ရခိုင်ကို ကုန်ကားမဝင်တော့လို့ စားသောက်ကုန်ပြတ်မှာစိုးရိမ်နေကြ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ရန်ကုန်နဲ့ မန္တလေးဘက်က ရခိုင်ပြည်နယ်ဘက်ကိုထွက်လာခဲ့ကြတဲ့ ကုန်တင်ကားတွေကို တချို့မြို့နယ်တွေမှာ တားဆီးခံရတဲ့အတွက် ခရီးစဉ်တွေဆက်သွားခွင့်မရဘဲ ရပ်နေကြရတယ်လို့ ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းတွေကနေ တစ်ဆင့်သိရပါတယ်။
အဲ့ဒီကုန်ကားတွေဟာ ရခိုင်ပြည်နယ်ဘက်ကို စားသုံးကုန်၊ ဟင်းသီးဟင်းရွက်တွေနဲ့ အခြားကုန်စည်တွေကို သယ်ယူပို့ဆောင်နေတဲ့ ကားတွေဖြစ်ကြပြီး ဩဂုတ် ၂၂ ရက်နေ့ခန့်ကစပြီး ပဒန်း၊ ဥသျှစ်ပင်နဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့အတွင်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေက နေဖြတ်သန်းခွင့်မပြုဘဲ ကားတွေပြန်လှည့်ခိုင်းနေတယ်လို့ ကေသီဦးကုန်စည်ပို့ဆောင်ရေးဂိတ်က ဦးမောင်ဝင်းရွှေကပြောပါတယ်။
အခုလိုမျိုး ကုန်ကားတွေကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ တားဆီးမှုတွေပြုလုပ်နေတာဟာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေတဲ့အတွက် ရခိုင်ပြည်နယ်ဘက်ကို သွားတဲ့ကားတွေကို တားဆီးနေတာဖြစ်တယ်လို့ သူကဆိုပါတယ်။
ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းတွေကိုတော့ စစ်တွေမြို့နယ်အတွင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေ အများအပြား တွေ့လာနေတဲ့အတွက် အခုရက်ပိုင်းအတွင်းမှာ ရပ်ထားလိုက်ပြီလို့ မင်းထက်သာ ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ရန်ကုန်ဘက်က ကားတွေကတော့ ရခိုင်ဘက်ကို လာမဲ့ခရီးသည်တွေမရှိရင်လည်း ကုန်ပစ္စည်းတွေနဲ့ ထွက်လို့ရနေပေမဲ့ လက်ရှိဖြစ်ပွားနေတဲ့ ရောဂါကူးစက်ပြန့်ပွားမှုကြောင့် ကြိုတင် ပိတ်ထားလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
"စစ်တွေမှာ ကိုဗစ် ၁၉ ရောဂါဖြစ်နေတယ်ဆိုပြီးတော့ လမ်းမှာရှိတဲ့ တချို့မြို့နယ်တွေ၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့က မြို့နယ်တွေက ကျွန်တော်တို့ ကားတွေကို မသွားရဘူးဆိုပြီးတော့ ပြန်လှည့်ခိုင်းနေတာတွေရှိပါတယ်၊ သြဂုတ်လ ၂၃ ရက်နေ့က စဖြစ်နေတာပါ။ ဒီနေ့တော့ ပိုးဆိုးလာတယ်။ နိုင်ငံတော်အစိုးရက သွားလာခွင့်ပိတ်တာ မဟုတ်ဘူး။ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ကုန်စည် စီးဆင်းမှု ပြတ်တောက်မသွားအောင် ဆိုပြီးတော့ ကုန်ကားတွေ အကုန်လုံးကို လာခွင်ပေးထားပါတယ်။"လို့ ကေသီဦး ကုန်စည်ပို့ဆောင်ရေးဂိတ်က ဦးမောင်ဝင်းရွှေကပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်စေဖို့အတွက် လူစီး သီးသန့်ကားတွေကိုတော့ ရခိုင်ပြည်နယ်အတွင်းကနေ တခြားတိုင်းနဲ့ပြည်နယ်တွေကို သွားလာခွင့်တွေကို တားမြစ်ထားတယ်လို့ သိရပါတယ်။
