"မနက်ပိုင်းနဲ့ ညနေပိုင်း ရုံးတက် ရုံးဆင်းချိန်တွေမှာ ဆိုရင် Social Distancing လူတွေ ခပ်ခွာခွာနေဖို့ ပေါ့နော်၊ အဲဒါကတော့ ကျွန်တော်တို့ လုပ်ရတာ ခက်ပါတယ်" (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်

ဓာတ်ပုံ ရင်းမြစ်, MPA
ကိုဗစ်ကပ်ရောဂါ တစ်ကျော့ပြန်အရှိန်မြင့်လာချိန်မှာ ရန်ကုန်ဟာ အတည်ပြုလူနာအများဆုံးနဲ့ ရက်ဆက်ကြုံနေရပါတယ်။ မြို့တွင်းက မြို့နယ် အများစုက ပြည်သူတွေကို (အလုပ်သွားသူများမှ အပ) အိမ်မှနေကြပါ (Stay at Home) လို့ အစိုးရက ထုတ်ပြန်ထားရသလို အောက်တိုဘာ ၁ရက်နေ့အထိ ရန်ကုန်ကနေ ပြည်တွင်းခရီးထွက်တာတွေကိုပါ အမိန့်ထုတ်ပြန်ပြီး တားမြစ်ထားပါတယ်။
ဒါပေမဲ့ အလုပ်သွားနေကြရတဲ့ပြည်သူအများစုက အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေ ဖြစ်တဲ့ YBS ဘတ်စ်ကားတွေကို အားထားက ခရီးသွားနေကြရပါတယ်။ ဒီအခြေအနေတွေကြား ကူးစက်မှုတွေမဖြစ်စေဖို့ YBS ကားတွေကို စီးနင်းသူတွေအနေနဲ့ နှာခေါင်းစည်း (Mask) မတပ်ပါက ကားပေါ်ပေးမတက်ဖို့ ညွှန်ကြားလိုက်ပြီလို့ ဆိုပါတယ်။
တကယ် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ပါ့မလား၊ ကားပေါ်မှာ လူတွေကျပ်နေတာကိုကော ဘယ်လို ဖြေရှင်းနေကြပါသလဲ။ ဒီအကြောင်းတွေသိရအောင် ရန်ကုန်တိုင်း ဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ရဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကို ဘီဘီစီသတင်းထောက်မဝင်းစန္ဒာဦးက ဆက်သွယ်ကာ နှာခေါင်းစည်း (Mask) တပ်စေတဲ့ စည်းမျဉ်းအကြောင်းစမေးပါတယ်။
ဒေါက်တာမောင်အောင် (YRTA) - ကားအတက် တံခါးမှာ Mask တပ်ဖို့ သတိပေးစာကပ်ထားသလို၊ ယာဉ်မောင်းတွေကိုလည်း မှာထားပါတယ် Mask မပါရင်တော့ အတက်မခံ ဖို့ပေါ့လေ။
ဘီဘီစီ - ယာဉ်မောင်းတွေကိုကော ဒါနဲ့ ပတ်သက်လို့ တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖို့ ……
ဒေါက်တာမောင်အောင် (YRTA) - ပြောထားပါတယ်။ လိုင်းတွေက တစ်ဆင့် ယာဉ်မောင်းတွေကို ပြောထားပါတယ်။ ဒါတွေတော့ လုံးဝ လျှော့လို့ မရဘူးဆိုတာပြောထားပါတယ်။ ဒီအချိန်မှာ ဒါအရေးအကြီးဆုံးပဲလေ။ ကျွန်တော်တို့ ဆောင်ပုဒ်က တစ်ဦးချင်း ကာကွယ်မှ အားလုံးကို ကာကွယ်မယ်ဆိုတဲ့ သဘောပေါ့နော်။ YBS က ခင်ဗျားတို့ သိတဲ့အတိုင်း ရပ်လို့မှ မဖြစ်တာ၊ ဒီတော့ Risky (အန္တရာယ်များတဲ့) နေရာတွေထဲ YBS က ပါပါတယ်။ ဒါကြောင့် ဒီဟာကိုတော့ ကျွန်တော်တို့ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေပါတယ်။
ဘီဘီစီ - ကိုဗစ် ကူးစက်မှုက ရန်ကုန်မှာ အမြင့်ဆုံးဖြစ်နေတယ်။ ရန်ကုန်က လူဦးရေ အထူထပ်ဆုံးလည်းဖြစ်တယ်။ လူတွေက YBS တွေပေါ်မှာ ဥပမာ - ရုံးတက်ချိန်တွေဆိုရင် တိုးတိုးကျိတ်ကျိတ်သွားရတာမျိုးတွေရှိတယ်။ ဆိုတော့ YBS ပေါ်ကနေ ရောဂါကူးစက်တာတွေ မဖြစ်လာအောင် Mask တပ်ဖို့ စည်းမျဉ်းအပြင် တခြားဘာတွေ လုပ်ဆောင်ထားတာတွေ ရှိပါလဲရှင့်။
