စစ်တွေမှာ ကျောင်းတွေ မဖွင့်နိုင်သေး

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ဇူလိုင်လ ၂၁ ရက်နေ့က စတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထက်တန်းအဆင့် အခြေခံပညာကျောင်းတွကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပေမဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာတော့ ကျောင်းတစ်ကျောင်းမှ မဖွင့်နိုင်သေးဘူးလို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။
ကျောင်းသူကျောင်းသားတွေ ပညာသင်ကြားရာမှာ ကိုဗစ် ၁၉ အန္တရာယ်ကင်းရှင်းစေဖို့အတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို ကျောင်းတွေမှာ ပြင်ဆင်ထားရမှာဖြစ်ပြီး အဲ့ဒီအတွက် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အချက်ပေါင်း ၈၈ ချက်ကို ချမှတ်ပေးခဲ့တာပါ။
စစ်တွေမြို့မှာတော့ အဲ့ဒီညွှန်ကြားချက် ၈၈ ချက်နဲ့ပတ်သက်လို့ ကျောင်းတွေမှာ ဘယ်လိုပြင်ဆင်ထားရှိလဲဆိုပြီး ကျန်းမာရေးနဲ့ အထွေထွေအုပ်ချုပ်ရေး ဘက်က တာ၀န်ရှိသူတွေက ကျောင်းတွေကို လိုက်လံစစ်ဆေးနေတာဖြစ်ပါတယ်။
လက်ရှိမှာ စတင်ပညာသင်ကြားကြမယ့် ကျောင်းတွေကို စစ်ဆေးနေဆဲ ကာလဖြစ်တဲ့အတွက် စစ်ဆေးမှု ကာလအတွင်းမှာ ကျောင်းသားတွေကို ပညာသင်ကြားမှု မလုပ်ဘဲ ဆက်လက် ပိတ်ထားဖို့ ညွှန်ကြားထားတာကြောင့် အခုလိုမျိုးကျောင်းဖွင့်ခွင့် မရရှိကြသေးတာဖြစ်တယ်လို့ စစ်တွေမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကျော်စိန်က ဇူလိုင်၂၃ ရက်နေ့ အထက ၅ ကျောင်းကို လာရောက်စစ်ဆေးစဉ်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint lwin
ရခိုင်ပြည်နယ်က မြို့နယ်တွေမှာတော့ ပညာရေးဌာနကနေ အဲ့ဒီစည်းကမ်းချက် ၈၈ ကိုကျောင်းတိုင်းမှာ ပြင်ဆင်ကြဖို့ အတွက် ညွန်ကြားထားပေမဲ့ ကျောင်းမဖွင့်ခင်ရက်ပိုင်းအလိုမှာ ညွန်ကြားစာတွေကို လက်ခံရရှိတဲ့အတွက် ကြိုတင်ပြင်ဆင်ချိန် မရလိုက်ဘူးလို့ စစ်တွေမြို့ အထက ၅ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုသန်းက ဘီဘီစီကို ပြောပါတယ်။
