ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်မှာစစ်ပွဲတွေကြောင့် စပါးမစိုက်နိုင်တဲ့ လယ်မြေတွေတိုးလာနေ
ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေကြောင့် မိုးစပါးမစိုက်ပျိုးနိုင်ခဲ့တဲ့ လယ်မြေတွေကို စစ်တမ်းကောက်ယူနေပြီးတော့ အခုနှစ်မှာတော့ ပိုမိုဆိုးရွာတဲ့ အနေအထားရှိလာနိုင်တယ်လို့ ရခိုင်ပြည်တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက ပြောပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းက မြို့နယ်တွေမှာ အခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း စပါးမစိုက်ပျိုးနိုင်တဲ့ လယ်မြေတွေကို ရခိုင်ပြည်နယ် တောင်သူလယ်သမား သမဂ္ဂကနေ စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနဲ့၊ အမ်းမြို့နယ်တွေကို အဓိကကောက်ယူနေတာဖြစ်ပြီး အခုဇူလိုင်လအတွင်းမှာ အဲ့ဒီစစ်တမ်းကောက်ယူမှု ကို စတင်ခဲ့တာဖြစ်တယ်လို့ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က စစ်ပွဲတွေကြောင့် မိုးစပါးမစိုက်ပျိုးနိုင်ခဲ့တဲ့ လယ်မြေတွေကိုစစ်တမ်းကောက်ယူခဲ့ရာမှာတော့ လယ်မြေဧကပေါင်း ငါးသောင်းဝန်းကျင်အထိ ရှိခဲ့တယ်လို့ ဦးကျော်ဇံက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေအတွင်းမှာ အခုလိုမျိုး မိုးစပါးစိုက်ပျိုးရာမှာ စပါးမစိုက်ပျိုးနိုင်ဘဲ စွန့်လွှတ်ထားရတဲ့ လယ်မြေတွေအများအပြားရှိနေပြီး တောင်သူတွေစပါးမစိုက်ပျိုးနိုင်ပါက တောင်သူတွေအတွက်ဆုံးရှုံး နစ်နာမှုတွေရှိသလို ရခိုင်ပြည်ဒေသ အတွက်ပါ ထိခိုက်မှုတွေရှိနေတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးထွန်းသာစိန်က ပြောပါတယ်။
"မနှစ်က ကျွန်တော်တို့ မြေယာစစ်တမ်းကောက်ယူတဲ့အခါမှာ စပါးတင်း သိန်းပေါင်း ၃၈၀ လောက်လျော့ကျခဲ့တယ်။ ရခိုင်တစ်ပြည်လုံးပေါ့။ ဒီနှစ်မှာ ပိုပြီးဆိုးလာနိုင်တဲ့အနေအထားကိုတွေ့ရတယ်။ အထူးသဖြင့် ရသေ့တောင်ဆိုရင် ကျောက်တန်းနယ်တစ်နယ်လုံးက တစ်ရွာမှာကိုစိုက်လို့မရဘူး။ စိုက်ခွင့်မရှိဘူးဆိုတဲ့အနေအထားလေ။ ဟိုတလောကဆိုရင် ကျွန်တော်တို့ ဆင်းပြီးတော့စိုက်ကြည့်တယ်။ စိုက်တဲ့အခါမှာ သူတို့ကလှမ်းပြီးတော့ပစ်တယ်လို့ ကြားရတယ်။ သူတို့ကလဲ အကုန်လုံးစွန့်လွှတ်ပြီးတော့ မစိုက်နိုင်တဲ့အနေအထားပေါ့နော်။"လို့ ရခိုင်ပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မိုးစပါးစိုက်ပျိုးရာသီအတွင်း စိုက်ပျိုးမြေတွေကို တောင်သူလယ်သမားသမဂ္ဂက စစ်တမ်းကောက်ယူခဲ့တဲ့အခါအမှာ စစ်ပွဲတွေကြောင့်စပါးမစိုက်ပျိုးနိုင်တဲ့ ဧကပေါင်း ၅ သောင်းလောက်အပြင် ရခိုင်တစ်ပြည်နယ် လုံးမှာ ပလပ်ထားတဲ့မြေ ၂ သိန်းလောက်ရှိနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်တစ်ခုလုံးမှာ တောင်သူလယ်သမား သမဂ္ဂရဲ့စာရင်းအရဆိုရင်စိုက်ပျိုးမြေဧက ၁၁ သိန်းကျော်ထိရှိနေပြီး အဲ့ဒီလယ်မြေတွေဟာ မိုးစပါးတစ်ခုတည်းကို အဓိကစိုက်ပျိုးလုပ်ကိုင် ကြတဲ့ လယ်မြေတွေဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့လအတွင်းက တောင်သူတွေစတင်လယ်ထွန်ကြတဲ့အချိန်မှာ ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေအတွင်းက တောင်သူတချို့တို့ဟာ စစ်ကြောင်းတွေနဲ့တွေ့ရောက်လာတဲ့အတွက် ထွက်ပြေးလာခဲ့ကြရသလို တချို့နေရာတွေမှာလည်း ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတာတွေလည်း ရှိခဲ့ကြပါတယ်။
