ဂျပန်ဝန်ကြီးချုပ်နေရာ ဆက်ခံမယ့်သူအဖြစ် မစ္စတာ ယိုရှိဟိဒဲ ဆုဂ ကို ရွေးချယ်

ယိုရှိဟိဒဲ ဆုဂ ဟာ စတော်ဘယ်ရီစိုက် တောင်သူမိဘတွေက မွေးဖွားလာသူဖြစ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ယိုရှိဟိဒဲ ဆုဂ ဟာ စတော်ဘယ်ရီစိုက် တောင်သူမိဘတွေက မွေးဖွားလာသူဖြစ်
ရေးသားခဲ့သည်။

ဂျပန်အာဏာရပါတီက ရှင်ဇိုအာဘေးရဲ့ နေရာကိုဆက်ခံဖို့အတွက် ယိုရှိဟိဒဲ ဆုဂ ကို ရွေးချယ်လိုက်ကြပါတယ်၊ သဘောကတော့ သူဟာ မကြာခင် နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာမှာပါ။

မစ္စတာ အာဘေးဟာ သူ့ ကျန်းမာရေး မကောင်းဘူးလို့ ဆိုကာ ပြီးခဲ့တဲ့လအတွင်းက ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

မဲပေးမရွေးခင်ကတည်းက မစ္စတာ ဆုဂ အဲဒီနေရာကိုရမယ်လို့ အများကမှန်းဆခဲ့ကြပြီး အသက် ၇၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ သူဟာ လက်ရှိအစိုးရအတွင်း ဝန်ကြီးအဖွဲ့အတွင်းရေးမှူးတာဝန်ကို ယူထားတာပါ။

မစ္စတာ ဆုဂဟာ မစ္စတာအာဘေးရဲ့ အနီးကပ် မဟာမိတ်တစ်ယောက်ဖြစ်ပြီး သူချမှတ်ထားခဲ့တဲ့ မူဝါဒတွေ အတိုင်းဆက်လက်ဆောင်ရွက်သွားမယ်လို့ မှန်းဆခံရသူပါ။

ရှေးရိုးစွဲနိုင်ငံရေးအမြင်ရှိတဲ့ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) က လွှတ်တော် အမတ်တွေ၊ ဒေသဆိုင်ရာကိုယ်စားလှယ်တွေ ပါတီဥက္ကဋ္ဌကို ရွေးချယ်ကြရာမှာ မဲပေါင်း ၅၃၄ မဲမှာ မစ္စတာ ဆုဂက ၃၇၇ မဲနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။

သူ့အပြင် ဥက္ကဋ္ဌနေရာကို ယှဉ်ပြိုင်အရွေးခံသူ နောက် နှစ်ယောက်ရှိပြီး အဲဒီသူတွေကတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖုမီအို ကီရှီဒါနဲ့ တစ်ခါတုန်းက ကာကွယ်ရေးဝန်ကြီးလုပ်ခဲ့ပြီး LDP ပါတီ အထွေထွေအတွင်းရေးမှူးဟောင်းဖြစ်သူ ရှီဂျီရု အီရှီဘ တို့ဖြစ်ပါတယ်။

ရှီဂျီရု အီရှီဘ( ဘယ်အစွန်)၊ ယိုရှိဟိဒဲ ဆုဂ၊ ဖုမီအို ကီရှီဒါ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရှီဂျီရု အီရှီဘ( ဘယ်အစွန်)၊ ယိုရှိဟိဒဲ ဆုဂ၊ ဖုမီအို ကီရှီဒါ

အခု LDP ပါတီက သူတို့ခေါင်းဆောင်သစ်ကို ရွေးချယ်လိုက်တာဖြစ်ပြီး၊ ဗုဒ္ဓဟူးနေ့ကျရင် လွှတ်တော်မှာ ဝန်ကြီးချုပ်ကို ရွေးချယ်ဖို့ မဲပေးကြမှာပါ။ လွှတ်တော်မှာလည်း LDP ပါတီက အမတ်အများစုရှိတာမို့ မစ္စတာ ဆုဂ ဝန်ကြီးချုပ်ဖြစ်လာဖို့က သေချာသလောက်ပါပဲ။

