ကိုရိုနာဗိုင်းရပ်စ် - အမေရိကန်မှာ ကူးစက်သူ ၃ သန်းကျော်ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် ၃ သန်းကျော်သွားပြီလို့ ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
သေဆုံးသူအရေအတွက်က ၁၃၁၀၀၀ ကျော်ပါပြီ။ အင်္ဂါနေ့ကတော့ တစ်နေ့အတွင်း အများဆုံး ကူးစက်မှုစံချိန်သစ် တင်ခဲ့ပါတယ်။
သေဆုံးမှု မြင့်တက်နေပေမယ့် အစိုးရကတော့ ပြန်ဖွင့်ရေး ရှေ့တိုးဆောင်ရွက်ဖို့ ဖိအားပေးနေပါတယ်။ ပြန်ဖွင့်မယ့်အထဲ ကျောင်းတွေလည်း ပါဝင်ပါတယ်။
အိမ်ဖြူတော် ကိုရိုနာအလုပ်အဖွဲ့ကို ခေါင်းဆောင်တဲ့ ဒုတိယသမ္မတ မိုက်ပန့်စ်က စည်းမျဥ်းတွေဟာ သိပ်မတင်းကျပ်သင့်ဘူးလို့ ဆိုနေပါတယ်။
ကူးစက်မှုနှုန်း ကျလာပါပြီလို့ ဒုသမ္မတက ပြောသလို သမ္မတထရမ့်ကလည်း အမေရိကန်ရဲ့ အနေအထားဟာ ကောင်းပါတယ်လို့ အင်္ဂါနေ့မှာပဲ ပြောခဲ့ပါတယ်။
အင်္ဂါနေ့ တစ်နေ့တည်းမှာပဲ ကူးစက်သူ အရေအတွက်က ၆ သောင်းကျော်ရှိခဲ့လို့ အရင် ဇူလိုင် ၂ ရက်နေ့က စံချိန်သစ် တင်ထားတဲ့ ၅၅၂၂၀ ဆိုတဲ့ အမြင့်ဆုံးစံချိန်ကို ချိုးခဲ့ပါတယ်။
ကယ်လီဖိုးနီးယားနဲ့ တက္ကဆက်ပြည်နယ်တွေမှာ နေ့စဥ်ကူးစက်သူ အရေအတွက်ဟာ တစ်သောင်းကျော်စီ ရှိနေပါတယ်။
အမေရိကန်ဟာ ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းထဲမှာ ရုန်းကန်နေရဆဲ အနေအထားမှာပဲရှိသေးတယ်လို့ ကူးစက်ရောဂါပညာရှင်လည်းဖြစ်၊ အိမ်ဖြူတော် ကိုရိုနာ အကြံပေးလည်းဖြစ်တဲ့ ဒေါက်တာ အန်သနီဖော့ချီကဆိုပါတယ်။
ကျောင်းပြန်ဖွင့်ရေးတွန်းအားပေး
ဗုဒ္ဓဟူးနေ့က အမေရိကန်ပညာရေးဌာနမှာ သတင်းထောက်တွေကို ဒုသမ္မတမိုက်ပန့်စ်ကပြောကြားစဥ် အစိုးရရဲ့ ရောဂါကပ်ဘေးကိုင်တွယ်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ခုခံပြောကြားသွားခဲ့ပါတယ်။
“အမေရိကန်ပြည်သူတွေရဲ့ ဆောင်ရွက်ချက်၊ နိုင်ငံတဝန်းက ကျန်းမာရေး၀န်ထမ်းတွေရဲ့ ထူးကဲတဲ့ဆောင်ရွက်ချက်တွေကြောင့် ပျမ်းမျှသေဆုံးမှုနှုန်းလျော့ကျလာတာကို အားတက်စရာ တွေ့ရပါတယ်။” လို့ သူကဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကျောင်းတွေပြန်ဖွင့်ရေးအတွက် လမ်းညွှန်ချက်သစ်တွေကို ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက ထုတ်ပြန်မယ့်အကြောင်းလည်း သူကပြောသွားပါတယ်။ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက အရင်ထုတ်တဲ့ လမ်းညွှန်ချက်ဟောင်းဟာ တင်းကျပ်လွန်းပြီး အကုန်အကျသိပ်များတယ်လို့ သမ္မတ ထရမ့်က ဝေဖန်ခဲ့ပြီး လာမယ့်ဆောင်းဦးရာသီမှာ ပြန်မဖွင့်တဲ့ ကျောင်းကို ဘဏ္ဍာငွေ ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