အခုလို ရခိုင်ပြည်နယ်ဘက်ကို ၀င်လာတဲ့ ကုန်ကားတွေကိုတားမြစ်နေတာ ဘယ်အဖွဲ့အစည်းက တားမြစ်တာလို့ မည်မည်ရရ ပြောလို့မရကြောင်းနဲ့ မြို့အဝင်အထွက်တွေမှာရှိတဲ့ လူမှုရေးအဖွဲ့တွေနဲ့ မီးသတ်တို့ ရဲတို့ပါဝင်တဲ့အဖွဲ့တွေက တားမြစ်နေကြတာဖြစ်တယ်လို့ ဦးမောင်ဝင်းရွှေကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့နှစ်နှစ်ကျော်လောက်က စတင်ပြီးတော့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေခဲ့တဲ့အတွက် ကျေးလက်နေပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး ဟင်းသီးဟင်းရွက် စိုက်ပျိုးတာတွေ မလုပ်ကိုင်နိုင်တာကြောင့် မကွေးတိုင်းနဲ့ မြန်မာပြည်အထက်ပိုင်းဒေသတွေက ထွက်ရှိတဲ့ စားသောက်ကုန် တွေကို ဝယ်ယူစားသုံးနေကြရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုမြန်ဆန်နေတဲ့အတွက် စစ်တွေမြို့အပါအဝင် ရခိုင်ကမြို့နယ်တချို့တို့မှာ အသွားအလာကန့်သတ် မှုတွေရှိနေသလို တစ်မြို့နယ်နဲ့တစ်မြို့နယ် သွားလာရေးခက်ခဲနေကြတဲ့အတွက် ဟင်းသီးဟင်းရွက်နဲ့ စားသောက်ကုန်တွေ ပြတ်တောက်သွားမှာ ကိုလဲ စိုးရိမ်နေကြတာဖြစ်ပါတယ်။
အခုလို ကိုဗစ်ကာလအတွင်း စစ်တွေမြို့နယ်အတွင်းမှာ အသွားအလာ ကန့်သတ်ထားသလို ညမထွက်ရအမိန့်ကိုပါ ထုတ်ပြန်ထားတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေကအစ လက်လုပ်လက်စားတွေအထိ ဝင်ငွေမရှိဖြစ်နေကြတဲ့အချိန် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေကိုပါ တားဆီးမှုတွေ ပြုလုပ်ခံနေရတဲ့အတွက် ကုန်ဈေးနှုန်းတွေမြင့် တက်လာမှာကိုလဲ ဒေသခံတွေက စိုးရိမနေကြပါတယ်။
" မကွေးကကားတွေ ကန့်သတ်လိုက်တာနဲ့ စစ်တွေမြို့ကလူတွေ ငတ်မှာပဲ။ အခုဒါ မကွေးတိုင်းအစိုးရနဲ့ ညှိနှိုင်းဖို့တော့ ပြောထားတယ်။ လူစီးကားတွေ ဖြတ်သန်းခွင့် မပြုတောင် ကုန်ကားလောက်ကို ဖြတ်သန်းခွင့်ပြုဖို့လောက်ကို ညှိနှိုင်းဖို့အပိုင်းတွေရှိတယ်။"လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
လောလောဆယ်မှာတော့ ရခိုင်ပြည်နယ်နဲ့ တခြားဒေသတွေကို ပြေးဆွဲနေတဲ့ လေကြာင်းပို့ဆောင်ရေးနဲ့ ကုန်းလမ်းပို့ဆောင်ရေး ယာဉ်လိုင်းတွေကတော့ အခုရက်ပိုင်းအတွင်း ယာယီပြတ်တောက်နေတယ်လို့သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ပြီးခဲ့တဲ့လပိုင်းတွေက ရန်ကုန်နဲ့ တခြားတိုင်းနဲ့ပြည်နယ်တွေမှာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေတဲ့အချိန်တွေမှာတောင် ရခိုင်ပြည်နယ်ဘက်ကို ကုန်စည်ပို့ဆောင်ရေး လုပ်နေတဲ့ကားလိုင်းတွေကို အခုလိုမျိုးဟန့်တား ပိတ်ဆို့တာ တွေမလုပ်ခဲ့ဘဲ အခု ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားတဲ့အချိန်မှာ ဒီလိုမျိုးလုပ်တယ်ဆိုတာနဲ့ပတ်သက်လို့ ဒေသတွင်းဝေဖန်မှုတွေလည်း ရှိနေကြပါတယ်။
ဒီနေ့အထိ ရခိုင်ပြည်နယ်ဘက်ကို လာကြတဲ့ ကုန်ကားအစီးရေ ၂၀ ကျော်လောက်ဟာ မကွေးတိုင်းအတွင်းက ပဒန်း လမ်းဆုံအနီးမှာ ရပ်နေကြရပြီး ရန်ကုန်-ပြည်လမ်းထဲက တချို့မြို့တွေမှာ ဖြတ်သန်းခွင့်မရရှိကြဘဲ ရပ်နေကြရတယ်လို့ ကေသီဦးကားဂိတ်က ဦးမောင်ဝင်းရွှေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းကနေ ရေထွက်ပစ္စည်းတွေကို သယ်ယူပို့ဆောင်နေတဲ့ ကုန်ကားတွေကိုလည်း ရန်ကုန်တိုင်း တိုက်ကြီးမြို့နဲ့ တခြားနေရာတွေမှာ အချိန်ကြာမြင့်စွာ စစ်ဆေးမှုတွေပြုလုပ်တာခံနေရတဲ့အတွက် ခရီးစဉ်ကြန့်ကြာခဲ့ရသလို အချိန်လွန်ပြီးမှ ပို့ဆောင်ပေးရမယ့် နေရာတွေဆီ ရောက်သွားရတဲ့အတွက် ကုန်ပစ္စည်းပျက်စီးမှုတွေကြောင့် ဆုံးရှုံးနစ်နာမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကုန်စည် ပို့ဆောင်ရေးယာဉ်လိုင်းတွေကနေ သိရပါတယ်။