"ကျောင်းမဖွင့်ခင် နှစ်ပတ်လောက်က ဒီစစ်ဆေးမယ့်အချက်လေးတွေကိုပေးထားရင်တော့ ပြင်ဆင်ချိန်လည်းရမယ်၊ နောက်ပြီးတော့ ဇူလိုင် ၂၁ ရက်မတိုင်ခင်ကတည်းက လာပြီးတော့ စစ်ဆေးထားမယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေတာပေါ့၊ အခုက ဆရာမကြီးတို့ဆိုရင် ဇူလိုင် ၂၂ ရက်နေ့မှ အစစ်ခံရတာလေ၊ အဲ့ဒါလည်းတစ်ချက်ပါပါတယ်၊ ကျောင်းဖွင့်နောက်ကျရတာ။"လို့ ဒေါ်ချိုချိုသန်းက ပြောပါတယ်။
စစ်တွေမြို့နယ်အတွင်းမှာတော့ အတက်တန်းအဆင့်ကျောင်းသူကျောင်းသားတွေ တက်ရောက်သင်ကြားနေတဲ့ အထက်တန်းနဲ့ အထက်တန်းကျောင်းခွဲပေါင်း ၁၇ ကျောင်းခန့်ရှိနေပြီး အခြေခံပညာကျောင်းစုစုပေါင်း ၁၁၀ ကျော်ခန့်ရှိတယ်လို့သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KZH/MPA
ကျန်းမာရေးဘက်က ချမှတ်ထားတဲ့ အချက် ၈၈ ချက်နဲ့ ပတ်သက်လို့ စစ်ဆေးမှုတွေပြုလုပ်နေရာမှာ အဲ့ဒီညွှန်ကြားချက်တွေကို ပြည့်ပြည့်ဝဝ လိုက်နာပြီး ပြင်ဆင်ထားတဲ့ ကျောင်းတွေကို အဆင့် အေ၊ အဆင့် ဘီ၊ အဆင့် စီဆိုပြီး အဆင့်သုံးဆင့် ခွဲခြားသတ်မှတ်ထားပြီး အဆင့်အေ ရရှိတဲ့ကျောင်းတွေမှသာ ပညာသင်ကြားခွင့်ရရှိကြမှာဖြစ်တယ်လို့ဆိုပါတယ်။
အခုလို ကျောင်းတွေကို ကျန်းမာရေးနဲ့ပတ်သက်လို့ စီမံချက်တွေချမှတ်ထားတာဟာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ ရောဂါပိုး ကျောင်းသားတွေဆီကနေ ကူးစက်မှုမဖြစ်စေဖို့နဲ့ ကျန်းမာရေးအသိတွေရှိလာဖို့အတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်းတွေကို ဆောင်ရွက်ထားတာဖြစ်တယ်လို့ စစ်ဆေးရေးအဖွဲ့မှာပါဝင်တဲ့ စစ်တွေမြို့နယ် ကျန်းမာရေးဌာန ဦးစီးအရာရှိ ဒေါက်တာမြင့်ဌေးက ပြောပါတယ်။
"ကျောင်းသားတွေ အနီးကပ်မဖြစ်အောင်၊ အနေအထိုင် အစားအသောက် ဆင်ခြင်အောင်၊ ပြီးတော့ ရောဂါကူးစက်တာတွေ မဖြစ်အောင်ပေါ့၊ အဲ့ဒါတွေကို အဓိကထားပြီး စစ်တာပါ၊ အခုက လိုအပ်တဲ့ဟာတွေကိုပဲ ထုတ်ပေးထားတာပါ၊ အဲ့ဒီဟာတွေကို အတတ်နိုင်ဆုံး ပြည့်မီအောင်တော့ လိုက်စစ်နေတာပေါ့နော်၊"လို့ ဒေါက်တာမြင့်ဌေးကပြောပါတယ်။
စစ်တွေမြို့နယ်အတွင်းမှာ အခုလ ၂၀ ရက်နေ့ကစတင်စစ်ဆေးနေတာဖြစ်ပြီး မြို့ပေါ်မှာ အနည်းဆုံးကျောင်း ၈ ကျောင်းခန့် စစ်ဆေးပြီးစီးထားပြီဖြစ်ကာ သတ်မှတ်စံနှုန်းတွေကို မသိရသေးသလို လိုအပ်ချက်တွေကိုလည်း ထပ်မံဖြည့်ဆည်းနေရတဲ့ အတွက် ကျောင်းဖွင့်ရက်တွေ နှောင့်နှေးကြန့်ကြာနေတာဖြစ်တယ်လို့ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကျော်စိန်က ပြောပါတယ်။
