ရခိုင်မှာ ကိုဗစ် ဒေသတွင်းကူးသူ နှစ်ဦးရှိပြီ၊ စောင့်ကြည့်သူတစ်ဦး ထွက်ပြေးနေ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ဒေသတွင်းကူးစက်ခံရသူ နှစ်ဦးရှိလာပြီဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။
ရောဂါပိုးကူးစက်ခံရသူအများစုက ပြည်ပကနေဝင်ရောက်လာခဲ့ကြသူတွေဖြစ်ပြီး အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူတွေနဲ့ မလေးရှားနိုင်ငံကပြန်လာခဲ့ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၁၅ ဦးအထိရှိလာနေပြီး တစ်နိုင်ငံလုံးအတိုင်း အတာမှာ ရန်ကုန်နဲ့ကရင် ပြီးရင် ရောဂါပိုးကူးစက်ခံရမှု တတိယအများဆုံး ပြည်နယ်တစ်ခု ဖြစ်နေပါတယ်။
အခုရက်ပိုင်းအတွင်း နောက်ဆုံးကူးစက်ခံရသူတစ်ဦးကို ဆေးစစ်တွေ့ရှိခဲ့ပြီး သူဟာ ပိုးတွေ့အတည်ပြုလူနာနဲ့လည်း ထိတွေ့မှုမရှိသလို ပြည်ပခရီးသွားရာဇဝင်တွေလည်းမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၈ နာရီမှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အခုပိုးတွေ့တဲ့သူဟာ ကျောက်တော်မြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရတဲ့ ပထမဆုံးလူနာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ဒေသတွင်းရောဂါပိုးကူးစက်ခံရမှု ဒုတိယမြောက်လူနာလည်းဖြစ်ပါတယ်။
အဲ့ဒီလူဟာ ကျောက်တော်မြို့နယ် အင်ဘာရီကျေးရွာက အသက် ၂၇ အရွယ် မွတ်ဆလင်အမျိုးသားတစ်ဦးဖြစ်ပြီး မကြာသေးမီရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်ဝင်ရောက်လာခဲ့သူတစ်ဦးကို ပေါက်တောမြို့နယ် ဆင်တက်မော် ဒုက္ခသည်စခန်းကနေ ရွာကိုသွားရောက်ခေါ်ဆောင်ခဲ့ဖူးတယ်လို့ ကျောက်တော်ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။
"သူကတော့ အသွားအလာကန့်သတ်ထားတယ်။ ကွာရန်တင်းဝင်နေရတဲ့လူ။ သူက မော်တော်ဘုတ်မောင်းတာပေါ့။ ဆင်တက်မော်ရွာကနေပြီးတော့ ဘင်္ဂလားဒေ့ရှ်ကဝင်လာတဲ့လူကိုသွားခေါ်တယ်။ ဇွန်လ ၂၆ ရက်နေ့ရောက်တဲ့နေ့ကပဲ ကျွန်တော်တို့ ကွာရန်တင်းသွင်းထားတာ။ ပထမတစ်ကြိမ်စစ်ဆေးတဲ့အခါ Negative ပါ။ ဒုတိတစ်ကြိမ်စစ်ဆေးတဲ့အခါ ပိုးတွေ့တာပါ"လို့ ဒေါက်တာသန်းထွန်းဦးက ပြောပါတယ်။
အဲ့ဒီလူနာကတော့ ဇူလိုင်လ ၁၇ ရက်နေ့မှာ ကျောက်တော်ကနေ စစ်တွေဆေးရုံကြီးကို ရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဌာန လက်ထောက် ညွန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကလည်း တရုတ်နိုင်ငံကနေ ပြန်လည်ဝင်ရောက်လာခဲ့သူ ရခိုင်ဒေသခံတစ်ဦးဟာ အဆုတ်ရောင်ရောဂါကိုခံစားလာခဲ့ရပြီး အသွားအလာကန့်သတ်ထားတဲ့အချိန်မှာ ကိုယ်အပူတက်ပြီးတော့ သတိမေ့သွားခဲ့တဲ့အတွက် အပေါက်ဝတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပေမယ့် အဲ့ဒီနေ့မှာပဲ သေဆုံးသွားခဲ့တာလို့ ဒေါက်တာသန်းထွန်းဦးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ကပြန်ဝင်လာတဲ့သူကတော့ ဒုတိယအကြိမ်ဆေးစစ်ရာမှာလည်း ရောဂါပိုးမတွေ့ပေမယ့် အတူကွာရန်တင်းဝင်နေတဲ့ စက်လှေသမားမှာ ပိုးတွေ့တဲ့အတွက် သူ့ကို တတိယအကကြိမ် ဓာတ်ခွဲနမူနာတွေယူပြီး ဆေးစစ်ဖို့ပို့ထားတယ်တယ်လို့ ဒေါက်တာသန်းထွန်းဦးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ကပြန်ဝင်လာတဲ့လူကို သွားခေါ်ရာမှာ ဘင်္ဂလားဒေ့ရှ်ကပြန်ဝင်လာသူနဲ့အတူ အခုပိုးတွေ့လူနာတို့ကို လိုက်ပို့လာခဲ့တဲ့ ဆင်တက်မော်ကျေးရွာသားတစ်ဦးပါလာပြီး သူတို့သုံးဦးစလုံးကို ကျောက်တော်မြို့နယ်အတွင်းက အင်ဘာရီကျေးရွာမှာပဲ အသွားအလာကန့်သတ်ထားခဲ့တာ ဖြစ်ပါတယ်။
သူတို့သုံးဦးကို ဇွန်လ ၂၈ ရက်နေ့ကပထမအကြိမ် တို့ဖတ်နမူနာတွေယူပြီး ဆေးစစ်ခဲ့ရာ ပိုးမတွေ့ခဲ့ကြောင်း၊ ဒုတိယအကြိမ် တို့ဖတ်နမူနာသွားယူတဲ့အခါမှာ ဆင်တက်မော်ကျေးရွာက လိုက်ပို့လာတဲ့ မွတ်ဆလင်အမျိုးသားဟာ အဲ့ဒီမှာမရှိတော့ဘဲ ထွက်ပြေးသွားခဲ့ပြီဖြစ်တယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။
"ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာတဲ့တစ်ယောက်၊ သွားခေါ်တဲ့တစ်ယောက်၊ ပြီးရင် ဆင်တက်မော်က လိုက်ပို့တဲ့တစ်ယာက် သူတို့သုံးယောက်ကို ကျောက်တော်မှာ ကွာရန်တင်း ထားထားတယ်။ ၂၈ ရက် ၆ လမှာ ဓာတ်ခွဲနမူနာယူပြီး ဆေးစစ်တော့ ပိုးမတွေ့ဘူး။ နောက်ထပ်ဒုတိယတစ်ကြိမ်ကို ၁၄ ရက် ၇ လမှာ ယူဖို့သွားတဲ့အချိန်မှာ အဲဒီတစ်ယောက်က ထွက်ပြေးနေတယ်။ ဆင်တက်မော်ကတစ်ယောက်က ပျောက်သွားတယ်။ ဆင်တက်မော်ကို သွားမေးတဲ့အခါမှာလည်း ဆင်တက်မော်မှာ မရှိဘူး။ အနောက်ရဲကို ရောက်နေတယ်ဆိုလို့ ရဲတို့လဝကတို့ကို လိုက်ခိုင်းတယ်။ အဲ့ဒီမှာလည်း မတွေ့ဘူး"လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။
အဲ့ဒီထွက်ပြေးသွားတဲ့သူကို ရှာဖွေပေးဖို့အတွက် ကျောက်တော်မြို့နယ်နဲ့ ပေါက်တောမြို့နယ်တွေမှာ အကြောင်းကြားထားပြီး ရှာဖွေမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ရခိုင်တပြည်နယ်လုံးမှာတော့ ကွာရန်တင်းဝင်နေတဲ့လူပေါင်း တစ်ထောင်ကျော်ခန့်ရှိနေပြီး သံသယလူနာအရေအတွက်ကတော့ ၈၀ ဦးခန့်ရှိနေတယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။
လက်ရှိမှာ အသွားအလာကန့်သတ်မှုတွေကို ဖြေလျှော့ပေးလိုက်ပြီဖြစ်တဲ့အတွက် ပြည်တွင်းခရီးသွားတွေကို ကွာရန်တင်းထားတာမျိုးမလုပ်တော့ဘဲ မြဝတီဘက်က ပြန်ဝင်လာတဲ့လူတွေ၊ ဘင်္ဂလားဘက်က ပြန်ဝင်လာတဲ့လူတွေနဲ့ နိုင်ငံခြားပြန်တွေကိုပဲ ကွာရန်တင်းထားရှိတာလို့ သိရပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းမှာ ပိုးတွေ့လူနာ ၁၅ ဦးအနက် ကျောက်တော်မြို့နယ်က တစ်ဦးနဲ့ မောင်တောဆေးရုံမှာ ၄ ဦးသာကျန်ရှိတော့ပြီး ကျန်တဲ့လူတွေကတော့ ဆေးရုံကဆင်းသွားကြပြီဖြစ်တယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။