အခုအစိုးရသက်တမ်းက ၂၀၂၁ စက်တင်ဘာမှာလုပ်မယ့် ရွေးကောက်ပွဲအထိဖြစ်ပြီး မစ္စတာ ဆုဂ ဟာ အဲဒီအချိန်အထိ ဝန်ကြီးချုပ်တာဝန်ယူရဖွယ်ရှိပါတယ်။

ယိုရှိဟိဒဲ ဆုဂ က ဘယ်လိုလူပါလဲ

စတော်ဘယ်ရီစိုက်တောင်သူမိဘတွေက မွေးဖွားလာတဲ့ မစ္စတာ ဆုဂဟာ ဝါရင့်နိုင်ငံရေးသမားပါ။

ဝန်ကြီးအဖွဲ့အတွင်းရေးမှူး တာဝန်ကိုရထားသူမို့ ၂၀၂၁ ရွေးကောက်ပွဲထိ သက်တမ်းရှိတဲ့ ကြားကာလအစိုးရကို သူဆက်လက် သယ်ဆောင်သွားနိုင်မယ်လို့ အများကမှန်းဆကြပါတယ်။

"ရှင်ဇို အာဘေးနဲ့ တခြားပါတီခေါင်းဆောင်တွေက မစ္စတာ ဆုဂကို သေသေချာချာ ရွေးချယ်ခဲ့ကြတာပါ၊ ဘာလို့လဲဆိုတော့ သူက ဆက်သယ်သွားနိုင်မယ့် အကောင်းဆုံးလူမို့ပါ၊ အာဘေးမရှိတဲ့နောက် အာဘေးအစိုးရ လို ဆက်လက် လုပ်သွားနိုင်ဖို့က သူ့လို လူမျိုးဖြစ်မယ်လို့ ခေါင်းဆောင်တွေက မြင်ကြပါတယ်" လို့ တိုကျို ဆိုဖီယာ တက္ကသိုလ်က ပါမောက္ခချုပ်လည်းဖြစ် နိုင်ငံရေးသိပ္ပံ ဘာသာရပ် ပါမောက္ခလည်းဖြစ် ကိုအီချီ နာကာနိုက ဘီဘီစီကို ပြောပါတယ်။

မစ္စတာ ဆုဂဟာ အားအင်အပြည့်နဲ့ တက်တက်ကြွကြွရှိသူလို့ မဆိုနိုင်ပေမဲ့ သူဟာ လက်တွေ့ဆန်ပြီး စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ လုပ်နိုင်သူဆိုတဲ့ ဂုဏ်ရည်တွေရှိပါတယ်။

သူရဲ့ အထင်ရှားဆုံး လူသိများတဲ့အဖြစ်တွေထဲက တစ်ခုကတော့ ၂၀၁၉ ခုနှစ်အတွင်း ထီးနန်းစွန့်သွားတဲ့ အင်ပါယာ အာကီဟီတိုက သူ့အရိုက်အရာကို သားဖြစ်သူ နာရုဟီတိုကို လွှဲပြောင်းပေးစဉ်ကပါ။ အဲဒီအချိန်က မစ္စတာ ဆုဂဟာ ဂျပန်နိုင်ငံသားတွေနဲ့ ကမ္ဘာအနှံ့ကပြည်သူတွေဆီကို အင်ပါယာ နာရုဟီတိုရဲ့ ရိုင်ဝါ ကာလ (Reiwa era) ရောက်လာပြီဆိုတာကို ကြေညာရသူပါ။

ဂျပန်ရဲ့ ကာလသစ် တခုကို ကြေညာခဲ့တဲ့နောက် သူ့ကို လူတွေက "အန်ကယ် ရိုင်ဝါ (Uncle Reiwa)" လို့ ခေါ်ခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂျပန်ရဲ့ ကာလသစ် တခုကို ကြေညာခဲ့တဲ့နောက် သူ့ကို လူတွေက "အန်ကယ် ရိုင်ဝါ (Uncle Reiwa)" လို့ ခေါ်ခဲ့ကြ

