ရခိုင်မှာ တစ်ပတ်အတွင်းဗိုင်းရပ်စ်ပိုးတွေ့သူ ၅၀ကျော် ထိရှိလာ၊စစ်တွေတက္ကသိုလ်မှာ ကွာရန်တင်းစင်တာဖွင့်

ဗိုင်းရပ်စစ်ပိုးကူးစက်ခံရသူများလာတဲ့ စစ်တွေမြို့

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူများလာတဲ့ စစ်တွေမြို့
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းက သံသယရှိသူတွေနဲ့ ဆက်စပ်သူတွေကို စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ ဩဂုတ် ၁၆ ရက်နေ့ကနေ ၂၃ ရက် နေ့အထိဆိုရင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း ဓာတ်ခွဲ အတည်ပြုလူနာ ၅၃ ဦးအထိရှိလာနေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်တွေ၊ မြောက်ဦးနဲ့ တောင်ပိုင်းဒေသက သံတွဲမြို့နယ်အထိ ပျံ့နှံ့မှုတွေရှိလာနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေ အရသိရပါတယ်။။

အခုလ ၁၆ ရက်နေ့က ဒေသတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံခဲ့ရသူ အမျိုးသမီးတစ်ဦးကို စစ်တွေမြို့မှာ စစ်ဆေးတွေ့ရှိ ခဲ့ပြီးနောက် ဆက်စပ်သူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေရဲ့ ဆေးစစ်ချက်နမူနာတွေကို ဓာတ်ခွဲစမ်းသပ်တဲ့အခါမှာ ကူးစက်ခံထားရသူတွေကို ဆက်လက်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဩဂုတ် ၂၃ ရက် ဒီကနေ့ မနက်ပိုင်းမှာလဲ ရခိုင်ပြည်နယ် သံတွဲမြို့နယ်က နှစ်ဦးနဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ်က တစ်ဦးတို့မှာ ပိုးကူးစက်ခံထားရကြောင်း ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲ့ဒီနောက် ဓာတ်ခွဲ အတည်ပြုလူနာတွေနဲ့ ထိတွေ့ဆက်စပ်သူတွေမဟုတ်ဘဲ နောက်ထပ် ဒေသတွင်း ကူးစက်ခံနေရသူ တွေကိုလည်း ထပ်မံတွေ့ရှိလာခဲ့ရကာ ဩဂုတ်လ ၂၃ ရက်နေ့အထိ စစ်တွေ၊မြောက်ဦးနဲ့သံတွဲမြို့နယ်တွေမှာ ပိုးကူးစက်ခံခဲ့ရသူပေါင်း ၅၃ ဦးအထိရှိလာနေတာဖြစ်ပါတယ်။

စစ်တွေဆေးရုံက အထူးကုဆရာဝန်ကြီးပါ ကူးစက်ခံရ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, စစ်တွေဆေးရုံက အထူးကုဆရာဝန်ကြီးပါ ကူးစက်ခံရ

အခုလို တစ်ပတ်အတွင်း စစ်တွေဆေးရုံကြီးမှာ ကုသပေးနေရတဲ့ ပိုးတွေ့ အတည်ပြု လူနာတွေ များပြားလာနေတာကြောင့် စစ်တွေတိုင်းရင်းဆေးရုံကိုပါ ကုသဆောင်အဖြစ် တိုးချဲ့ဖွင့်လှစ်ဖို့အတွက် ဆိုပြီး အဲ့ဒီမှာ ကွာရန်တင်း ထားတဲ့သူတွေကို စစ်တွေတက္ကသိုလ်ကို ဒီကနေ့ သြဂုတ်လ ၂၃ ရက်နေ့မှာ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ကွာရန်တင်းဝင်ရောက်နေတဲ့ ဦးရွှေတိုးက ဘီဘီစီကို ပြောပါတယ်။

လက်ရှိ သူတို့ ကွာရန်တင်းဝင်နေတဲ့ စစ်တွေတိုင်းရင်းဆေးရုံကို ကုသဆောင်အဖြစ် တိုးချဲ့ဖွင့်လှစ်သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

စစ်တွေတက္ကသိုလ် ကို သြဂုတ်လ ၂၃ ရက်နေ့ ဒီနေ့ ၂ နာရီခွဲလောက်က ပြောင်းရွေ့ခဲ့ရပြီး အဲဒီမှာ ကွာရန်တင်းဝင်နေသူ ၁၀၀ ခန့် ရှိတယ်လို့လည်း ကွာရန်တင်းဝင်နေတဲ့ ဦးရွှေတိုးက ဘီဘီစီကို ပြောပါတယ်။