ဒေါက်တာမောင်အောင် (YRTA) - ကျွန်တော်တို့ကတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ညွှန်ကြားထားတာတွေကို လိုက်နာပါတယ်။ ဥပမာ- ယာဉ်မောင်းတွေ လိုက်နာရမယ့် စည်းမျဉ်းတွေရှိတယ်၊ ယာဉ်လိုင်းတွေကို ချုပ်ကိုင်ထားတဲ့ ကုမ္ပဏီတွေက လိုက်နာရမယ့်ဟာတွေ ရှိတယ်။ ယာဉ်မောင်းတွေ ဆိုရင် လက်အိတ်စွပ်ဖို့၊ မျက်နှာဖုံးတပ်ဖို့၊ Hand Gel သုံးဖို့၊ စသဖြင့်ပေါ့။ နောက်ပြီး ခရီးသည်တွေလိုက်နာရမှာတွေကိုလည်း သတ်မှတ်ထားပါတယ်။ တစ်ခု ခြွင်းချက်ရှိနေတာ မနက်ပိုင်းနဲ့ ညနေပိုင်း ရုံးတက် ရုံးဆင်းချိန်တွေမှာ ဆိုရင် Social Distancing လူတွေ ခပ်ခွာခွာနေဖို့ ပေါ့နော်၊ အဲဒါကတော့ ကျွန်တော်တို့ လုပ်ရတာ ခက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဘီဘီစီ - အခုနက ပြောတဲ့ ရုံးတက် ရုံးဆင်းချိန်ဆိုရင် ပိုပြီးတော့ လူကျပ်တယ်၊ ဆိုတော့ လူစီးများတဲ့ အဲဒီအချိန်တွေ ဆိုရင် ပုံမှန်ပြေးဆွဲတဲ့ ကားထက် (အရေအတွက်) ပိုတိုးပြီး ဆွဲတာမျိုးမဖြစ်နိုင်ဘူးလား။
ဒေါက်တာမောင်အောင် (YRTA) - ပွင့်ပွင့်လင်းလင်းပြောရင်တော့ ကားကလည်း ခရီးသည်ရှိမှ ကိုက်တာ၊ အခုက အရှုံးခံ ဆွဲနေရတာ။ ကျွန်တော်တို့နိုင်ငံနဲ့ တခြားနိုင်ငံမတူတာက တခြားနိုင်ငံတွေမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေး (Public Transport) ဆိုတာက အစိုးရက တာဝန်ယူပေးတာ။ ဘတ်စ်ကားတွေက စီအန်ဂျီ (CNG) ဖိုးရှိတယ်၊ ဒရိုင်ဘာဖိုး ပေးရမယ်၊ Management စားရိတ် ဒါတွေရှိတယ်။ ကြာရင် ကုမ္ပဏီတွေက ရပ်တည်နိုင်ဖို့ အတော်ခက်တယ်။ ကျွန်တော်တို့ YRTA အနေနဲ့ အတတ်နိုင်ဆုံးတော့ ပံ့ပိုးပေးနေတာပါ၊ ဒါပေမဲ့မလွယ်ဘူး။ (ကိုဗစ်စဖြစ်လာကတည်းက) ကုမ္ပဏီတွေ ဝန်ထမ်းအင်အားလျှော့ထားရတယ်၊ အခုက (ကိုဗစ်) တစ်ခါပြန်ဖြစ်လာတာနဲ့ ကြုံရတော့ သူတို့လည်း ရပ်တည်နိုင်အောင် ကျွန်တော်တို့ဘက်က ထည့်စဉ်းစားပေးရတာတွေ ရှိတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဘီဘီစီ - အခုလက်ရှိကာလမှာ ကားစီးရေ ဘယ်လောက် လောက် ပြေးဆွဲပေးနေလဲရှင့်။
ဒေါက်တာမောင်အောင် (YRTA) - ကျွန်တော်သိသလောက်က ၃, ၀၀၀ ဝန်းကျင်လောက်ပဲ၊ ဟိုတနေ့ကဆိုရင် ၂, ၈၅၀ လောက်ပေါ့နော်။ စီးတဲ့ ခရီးသည်က စစ်တွေမှာ ပိုးကူးစက်တာမျိုး မဖြစ်ခင်လောက်က ဆိုရင် ၁၁ သိန်းကျော် အထိ ပြန်တက်လာခဲ့တယ်။ အခုက စီးတဲ့သူ ပြန်ကျသွားပြီ။ ဟိုနေ့ကဆို စီးတဲ့သူ ၅ သိန်းခွဲ လောက် ရှိတယ်။ ခေါက်ချိုးလောက် ကျသွားတာ။ ဒါပေမဲ့ ကားစီးရေ က ခေါက်ချိုး မကျသွားပါဘူး။
ဘီဘီစီ - ပုံမှန်ဆိုရင် ကားစီးရေ ဘယ်လောက် လောက် ပြေးဆွဲလေ့ရှိပါသလဲ။
ဒေါက်တာမောင်အောင် (YRTA) - (ဟိုးအရင်) ပုံမှန် ဆိုရင် ကားစီးရေက ၄, ၀၀၀၊ ၄, ၅၀၀ လောက်ပုံမှန်ဆွဲတယ်။ စီးတဲ့ ခရီးသည်ကလည်း ပုံမှန်အချိန် ဆိုရင် ၁ သန်းနဲ့ ၈ သိန်းလောက် ပုံမှန်ရှိတယ်။ အဲဒီလောက်ပေါ့နော်။