လက်ရှိမှာကျောင်းတွေကို စစ်ဆေးနေဆဲဖြစ်ပြီး ဘယ်ကျောင်းကဘယ်အဆင့်ရရှိတယ်ဆိုတာကို စိစစ်နေဆဲဖြစ်ပြီးတော့ နောက်အပတ်ထဲမှာတော့ ကျောင်းတွေဖွင့်လှစ်နိုင်အောင် ကြိုးစား ဆောင်ရွက်နေတယ်လို့ ဒေါက်တာ မြင့်ဌေးကပြော ပါတယ်။
အဲ့ဒီကျောင်းတွေမှာ ပြင်ဆင်ထားရမယ့် ညွှန်ကြားချက် ၈၈ ချက်နဲ့ပြည့်စုံဖို့နဲ့ နယ်က ကျောင်းတွေအတွက် ပြင်ဆင်ဖို့ တော်တော်လေးကို အခက်အခဲတွေရှိနိုင်တယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mynint Lwin
တချို့ ကျောင်းတွေမှာဆိုရင် ညွှန်ကြားထားတဲ့ ၈၈ ချက်အတိုင်း လိုက်နာဆောင်ရွက် ထားကြပေမဲ့ လာရောက် စစ်ဆေးတဲ့အခါ အမှိုက်ပုံးတွေက ခြေနင်းအမှိုက်ပုံးတွေ မဟုတ်ဘဲ ရိုးရိုးအမှိုက်ပုံးဖြစ်နေတာတွေ၊ လက်ဆေးဘေစင်တွေကစွန့်ပစ်တဲ့ရေတွေကို ရေနှုတ်မြောင်းထဲထိ ရောက်အောင် မလုပ်နိုင်တာတွေ၊ ဆီးစွန့်တဲ့နေရာတွေ သီးခြားမရှိတာတွေ၊ ပီပီအီးဝတ်စုံမရှိတာတွေ စတဲ့အချက်တွေကြောင့် အဆင့် အေရရှိဖို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်တစ်ပြည်နယ်လုံးကကျောင်းတွေကို စစ်ဆေးမှုတွေခံယူပြီး ဖွင့်လှစ်ခွင့်ရပြီးမှ ပညာသင်ကြားကြဖို့အတွက် ညွှန်ကြားထားပေမဲ့ တချို့မြို့နယ်တွေမှာ မစစ်ဆေးရသေးတဲ့ ကျောင်းတွေကို ဖွင့်လှစ် ပညာသင်ကြားနေတာတွေ ရှိနေသလို ဘော်ဒါဆောင်တို့လို အပြင်ကျောင်းတွေမှာလည်း ပညာသင်ကြားနေတာတွေ ရှိနေတယ်လို့ ပညာရေး ဝန်ထမ်းတွေက ပြောပါတယ်။
အခုကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေထဲမှာ ကျောင်းသူကျောင်းသားတွေကို ပညာသင်ကြားတဲ့အခါမှာ ကျောင်းသူ ကျောင်းသားတွေ ခြောက်ပေအကွာနေကြရမှာ ဖြစ်သလို ဆရာဆရာမနဲ့ ကျောင်းသူကျောင်းသားတွေဟာ ပညာသင်ကြားတဲ့အချိန်မှာ မျက်နှာဖုံးတွေ တပ်ဆင်ပြီး သင်ကြရမှာဖြစ်တယ်လို့ ပါရှိပါတယ်။
အဲ့ဒီ သတ်မှတ်ချက်တွေက လက်တွေ့မှာမဖြစ်နိုင်သလို ပညာသင်ကြားချိန်လေးနာရီလုံး မျက်နှာဖုံးစွပ်ပြီး နေကြရမှာဖြစ်တဲ့အတွက် ကျောင်းသားတွေအတွက် အခက်အခဲရှိမှာဖြစ်သလို ပညာသင်ယူမှုအပိုင်းကိုလည်း အနှောင့်အယှက်တွေ ဖြစ်စေနိုင်တဲ့အတွက် ကျောင်းခန်းအတွင်းမှာ မျက်နာဖုံးတွေကို မတပ်ခိုင်းရင် ပိုးပြီးတော့အဆင်ပြေနိုင်တယ်လို့ ပညာရေးဝန်ထမ်းတွေက ထောက်ပြတာတွေလည်း ရှိနေပါတယ်။