ဘာတွေ မျှော်လင့်နိုင်မလဲ

မစ္စတာအာဘေးရဲ့ စီးပွားရေးပေါ်လစီတွေလို့ ရည်ညွှန်းကြတဲ့ "အာဘေးနော်မစ် (Abenomics)" ကို မစ္စတာ ဆုဂက ဆက်လက် အကောင်အထည်ဖော်သွားမယ်ဆိုတာ ကတိပြုခဲ့ပါတယ်။ မစ္စတာ အာဘေးရဲ့ စီးပွားရေးပေါ်လစီကတော့ ငွေကြေးမူဝါဒတွေ လျော့ချပေးတာ၊ ဘဏ္ဍာရေးသုံးစွဲမှုနဲ့ စီးပွားရေးဌာနတွေ ဖွဲ့စည်းမှု အပိုင်း၊ စည်းမျဉ်းပိုင်းတွေကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်တာ စတာတွေ ဖြစ်ပြီး ဂျပန်ကို ကမ္ဘာ့ တတိယစီးပွားရေး အင်အားအကြီးဆုံးဖြစ်လာအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ မစ္စတာဆုဂဟာ သူ့အရင် ခေါင်းဆောင်လိုပဲ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်အရေးကို ရင်ဆိုင် ဖြေရှင်းရဦးမှာပါ။

အခုပါတီတွင်း ရွေးချယ်တင်မြှောက်ပွဲမတိုင်မီက မစ္စတာဆုဂဟာ ကိုဗစ် - ၁၉ ဆေးစစ် စမ်းသပ်ပေးတာကို ပိုကျယ်ပြန့်အောင် လုပ်ပေးမယ်၊ ၂၀၂၁ ခုနှစ် ပထမ ၆ လအတွင်း ဂျပန်အတွက် ကာကွယ်ဆေးရအောင် လုပ်ပေးမယ် လို့ ကတိတွေပေးခဲ့ပါတယ်။

ဒါ့အပြင်သူက အနိမ့်ဆုံးလုပ်ခတွေ မြှင့်ပေးမယ်၊ စိုက်ပျိုးရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေးနဲ့ ခရီးသွားကဏ္ဍတွေကို မြှင့်တင်ပေးမယ် လို့လည်း ပြောခဲ့ပါတယ်။

နိုင်ငံခြားရေးမူဝါဒမှာလည်း သူဟာ မစ္စတာ အာဘေးရဲ့ ခြေရာအတိုင်းလိုက်မယ့်သူလို့ မှန်းဆကြပြီး ရေရှည်မဟာမိတ်ဖြစ်တဲ့ အမေရိကန်နဲ့ ဆက်လက်လက်တွဲသွားမှာဖြစ်သလို၊ တရုတ်နဲ့ တည်ငြိမ်တဲ့ ဆက်ဆံရေးကိုလည်း ထိန်းသိမ်းသွားမယ့်ပုံရှိပါတယ်။

ဂျပန်နိုင်ငံလည်း ကမ္ဘာ့ကပ်ကြောင့် စီးပွားရေး ကျဆင်းမှုနဲ့ ရင်ဆိုင်နေရတာဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျပန်နိုင်ငံလည်း ကမ္ဘာ့ကပ်ကြောင့် စီးပွားရေး ကျဆင်းမှုနဲ့ ရင်ဆိုင်နေရတာဖြစ်

ဂျပန်ရဲ့ နိုင်ငံရေး အမြင်

ဂျပန်မှာ အခက်အခဲကာလ ဆိုက်နေတဲ့အချိန် ခေါင်းဆောင်မှုအပြောင်းအလဲကို ကြုံရတာပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် စံချိန်တင် စီးပွားရေး ထိုးဆင်းနေရာကနေ ပြန်အခြေအနေကောင်းလာအောင် ဂျပန်ဟာ ရုန်းကန်နေရတာပါ။

