေကို ကိုင်တွယ်ကုသမှုပေးနေတဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေဟာ ရောဂါကူးစက်ခံ ရနိုင်ခြေ မြင့်မားလို့ အိမ်ပြန်ရင် မိသားစုဝင်များထံ ရောဂါကူးစက်နိုင်ခြေရှိလို့ ဒီလိုစီစဉ်တာလည်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ ရိုးမအိမ်ရာမှာ ရောဂါလက္ခဏာ မရှိသူနဲ့ သာမန်ရောဂါလက္ခဏာသာရှိတဲ့ COVID-19 လူနာတွေကိုထားရှိနေတာ လူ ၂,၅၀၀ အထိရှိနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ ဖောင်ကြီးက ရောဂါလက္ခဏာ မရှိသူနဲ့ သာမန်ရောဂါလက္ခဏာသာရှိတဲ့ COVID-19 လူနာတွေကို ရိုးမအိမ်ရာကိုပို့ပြီး ဖောင်ကြီးမှာ ထပ်တိုးလာမယ့် လူနာသစ်တွေကိုကုသပေးဖို့စီစဉ်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဧရာဝတီဖောင်ဒေးရှင်းရဲ့ ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံဘောလုံးအကယ်ဒမီနေရာမှာလည်း လူ ၂၀၀ ဆန့် ယာယီဆေးရုံ (Hospital Tent) တွေဆောက်နေတာ ရက်ပိုင်းအတွင်းပြီးစီးတော့မှာဖြစ်ပါတယ်။

တက္ကသိုလ်များဆေးရုံကိုလည်း COVID-19 လူနာတွေထားရှိဖို့စီစဉ်နေပြီလို့ သိရပါတယ်။

ပုဂ္ဂလိကဆေးရုံတွေမှာလည်း ကိုဗစ်လူနာတွေကုသဖို့ ဆွေးနွေးပြီးသွားပြီဖြစ်ပြီး ဆွေးနွေးချက်တွေကို ကိုဗစ်ဗဟိုကော်မတီကိုတင်ပြထားပါတယ်။

အိမ်မှာနေပြီးကုဖို့တိုက်တွန်းချက်တွေ ကျန်းမာရေးပိုင်းကစိတ်ပျက်

လူနာတွေ တောက်လျှောက် ထိုးတက်လာလို့ နေရာသစ်တွေရှာဖွေနေစဉ်မှာပဲ ရောဂါလက္ခဏာပြလာလို့ ဆေးရုံမသွားချင်ရင် အိမ်မှာဘယ်လိုနေမလဲဆိုတဲ့ ရေးသားမှုတွေကို ဖေ့ဘုတ်မှာ ဖြန့်ဝေလာကြပါတယ်။

အဲ့ဒီလိုရေးသားချက်တွေအပေါ် ကျန်းမာရေးဝန်ကြီးဌာနဘက်က စိုးရိမ်ခဲ့ပြီး ဒါဟာ ကုသရေး လုပ်ငန်းစဉ်ကို လမ်းလွဲအောင်လုပ်နေတယ်လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

'ဒီလိုရေးသားဖြန့်ဝေမှုတွေက အတင်းလက်နက်ချခိုင်းသလိုဖြစ်နေတယ်' လို့ ဒေါက်တာက ပြောပြီး လူနာတွေကိုဆေးရုံက မနိုင်တော့လို့ ပြန်လွှတ်ရတဲ့ အခြေအနေမရောက်သေးဘူးလို့ဆိုပါတယ်။

နောက်ထပ် နှစ်ပတ်၊သုံးပတ်လောက် အိမ်ပြင်မထွက်ဘဲ နေကြရင် အခု ကူးစက်မှုနှုန်းက ထိုးဆင်းသွားလိမ့်မယ်လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

ခရီးမထွက်ရအမိန့်နဲ့ ကုန်စည်စီးဆင်းမှု မပြတ်တောက်ရေး

ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကျန်းမာရေးနဲ့အရေးကြီး ကိစ္စကလွဲလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခရီးမထွက်ရအမိန့်ထုတ်ထားပါတယ်။

ကူးစက်မှု အများဆုံးဖြစ်နေတဲ့ ရန်ကုန်ကနေ စက်တင်ဘာလကုန်အထိ တိုင်းအပြင်မထွက်ဖို့ အစိုးရက ညွှန်ကြားချက်ထုတ်ထားပါတယ်။

ဒီအမိန့်တွေထုတ်အပြီးမှာပဲ လေကြောင်းနဲ့အဝေးပြေးကားလိုင်းတွေလည်း စက်တင်ဘာလကုန်အထိ ရပ်တန့်ထားပါတယ်။ ဒါပေမဲ့ အစိုးရက ကုန်စည်စီးဆင်းမှုမပြတ်တောက်အောင်ကုန်ကားတွေကို ဖြတ်သန်းခွင့်ပြုဖို့ ညွှန်ကြားပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကုန်စည်ဖြတ်သန်းမှုအချက်အချာဖြစ်တဲ့ မန္တလေးတိုင်းကတော့ ရန်ကုန်နဲ့ရခိုင်ပြည်နယ်က လာတဲ့ကုန်တင်ကားတွေကို သွားရောက် ခွင့်မပြုတဲ့အတွက် ရမည်းသင်းမြို့နယ်မှာ ကုန်တင်ကားအစီး ၇၀၀ လောက်ပိတ်မိနေခဲ့ပါတယ်။

ရန်ကုန်နဲ့ရခိုင်ပြည်နယ်ကလာတဲ့ ကုန်ကားတွေမှာတဲ့ ယာဥ်မောင်းနဲ့ယာဥ်နောက်လိုက်တွေကို လဲလှယ်ပြီးမှ သာ မန္တလေးတိုင်းထဲ ဝင်ခွင့်ပြုမှာဖြစ်ပါတယ်။

ဒီကိစ္စကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညှိနှိုင်းပေးဖို့ရှိနေပါတယ်။

JJ Express ယာဥ်လိုင်း ပိုင်ရှင် ဦးမြင့်ဦးက တရုတ်နိုင်ငံကနေ တင်ပို့တဲ့ နှာခေါင်းစည်းအပါအဝင် ကျန်းမာရေးပစ္စည်းတွေဟာ နေ့စဉ်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကို ဖြန့်ဝေနေရတာဖြစ်လို့ ကုန်စည် စီးဆင်းမှုမပြတ်တောက်အောင် အစိုးရအနေနဲ့ တိတိကျကျ ညွှန်ကြားသင့်တယ်လို့ အကြံပြုပါတယ်။