ကိုကိုးကျွန်းမှာ ပြည်ခိုင်ဖြိုးကိုယ်စားပြု ကာကွယ်ရေး ဒုဝန်ကြီး-ငြိမ်းပြိုင်မယ်

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ မှာတော့ မဲဆန္ဒနယ် ၃ ခုစလုံး ပြည်ခိုင်ဖြိုးပါတီက အနိုင်ရှိထားတာ ဖြစ်ပါတယ်။
ရေးသားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန မှာ ဒုတိယ ဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်သော် (ငြိမ်း) ဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကိုကိုးကျွန်း မဲဆန္ဒနယ်ကနေ ဝင်ရောက် အရွေးချယ်ခံမှာ ဖြစ်တယ်လို့ ပါတီပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့် က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်ခိုင်ဖြိုးပါတီက ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်က ကာကွယ်ရေးဦးစီးချုပ် (ရေ) တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး (ငြိမ်း) သူရသက်ဆွေက ဝင်ပြိုင်ခဲ့ပြီးအနိုင်ရခဲ့တာပါ။

ဗိုလ်ချုပ်အောင်သော် (ငြိမ်း) ဟာ လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်တက္ကသိုလ် တစ်ပတ်စဉ်ထဲ ဆင်းထားသူ ဖြစ်ပါတယ်။

ရပ်ကွက် ၂ ခုသာ ရှိတဲ့ ကိုကိုးကျွန်းမြို့နယ် မှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် ၁ နဲ့ ၂ ဆိုပြီး မဲဆန္ဒနယ် ၃ ခု ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ မှာတော့ မဲဆန္ဒနယ် ၃ ခုစလုံး ပြည်ခိုင်ဖြိုးပါတီက အနိုင်ရှိထားတာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကိုကိုးကျွန်းမြို့နယ်မှာ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီနဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ ၃ ခုက ဝင်ရောက် ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားတယ်လို့ သက်ဆိုင်ရာ ပါတီတွေကနေ သိရပါတယ်။