ပါတီကြီးနှစ်ခုရဲ့ နေပြည်တော် အားပြိုင်ပွဲ၊ ကမောက်ကမမဲစာရင်းတွေ ဘယ်သူ့မှာတာဝန်ရှိသလဲ အပါအဝင် တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်

ဓာတ်ပုံ ရင်းမြစ်, Anadolu Agency
တစ်ပတ်အတွင်း ထိပ်တန်းရောက်သတင်းတွေထဲမှာတော့ ကြံ့ခိုင်ရေးပါတီက ထိပ်တန်း ခေါင်းဆောင်တွေ နေပြည်တော်မှာ ရွေးကောက်ပွဲဝင်မယ့်အကြောင်းနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မေးခွန်းထုတ်ရတဲ့ နိုင်ငံတစ်ဝန်း မဲစာရင်းမှာ အလွဲအမှားတွေ၊ ကမောက်ကမတွေအကြောင်းပဲ ဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဝန်ကြီးဟောင်း၊ ဗိုလ်ချုပ်ဟောင်းတွေဟာ နေပြည်တော်က မဲဆန္ဒနယ် ၁၀ ခုမှာ ဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ခဲ့ကြပါတယ်။
ပါတီဥက္ကဋ္ဌ ဦးသန်းဌေးဟာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ဖို့ရှိ ပါတယ်။ ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ်ဟာ ၂၀၁၀ တုန်းက သူရဦးရွှေမန်း အနိုင်ရခဲ့ပြီး ၂၀၁၅ မှာ တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး တာဝန်ယူခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်း နိုင်ခဲ့တာဖြစ်ပါတယ်။
၀န်ကြီးဟောင်း၊ ဗိုလ်ချုပ်ဟောင်းတွေနဲ့ ပွဲထွက်လာတဲ့ ကြံ့ခိုင်ရေး
ပါတီမူဝါဒအရ ဒေသခံတွေ လိုလားတဲ့သူ၊ နိုင်ငံနဲ့လူမျိုးအတွက် အကျိုးပြုနိုင်မယ့်သူကို ရွေးချယ်ဖို့ မူချထားပြီး ဦးသန်းဌေးကို ဒေသခံတွေ ဆန္ဒပြုတဲ့အတွက် ဇေယျာသီရိမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ပြိုင်တာဖြစ်တယ်လို့ ပါတီပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
ဒါ့အပြင် ဇေယျာသီရိမှာ ၂၀၁၅ တုန်းက ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး လှဌေးဝင်းဟာ ဒီတစ်ကြိမ် ရွေးကောက်ပွဲ ဝင်မပြိုင်တော့တာကြောင့်လည်း ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

၂၀၁၆ မှာ ကြံ့ခိုင်ရေးပါတီရဲ့ ညီလာခံပြီးကတည်းက ခေါင်းဆောင်မှု၊ မူဝါဒအပါအဝင် အားလုံးကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီးမှ ၂၀၂၀ ရွေးကောက်ပွဲကို ဝင်တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ကြံ့ခိုင်ရေးပါတီဟာ အရင်အစိုးရလက်ထက် ဦးဆောင်မှုအတွေ့အကြုံရှိထားသလို ခု NLD အစိုးရလက်ထက်မှာ အစိုးရအဖွဲ့ဆောင်ရွက်ချက်၊ လွှတ်တော်တွင်း အားနည်းချက်အားသာချက်တွေပေါ်အခြေခံပြီး နိုင်ငံသားအကျိုးစီးပွားကို ဦးတည်ဆောင်ရွက်မှာဖြစ်လို့ နေပြည်တော်မှာရွေးကောက်ပွဲအနိုင်ရမယ်လို့ ယုံကြည်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
ဇေယျာသီရိမြို့ နယ်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ရုံးစိုက်ရာနေရာဖြစ်သလို တပ်ရင်းတပ်ဖွဲ့တွေနဲ့ တပ်မိသားစု အများစု နေထိုင်တဲ့မြို့နယ်လည်း ဖြစ်ပါတယ်။ NLD ပါတီ မနိုင်ဖူးသေးတဲ့နေရာဖြစ်တာကြောင့် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး အရင်ရွေးကောက်ပွဲ တုန်းက ရှုံးခဲ့တဲ့ မြန်အောင်မဲဆန္ဒနယ်ကနေ ဝင်မပြိုင်ဘဲ နိုင်ခြေပိုများတဲ့ ဇေယျာသီရိက ဝင်ပြိုင်တာလို့ သုံးသပ်တာတွေရှိနေပါတယ်။