“လမ်းညွှန်ချက်ဟာ သိပ်တင်းကျပ်တာကို သမ္မတက မလိုလားဘူးလို့ ပြောပါတယ်။ ဒါ့ကြောင့် ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက လမ်းညွှန်ချက်အသစ် ထုတ်ပါလိမ့်မယ်။ စာရွက်စာတမ်း ငါးစုံထုတ်မှာဖြစ်ပြီး ပိုပြီးရှင်းလင်းပါလိမ့်မယ်”လို့ ဒုသမ္မတ မိုက်ပန့်စ်က ဆိုပါတယ်။
အမေရိကန်ရဲ့ ပုံမှန်ကျောင်းဖွင့်ချိန်ဟာ သြဂုတ်လကုန် သို့မဟုတ် စက်တင်ဘာလဆန်းဖြစ်ပါတယ်။
ကျောင်းသားတွေနဲ့ ကျောင်းဝန်ထမ်းတွေ အားလုံးမျက်နှာဖုံးတပ်ကြဖို့၊ လိုအပ်ရင် အိမ်မှာပဲ နေဖို့ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနရဲ့ လမ်းညွှန်ချက်ဟောင်းက အကြံပြုထားပါတယ်။ အတန်းတွေကို တစ်ပြိုင်တည်း မတက်စေဘဲ အချိန်လွှဲပြီး တက်နိုင်အောင် အချိန်ဇယားရေးဆွဲဖို့လည်း အကြံပြုထားသလို ထိုင်ခုံတွေ စီစဥ်ရာမှာ လူချင်းအလှမ်းခွာရေးမူကျင့်သုံးဖို့၊ လူအများစုဝေးရာ နေရာတွေကို ပိတ်ထားဖို့လည်း အကြံပြုထားပါတယ်။
မဲဆွယ်ပွဲအပြီးကူးစက်မှုမြင့်လာ
အုတ်ကလာဟိုးမားပြည်နယ် တာ့ဆာမြို့မှာ ပြီးခဲ့တဲ့လက သမ္မတထရမ့်ရဲ့ မဲဆွယ်စည်းရုံးပွဲနဲ့ တစ်ပြိုင်တည်း ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ကူးစက်မှု အရေအတွက် မြင့်တက်အောင် ပံ့ပိုးခဲ့ကြပုံရတယ်လို့ အေပီ သတင်းဌာနက ရေးသားပါတယ်။
“ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကူးစက်မှု အသစ် ၅၀၀ လောက်တွေ့ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လေးမှာပဲ ကြီးမားတဲ့ လူစုလူဝေးဖြစ်ခဲ့ပါတယ်။ ဒါတွေဟာ အဆက်အစပ်ရှိပုံရပါတယ်။” လို့တာ့ဆာ ကျန်းမာရေးဌာက ညွှန်ကြားရေးမှူး ဒေါက်တာ ဘရုစ်ဒါ့ကဆိုပါတယ်။
ဒီအတောအတွင်းမှာပဲ အဆင့်မြင့် တက္ကသိုလ်ကြီး နှစ်ခုက အစိုးရကို တရားစွဲလိုက်ပါတယ်။ အစိုးရရဲ့ လူဝင်မှုစည်းမျဥ်းဟာ နိုင်ငံတကာကျောင်းသားတွေ တိုင်းပြည်ထဲက ထွက်သွားအောင် အကျပ်ကိုင်တယ်လို့ဆိုပြီး တရားစွဲဆိုလိုက်တာပါ။
အဲဒီစည်းမျဥ်းမှာ ဖော်ပြထားတာက တက္ကသိုလ် ကောလိပ်တွေဟာ ကျောင်းသားတွေကို လူကိုယ်တိုင်ကျောင်းလာတက်ဖို့ အတန်းမဖွင့်ရင် နိုင်ငံခြားကျောင်းသားတွေဟာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ခွင့်မရှိဘူးလို့ ရေးသားထားပါတယ်။ ကပ်ဘေးကာလမှာ တက္ကသိုလ်အများစုဟာ အွန်လိုင်းကနေ စာသင်နေတာဖြစ်ပါတယ်။
တရားစွဲဆိုတဲ့ တက္ကသိုလ်တွေကတော့ ကမ္ဘာ့အဆင့်မြင့် တက္ကသိုလ်ကြီး နှစ်ခုဖြစ်တဲ့ ဟားဗတ်နဲ့ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်တို့ ဖြစ်ကြပါတယ်။
“ကျွန်တော်တို့ရဲ့ နိုင်ငံတကာကျောင်းသားတွေ တိုင်းပြည်ကနှင်ထုတ်မယ်လို့ အခြိမ်းခြောက်မခံရဘဲ စာဆက်လက် သင်ကြားနိုင်အောင် ဒီအမှုနဲ့ပတ်သက်ပြီး အင်အားစိုက်ထုတ် လုပ်ဆောင်သွားပါမယ်။”လို့ ဟားဗတ်ကျောင်းအုပ်ကြီး လောရင့်ဘာကိုးက ဟားဗတ်လူမှုအသိုင်းအဝိုင်းဆီကို ပို့တဲ့ အီးမေးလ်ထဲမှာ ရေးသားဖော်ပြထားပါတယ်။