မြောက်ဦးမြို့နယ်အတွင်းမှာတော့ ပြီးခဲ့တဲ့နှစ်က တိုက်ပွဲပြင်းထန်နေတဲ့အတွက် လယ်မြေတော်တော်များများဟာ အခုလိုမိုးစပါးစိုက်ပျိုးရာသီမှာ စပါးမစိုက်ပျိုးနိုင်တဲ့လယ်မြေတွေရှိခဲ့သလို စိုက်ပျိုးထားတဲ့စပါးခင်းတွေကိုလည်း မရိတ်သိမ်းနိုင်ဘဲ စွန့်လွှတ်ခဲ့ကြရတာတွေလည်း ရှိခဲ့ပါတယ်။
"စပါးမစိုက်နိုင်တဲ့တောင်သူတွေရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲကြောင့် လယ်တွေက ရွာနဲ့ဝေးတော့ မသွားနိုင်တာတစ်ကြောင်း၊ ပြီးတော့ ဒီပတ်ဝန်းကျင်အနေအထားမှာလည်း သွားရလာရတာခက်ခဲတာတစ်ကြောင်း။ လူတွေကလည်း တိုက်ပွဲတွေကိုပဲကြောက်နေရတယ်။ "လို့ ရွာဟောင်းတောကျေးရွာက တောင်သူတစ်ဦးကပြောပါတယ်။
ဒေသတွင်းစစ်ရေးအခြေအနေတွေကြောင့် ကန့်သတ်မှုတွေရှိနေတဲ့အတွက် တောင်သူတွေက သူတို့ရဲ့လယ်မြေတွေကိုသွား လာခွင့်မရရှိကြတဲ့အတွက် စပါးစိုက်ပျိုးခွင့်မရရှိကြတာကြောင့် တခြားအလုပ်တွေကို ပြောင်းလဲလုပ်ကိုင်နေကြရသလို တချို့တောင်သူတွေဆိုရင် ကြုံရာအလုပ်တွေကို လုပ်ကိုင်ပြီး ဝင်ငွေရှာနေကြရတယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့အတွင်းမှာ အခုနှစ်အတွင်း စပါးမစိုက်ပျိုးနိုင်တဲ့ဧကပေါင်း ၇၀၀ ကျော်ခန့်ရှိနေပြီး အဲ့ဒီလယ်မြေတွေမှာ စပါးစိုက်ပျိုးခွင့်ရရှိဖို့အတွက် သက်ဆိုင်ရာဌနအဖွဲ့အစည်းတွေကို အကူအညီတောင်းခံထားပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန်ကြားပေးတာမရှိသေးဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆိုပါတယ်။
"အဲ့ဒီလယ်မြေတွေက တပ်မတော်စစ်ကြောင်းတွေက အဲ့ဒီအနီးနားတစ်ဝိုက်မှာ နေရာယူထားလို့ လယ်သမားတွေက မထွန်ရဲဖြစ်နေပါတယ်။ မနှစ်ကလည်းပဲ အဲ့ဒီလယ်မြေတွေက ဒီတိုင်းပဲ မထွန်ဘဲကျန်ခဲ့ပါတယ်။ ကျွန်တော်တို့ရခိုင်ပြည်နယ်ရဲ့ လေးပုံ သုံးပုံက လယ်သမားတွေကို အဓိက မှီခိုအားထားနေရတဲ့ လူတန်းစားတွေပါပဲ။ ဒီလို လယ်သမားတွေ မိုးရာသီမှာ စပါးမစိုက်ပျိုးနိုင်လို့ရှိရင် လယ်သမားတွေနစ်နာသလို အလုပ်သမားလူတန်းစာရော ဈေးအရောင်းအဝယ်ကအစ အကုန်လုံးနစ်နာမှုရှိပါတယ်။"လို့ ဦးထွန်းသာစိန်က ပြောပါတယ်။
အခုလိုမျိုး တောင်သူတွေစပါးစိုက်ပျိုးခွင့်ရရှိဘဲဖြစ်နေကြတဲ့အတွက် အဲ့ဒီလယ်မြေတွေမှာ စပါးစိုက်ပျိုးလုပ်ကိုင်နိုင်ဖို့ လွှတ်တော်မှာ တင်ပြတောင်းဆိုမှုတွေကို ယခင်က ပြုလုပ်ခဲ့ဖူးပေမဲ့ ထူးခြားမှုမရှိခဲ့ဘူးလို့ ဦးထွန်းသာစိန်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နှစ်နှစ်တာကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း ၂ သိန်းဝန်းကျင်ရှိနေပြီး အဲ့ဒီဒုက္ခသည်တွေထဲမှာ သုံးပုံတစ်ပုံလောက်ဟာ တောင်သူတွေဖြစ်ကြပါတယ်။