လတ်တလောမှာ စစ်တွေတိုင်းရင်းဆေးရုံကို Facility Quarantine Center အဖြစ် ဖွင့်လှစ်ထားကာ စစ်တွေနဲ့ ပုဏ္ဏားကျွန်းက ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေနဲ့ မိသားစုဝင်တွေကို အဲ့ဒီမှာအသွားအလာကန့်သတ်ထားရှိတာ ဖြစ်ပါတယ်။

စစ်တွေတက္ကသိုလ်

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, စစ်တွေတက္ကသိုလ်မှာ ကွာရန်တင်းစင်တာဖွင့်

စစ်တွေဆေးရုံမှာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိထားတဲ့ အတည်ပြုလူနာတွေကို ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေတဲ့အဆောင်မှာ လူနာကုသနိုင်တဲ့ အရေအတွက်နဲ့ ပတ်သက် လို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။

ပြည်နယ်ကျန်းမာရေးဌာနအနေနဲ့ လူနာတွေရဲ့ ကျန်းမာရေးကိစ္စတွေကိုပဲ ဆောင်ရွက် ပေးနေတာဖြစ်ပြီး ကွာရန်တင်းကိစ္စတွေကို အထွေထွေအုပ်ချုပ်ရေးဌာနက ကိုင်တွယ် စီမံနေတာ ဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

"ကျွန်တော်တို့က လူနာနဲ့ရှုပ်နေတယ်။ ကျွန်တော်တို့က နောက်ထပ် အသစ် အသစ် ရှာဖို့လုံးပမ်းနေတယ်။ Testing ကိုအာရုံစိုက်နေရတယ်။ facility ကိုကျွန်တော်တို့ နဂိုကတည်းကကိုင်တာမဟုတ်ဘူး။ ဘယ်သူဘယ်သူတွေကိုတော့ ဘယ်မှာထားသင့်တယ် ဆိုတာလောက်တော့ ကျွန်တော်တို့က အကြံပေးထားတာ။ ကျန်တာအားလုံးက ထွေအုပ်က ကိုင်တာပေါ့နော်။ လောလောဆယ် လူနာတွေကို အဆင်ပြေအောင်ထားထားတယ်။"လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

စစ်တွေမှာ အိမ်အပြင်ကိုမထွက်ကြဖို့ အစိုးရက သတိပေး

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, စစ်တွေမှာ အိမ်အပြင်ကိုမထွက်ကြဖို့ အစိုးရက သတိပေး

သံတွဲဒေသခံတွေဆီက သတင်းအ ရတော့သံတွဲစျေးကတော့ ဒီနေ့ နေ့တစ်ဝက်ပဲဖွင့်ပြီးပိတ်သွားကြောင်းနဲ့သံတွဲမြို့က ကူးစက်ခံရသူတွေကို သံတွဲခရိုင်ဆေးရုံမှာ ကုသနေကြောင်းနဲ့ သူတို့နဲ့ ထိတွေ့ဆက်ဆံခဲ့သူ ၆၀ ကျော်လည်းကွာရန်တင်းဝင်နေတယ်လို့ သိရပါတယ်။

စစ်တွေမြို့က ကျန်းမာရေးဌာနကတော့ အခုလို ကူးစက်မှုတွေမြန်ဆန်နေတာဟာ ပတ်ဝန်းကျင်မှာပိုးပျံ့နှံ့မှုတွေရှိနေပြီဖြစ်ပြီး အိမ်အပြင်ထွက်တဲ့သူတွေမှာ ပိုးကူးစက်ခံရတာတွေ ရှိနိုင်တဲ့အတွက် အိမ်အပြင်ကိုမထွက်ကြဖို့ ဒေါက်တာစိုးဝင်းပိုင်က တိုက်တွန်းပြောကြားထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ မေလ ၁၇ ရက်ကစပြီး ကိုဗစ်-၁၉ ရောဂါ ပိုး ကူးစက်ခံရသူတွေ ရှိလာခဲ့တာဖြစ်ပါတယ်။ သုံးလကျော်ကာလအတွင်း သံတွဲ၊ တောင်ကုတ်၊ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ မြောက်ဦး မြို့နယ်ခြောက်ခုအတွင်းမှာ ပိုးတွေ့လူနာပေါင်း ၆၉ ဦးအထိရှိခဲ့ကာ ဩဂုတ်လအတွင်း ကူးစက်ခံရသူ ၅၃ ဦးအထိရှိနေပါတယ်။

အခုရက်ပိုင်းအတွင်း ပိုးကူးစက်ခံရသူတွေနေထိုင်တဲ့တဲ့ စစ်တွေနဲ့ မြောက်ဦးတို့က လမ်းတွေကို Lockdown လုပ်ထားပြီး စစ်တွေမြို့မှာတော့ တစ်မြို့လုံးကို အပြင်မထွက်ကြဖို့နဲ့ ညမထွက်ရအမိန့်တွေကိုလည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။