ဒါ့အပြင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ အငြိမ်းစား ဗိုလ်မှူးကြီး ဦးဝဏ္ဏမောင်လွင်က ဇမ္ဗူသီရိမြို့နယ်၊ ကာကွယ်ရေးဝန်ကြီးဟောင်း အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပုဗ္ဗသီရိမြို့နယ်၊ ဘဏ္ဍာအခွန် ဝန်ကြီးဟောင်း ဦးဝင်းရှိန်က ဥတ္တရသီရိမြို့နယ်၊ လယ်ဆည် ဝန်ကြီးဟောင်း ဦးမြင့်လှိုင်က ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ကြဖို့ရှိပါတယ်။
နေပြည်တော်မှာ ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်းတွေက ဘယ်သူတွေလဲ
နေပြည်တော်မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်မယ့် NLD အမတ်လောင်းစာရင်းကိုလေ့လာရတဲ့အခါ ဦးသန်းဌေး ပြိုင်မယ့်ဇေယျာသီရိမြို့နယ်မှာNLD က ဒေါက်တာမိုးဆွေက ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံခြား ရေးဝန်ကြီးဟောင်း ဦးဝဏ္ဍမောင်လွင်ပြိုင်မယ့် ဇဗ္ဗူသီရိမှာတော့ လက်ရှိ အမျိုးသား လွှတ်တော်အမတ် ဦးကျော်ထွေး ယှဉ်ပြိုင်ဖို့ရှိပါတယ်။ ၂၀၁၅ တုန်းက အဲဒီမြို့နယ်မှာ ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ လက်ရှိ လွှတ်တော် အမတ် ဦးဇေယျာသော်က ကိုယ်စားလှယ်လောင်းလျှောက်လွှာ မတင်ခဲ့ဘူးလို့ ပြောကြားထားပါတယ်။
ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင် ယှဉ်ပြိုင်မယ့် ပုဗ္ဗသီရိ၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းရှိန် ဝင်ပြိုင်မယ့် ဥတ္တရသီရိနဲ့ လယ်ဆည်ဝန်ကြီး ဟောင်း ဦးမြင့်လှိုင် ယှဉ်ပြိုင်မယ့် ဒက္ခိဏသီရိမြို့နယ်တို့မှာတော့ NLDပါတီက ၂၀၁၅ တုန်းက အနိုင်ရထားတဲ့ လက်ရှိ အမတ်တွေကိုပဲ ပြန်လည် ရွေးချယ် ထားပါ တယ်။
NLD ပါတီအနေနဲ့ ၂၀၁၂ နဲ့ ၂၀၁၅ တို့မှာ ဇေယျာသီရိကလွဲလို့ နေပြည်တော်က အများစု အနိုင်ရ ခဲ့ပါတယ်။
၂၀၁၅ ကနေ ၂၀၂၀ အတွင်း ပြည်သူမျက်မြင်ဖြစ်တဲ့အတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန် ဦးဆောင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခဲ့တာတွေက မျက်မြင်ဖြစ်တဲ့အတွက် နေပြည်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ကြောက်လန့်စိုးရိမ်စိတ် မရှိသလို ၁၀၀ ရာခိုင်နှုန်းအပြည့်နိုင်မယ်လို့ ယုံကြည်ကြောင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဇဗ္ဗူသီရိမြို့နယ်က အနိုင်ရခဲ့တဲ့ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဒေါ်စန္ဒာမင်းက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် တစ်ခါမှ မနိုင်ဖူးတဲ့ ဇေယျာသီရိမြို့နယ်ဟာ တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေ ရုံးစိုက်ထားရာနေရာဖြစ်ပေမယ့် ဒီမြို့နယ်အပါအဝင် နေပြည်တော်တစ်ဝန်း အန်အယ်လ်ဒီအစိုးရလက်ထက် ဖွံ့ဖြိုးတိုးတက်ရေးတွေဆောင်ရွက်ပေးထားသလို ဒေသခံတွေနဲ့လည်း အမြဲတမ်း ထိတွေ့နေတဲ့အတွက် ဇေယျာသီရိမြို့နယ်မှာ ဒီတစ်ကြိမ် ရွေးကောက်ပွဲအနိုင်ရမယ်လို့ ဒေါ်စန္ဒာမင်းက ယုံကြည်နေပါတယ်။
ကမောက်ကမ မဲစာရင်းတွေကို အတိုင်ပင်ခံပုဂ္ဂိုလ် မေးခွန်းထုတ်