မစ္စတာအာဘေး သူ့ပေါ်လစီနဲ့ ဂျပန်စီးပွားရေးကို နိုးထလာအောင် ရေရှည် လုပ်ဆောင်လာခဲ့တာတွေက အလုပ်ဖြစ်လာနေပေမဲ့ ကပ်ဘေးကြောင့် ထိခိုက်ခဲ့ပါတယ်။ ဂျပန်စီးပွားရေးဟာ အရင်တုန်းကာလက တန့်နေတာ၊ ကျသွားတာ၊ နည်းပါးတဲ့ တိုးတက်မှုနှုန်းဖြစ်နေတာက နှစ်ရှည်ကြာစွာရှိခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီးကတည်းက ချမှတ်ထားခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဂျပန်ဟာ စစ်ဆန့်ကျင်ရေးဝါဒကို ထည့်ခဲ့ပြီး မစ္စတာ အာဘေးက လက်ရှိအခြေအနေတွေ အရ အဲဒါကို ပြောင်းလဲဖို့ လုပ်နေခဲ့ပါတယ်။ လက်ရှိဖွဲ့စည်းပုံအရ ဂျပန်စစ်တပ်သာ ကိုယ့်ဘာသာကိုယ် ကာကွယ်ရေးအတွက် ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့သာဖြစ်ပြီး နိုင်ငံတကာ စစ်ရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်လို့ မရအောင် ပိတ်ပင်ကန့်သတ်ခံထားရပါတယ်။

ဒီလို စီမံချက်တွေအားလုံး မစ္စတာ ဆုဂ အစိုးရက တည်တည်ငြိမ်ငြိမ်နဲ့ဆောင်ရွက်သွားရမှာပါ။

ဒါပေမဲ့ သူ့ရဲ့ ဝန်ကြီးအဖွဲ့အတွင်းရေးမှူးကာလကို ကြည့်ရင်း ပါမောက္ခ နာကာနိုက သူဟာ "ရှေ့ကို မျှော်ရည်ကြည့်တဲ့ အမြင်တော့ အတော်ချွတ်ယွင်းတယ်" လို့ ဆိုပါတယ်။

"ကိုယ်ထူကိုယ်ထ လုပ်ကြ၊ အပြန်အလှန် ကူကြ၊ ပြည်သူက ကူကြ စတဲ့ ကြွေးကြော်သံတွေပဲ ပြောနေတယ်။ လူအမြောက်အမြား စီးပွားရေးအရ အကာအကွယ်မဲ့ဖြစ်နေတဲ့ ကမ္ဘာ့ကပ်လို ကာလအတွင်းမှာ လစ်ဘရယ် လက်သစ်တွေလို ကိုယ်ထူ ကိုယ်ထ လုပ်၊ ကိုယ့်ဘာသာကိုယ် တာဝန်ယူကြ ဆိုတာမျိုးကို ပြောနေတာလေ။"

၂၀၂၁ စက်တင်ဘာမှာ ဒိုင်ယက် အောက်လွှတ်တော်အတွက် အထွေထွေရွေးကောက်ပွဲ အသစ်လာမှာဖြစ်ပြီး အဲဒီအချိန်မတိုင်မီ LDP ပါတီအတွင်း နောက်ထပ် ခေါင်းဆောင်သစ် ရွေးချယ်ပွဲတစ်ပွဲ ဖြစ်လာနိုင်သေးတယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

စောင့်ကြည့်လေ့လာသူတွေက အဲဒီအခါကျရင်တော့ ကြားကာလကို ဆက်လက်သယ်ဆောင်ဖို့ ခေါင်းဆောင်ရွေးတာထက် ရွေးကောက်ပွဲမှာ အနိုင်ရန်နိုင်တဲ့ ခေါင်းဆောင်ကိုရွေးဖို့ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။