အထက်တန်းကျောင်းတွေ ပြန်ပိတ်ပြီး အလယ်တန်းတွေဖွင့်ရက် နောက်ထပ်ဆုတ်

ဓာတ်ပုံ ရင်းမြစ်, YeMyo/MPA
ကိုဗစ်အမျိုးသားအဆင့်ဗဟိုကော်မတီကလမ်းညွှန်လို့ မြန်မာတစ်နိုင်ငံလုံးက အထက်တန်းကျောင်းတွေကို ပြန်ပိတ်လိုက်ပြီး စက်တင်ဘာလအတွင်းဖွင့်လှစ်မယ့် အခြေခံပညာ အလယ်တန်းကျောင်းဖွင့်ရက်တွေကို နောက်ဆုတ်လိုက်တယ်လို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဘီဘီစီကို ပြောပါတယ်။
မြန်မာတစ်နိုင်ငံလုံးက အထက်တန်းကျောင်းပေါင်း ၆၀၀၀ ကျော် ကိုသြဂုတ်လ ၂၇ ရက်နေ့က စပြီးယာယီ ပိတ်လိုက်တာဖြစ်ပြီး ကျောင်းတွေပြန်ဖွင့်မယ့်ရက်ကိုလည်း မပြောနိုင်သေးဘူးလို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်ရောဂါ ပြည်တွင်း ကူးစက်ခံရမှုတွေမှာ စစ်တွေ အထက ၂ က ကျောင်းသူတစ်ဦးပါ ပါဝင်နေပြီး ပြည်တွင်းကူးစက်မှုတွေကလည်း ဆက်လက် ဖြစ်ပွားနေပါတယ်။
သြဂုတ်လ ၁၆ ရက် ကနေ ၂၆ ရက်နေ့ အထိ ၁၀ ရက်အတွင်း စစ်တွေကစတင်တဲ့ ကူးစက်မှုတွေကနေ လူပေါင်း ၁၇၀ နီးပါး ကူးစက်ခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YeMyo/MPA
စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ်က အထက်တန်းကျောင်းတွေကတော့ ပြီးခဲ့တဲ့ရက်ပိုင်း ကူးစက်မှုတွေ စတင်ဖြစ်ပွားလာချိန်ကစပြီး ပိတ်ထားခဲ့ပါတယ် ။
မြန်မာတစ်နိုင်ငံလုံးမှာ လက်ရှိဖွင့်လှစ်နေတဲ့ အစိုးရကျောင်း၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနဲ့ ကိုယ်ပိုင်ကျောင်းစုစုပေါင်း ၆၅၂၆ ကျောင်းရှိပြီး ဒီကျောင်းတွေအားလုံးကို ယာယီပိတ်လိုက်တာ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက ပြောပါတယ်။
ကျောင်းတွေပြန်ဖွင့်မယ့် အခြေအနေ နဲ့ ပတ်သက်ပြီး ကိုဗစ် ဗဟိုကော်မတီကပဲ ဆုံးဖြတ်မှာ ဖြစ်တယ်လို့လည်း ဦးတင်မောင်ဝင်းက ပြောပါတယ်။
အထက ၂ စစ်တွေက ကျောင်းသူတစ်ဦး ပြီးခဲ့တဲ့ရက်ပိုင်းက ကူးစက်ခံရသလို သြဂုတ်လ ၂၅ ရက်နေ့ က ကိုရိုနာ ဗိုင်းရပ်စ်ပိုးထပ်တွေ့တဲ့ ပေါက်တောမြို့က လူနာတွေထဲမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေ ပါဝင်တယ်လို့ ပေါက်တောမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်က ဘီဘီစီကို ပြောပါတယ်။
အထက်တန်းကျောင်းတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့ တစ်ပတ်တက်တစ်ပတ်နား အပါအဝင် ပုံစံ ၃ မျိုးနဲ့ ကျောင်းတွေ ပြန်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YeMyo/MPA
ကျောင်းတွေပြန်ဖွင့်တုန်းက ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာနတို ပူးပေါင်းပြီး ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေအတိုင်း ညီမညီ စစ်ဆေးခဲ့တာဖြစ်ပြီး ဆရာ ဆရာမတွေကို လည်းလိုက်နာကြဖို့ လမ်းညွှန်ထားတယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဘီဘီစီကို ပြောခဲ့ပါတယ်။
အရင်က ကိုးတန်း၊ ဆယ်တန်းလို့ခေါ်တဲ့ Grade 10 နဲ့ Grade 11 အတန်း နှစ်တန်းကိုပဲ ဇူလိုင် ၂၁ ရက်နေ့မှာ စတင်ဖွင့်လှစ် ခဲ့ပြီး တစ်ရက်ကို ၄ နာရီကျော်ပဲ စာသင်ဖို့နဲ့ ကျောင်းတွေကို အသုတ်လိုက် ခွဲတက်ဖို့ ပြည်နယ်အလိုက် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
အခြေခံပညာအဆင့် အလယ်တန်းနဲ့ မူလတန်းတွေကို သြဂုတ်လ ၄ရက် နဲ့ ၁၁ ရက်မှာ ဖွင့်ဖို့စီစဥ်ထားပေမဲ့ အဲဒီရက်တွေမှာ ဖွင့်တော့မှာ မဟုတ်ဘဲ နောက်ထပ် တစ်လခန့်နောက်ဆုတ်ပြီး စက်တင်လာလမှ ဖွင့်လှစ်သွားဖို့ရှိတယ်လို့ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ကဘီဘီစီက ဇူလိုင်၂၀ ရက်နေ့က ပြောထားပါတယ်။
အခုတော့ အထက်တန်းကျောင်းတွေကို ပြန်ပြီးယာယီပိတ်လိုက်သလို အလယ်တန်းနဲ့ မူလတန်းတွေကိုဖွင့်ဖို့ လျာထားတဲ့ စက်တင်ဘာ ပထမပတ်ကနေလည်း ရက်အကန့်သတ်မရှိ နောက်ဆုတ်လိုက်တယ်လို့ ဦးကိုလေးဝင်း ဘီဘီစီကို ပြောပါတယ်။