နိုဝင်ဘာရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းတွေကို ဇူလိုင် ၂၅ ကနေ သြဂုတ် ၇ အထိ ထုတ်ပြန်ရာမှာ မိသားစုလိုက် မဲစာရင်းမှာ မပါလာတာ ရှိခဲ့သလို အရင် ၂၀၁၅ ရွေးကောက်ပွဲတုန်းက မဲပေးခဲ့သူတချို့ မဲစာရင်းမှာ ပြန်မပါလာတာတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Lauren DeCicca
ဒီလို ကမောက်ကမဖြစ်တာတွေအပြင် နာမည်မှား၊ မွေးသက္ကရာဇ်လွဲမှားတာ၊ သေဆုံးသူတွေ ပြန်ပါနေတာ တွေရှိခဲ့ပါတယ်။ အခုလို မဲစာရင်းလွဲမှားမပြည့်စုံမှုတွေ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်အဖွဲ့ဝင်တို့နဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ မေးခွန်းထုတ်ရတဲ့အထိပါပဲ။
၀န်ကြီး ဦးသိန်းဆွေက သူ့မိသားစုမှာတောင် မဲစာရင်းတွေမှားယွင်းနေပြီး ဒီလိုမှားယွင်းတာဟာ အိမ်ထောင်စုစာရင်းပေါ် အခြေ မခံဘဲ မြေပြင်စာရင်း ကောက်ယူ ဖြည့်သွင်းမှုနဲ့ ပြန်လည်စိစစ်မှု အားနည်းတာကြောင့် ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ သက်တမ်းငါးနှစ်အတွင်း မဲစာရင်းမှန်ကန်ရေးအပါအဝင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေကို ဆောင်ရွက်မှု အားနည်း ခဲ့တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။
အထူးသဖြင့် အမြဲတမ်းမှားယွင်းတတ်လေ့ရှိတဲ့ မဲဆန္ဒရှင်စာရင်းတွေဟာ၂၀၁၀ နောက်ပိုင်း ရွေးကောက်ပွဲငါးကြိမ် ပြုလုပ်ပြီးချိန်မှာ အမှားအယွင်းနည်းမယ်လို့ ယူဆ ခဲ့ကြပေမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်းမှာ ကမောက်ကမနဲ့လွဲချော်မှုတွေရှိခဲ့တဲ့အပေါ် ကော်မရှင်ရဲ့အခန်းကဏ္ဍကို မေးခွန်းထုတ်လာတာတွေရှိပါတယ်။
လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်တွေဟာ ပုံမှန် လစာနဲ့ အဆောင်အယောင်ခံစားခွင့်ရှိပေမယ့် အောက်ခြေမှာ မဲစာရင်းကိုဖြည့်သွင်းရတဲ့ အောက်ခြေက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်တွေမှာတော့ လစာရတာ ဒီနှစ်ဆန်းပိုင်းကမှဖြစ်သလို လစာကိုလည်း တစ်ဖွဲ့လုံးမှာ အကုန်လုံးအပြည့်မရဘဲ အလှည့်ကျယူရတဲ့စနစ်ဖြစ်နေတယ်လို့ Peace and Justice Myanmar အဖွဲ့ တည်ထောင်သူ ဒေါ်ရွှေရည်ဝင်းက ပြောပါတယ်။
ဒါကြောင့် အခြေခံမဲစာရင်းကို အဓိက ပြုစုရတဲ့မြေပြင်က အဖွဲ့ဝင်တွေဟာ Volunteer လုပ်အားပေးအဖြစ် လုပ်နေရသလို မဲစာရင်းဖြည့်သွင်းရတဲ့အခါ လိုအပ်တဲ့ ကွန်ပျူတာအပါအဝင် အရင်းအမြစ်မပြည့်စုံမှုတွေရှိနေတာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက် ပေးသင့်တယ်လို့လည်း ဒေါ်ရွှေရည်ဝင်းက အကြံပြုပါတယ်။
မဲစာရင်းတွေ အမှားအယွင်းကိစ္စ အတိုင်ပင်ခံ မေးခွန်းထုတ်ပြီး နောက်တစ်ရက်မှာပဲ မဲစာရင်းတွေ စစ်ဖို့ ရက်ကို သြဂုတ် ၁၄ ရက်ထိ နောက်ထပ် တစ်ပတ် ထပ်တိုးပေးခဲ့ရပါတယ်။
လဝက၀န်ကြီးနဲ့ ကော်မရှင်ကတော့ အောက်တိုဘာမှာ မဲစာရင်းတွေ ထပ်ကပ်တဲ့အခါ အမှားနည်းအောင် လုပ်မယ်လို့ အတိုင်ပင်ခံကို ကတိပေးထားပါတယ်။ ဒါကြောင့် အောက်တိုဘာမဲစာရင်းထွက်လာတဲ့အခါ ဘယ်လောက်ထိ မှန်ကန်ပြည့်စုံမှုရှိတဲ့မဲစာရင်းဖြစ်လာနိုင်မလဲဆိုတောကတော့ စောင့်ကြည့်ရဦးမှာပါ။









