ကိုဗစ်ကူးစက်ခံရတဲ့ ခြောက်နှစ်အရွယ်ကလေးကို နယ်စပ်စခန်းကနေ တီးတိန်ဆေးရုံပို့

no caption

ဓာတ်ပုံ ရင်းမြစ်, IPRD Cikha

ရေးသားခဲ့သည်။

အိန္ဒိယကနေ ပြန်လာတဲ့ ချင်းပြည်နယ်က အသက် ခြောက်နှစ်အရွယ်ကလေး ကိုဗစ်ကူးစက်ခံရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီလူနာဟာ လူနာအမှတ် ၃၁၈ ဖြစ်ပါတယ်။ အဲဒီကလေးဟာ ယောက်ျားလေးဖြစ်ပြီး ချင်းပြည်နယ် တွန်းဇံမြို့က ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သူက အိန္ဒိယကနေပြီး မြန်မာနိုင်ငံကို နယ်စပ်ကနေ ပြန်လာတဲ့အုပ်စုမှာ ပါလာသူဖြစ်ပြီး နယ်စပ်စခန်းမှာ ကွာရန်တင်း ဝင်နေသူလည်း ဖြစ်ပါတယ် ။

ရောဂါ ကူးစက်ခံထားရသူ ကလေးငယ်နဲ့ မိခင်ကို ကွာရန်တင်းဝင်နေတဲ့ ကျီခါးနယ်စပ်စခန်းကနေ ချင်းပြည်နယ် တီးတိန်ဆေးရုံကို ဇူလိုင်လ ၉ရက်နေ့ ပို့ဆောင်မှာဖြစ်ပြီး ကားလမ်း တိုက်ရိုက် မပေါက်တာကြောင့် ဆိုင်ကယ်တစ်ဆင့်၊ ကားတစ်ဆင့်နဲ့ ခေါ်ဖို့ စီစဉ်နေတယ်လို့ ချင်းပြည်နယ်လူမှုရေး ဝန်ကြီး ပေါင်လွန်မင်းထန်က ဘီဘီစီကို ပြောပါတယ်။

ချင်းပြည်နယ် ရိခေါလ်ဒါ နယ်စပ်

ဓာတ်ပုံ ရင်းမြစ်, Nu Nill

ဓာတ်ပုံ ပုံစာ, ချင်းပြည်နယ် ရိခေါလ်ဒါ နယ်စပ်

ကိုဗစ်ကူးစက်ခံရတဲ့ ခြောက်နှစ်အရွယ်ကလေးနဲ့ အတူပြန်လာသူ ၂၇ ဦးမှာ ကျန်တဲ့ သူတွေကတော့ ကိုရိုနာဗိုင်းရပ်စ်မတွေ့ရဘဲ သူတစ်ဦးတည်းသာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ချင်းပြည်နယ်လူမှုရေး ဝန်ကြီးကပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ အခုရက်ပိုင်း ကိုရိုနာဗိုင်းရပ်စစ် ကူးစက်ခံရမှုဟာ ကမ္ဘာမှာ တတိယအများဆုံး ဖြစ်နေပြီး ဇူလိုင်၈ ရက်နေ့ တစ်ရက်တည်းမှာကိုပဲ ကူးစက်ခံရသူ အရေအတွက်ဟာ နှစ်သောင်းကျော် ရှိခဲ့ပါတယ်။

ဇူလိုင်လ ၈ ရက်နေ့အထိ အိန္ဒိယမှာ လူပေါင်း ခုနစ်သိန်းကျော် ကူးစက်ခံထားရပြီး ဒီရောဂါကြောင့် လူပေါင်း နှစ်သောင်းခြောက်ရာခန့် သေဆုံးခဲ့တယ်လို့ တရားဝင်စာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အိန္ဒိယကနေ တပ်မတော် လေယာဥ်နဲ့ ပြန်လာတဲ့ အရာရှိ၊စစ်သည် ၃ ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့ရှိရတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင်လ ၃ ရက်နဲ့ ၄ ရက်တို့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယနယ်စပ် မိုးရေး မြို့

ဓာတ်ပုံ ရင်းမြစ်, PHONE NAING PHYO

ဓာတ်ပုံ ပုံစာ, အိန္ဒိယနယ်စပ် မိုးရေး မြို့

မြန်မာနိုင်ငံကို ပြည်ပက ဝင်လာသူတွေဆီက နိုင်ငံအလိုက် ပိုးတွေ့ရသူတွေအနက် ကူးစက်မှု ပြင်းထန်နေတဲ့ အိန္ဒိယက ပြန်လာပြီး ကူးစက်သူ ၅၃ ယောက်နဲ့ အများဆုံး ဖြစ်ပြီးတော့ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံထဲကို နယ်စပ်ကနေ ဝင်လာသူတွေဆီက ကူးစက်တာကတော့ ၁၂ ယောက် ရှိပါတယ်။

ဇူလိုင် ၉ ရက် အိန္ဒိယကပြန်လာပြီး ပိုးတွေ့တဲ့ ကလေးငယ်နဲ့ အတူတူနေထိုင်သူ ကလေးငယ်မိခင် အပါအဝင် ၄ ယောက်မှာတော့ ကိုဗစ် ၁၉ ရောဂါပိုး မတွေ့ရှိရဘဲ ကလေးမှာပဲ တွေ့ရှိရတဲ့အတွက် ကူးစက်မှုက ထူးဆန်းနေပြီး သတိထား စောင့်ကြည့်နေရတဲ့ အနေအထားမှာရှိတယ်လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်က ဘီဘီစီကို ပြောပါတယ်။

ဒီကလေးငယ်ဟာ သူ့မိသားစုတွေနဲ့အတူ ဇူလိုင်လ ၃ရက်နေ့လောက်က အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့ကနေ နယ်စပ်ကတစ်ဆင့် ချင်းပြည်နယ် ကျီခါးဘက်ကနေ ဝင်လာတာ ဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ် ။

ချင်းပြည်နယ် နယ်စပ်ကနေ မြန်မာနိုင်ငံထဲ ပြန်ဝင်လာသူဟာ အခုအခါ တစ်ရာကျော်လောက် ရှိနေပြီဖြစ်ပြီး ကျီခါးနဲ့ ရိဒ် နယ်စပ်မှာ အိန္ဒိယက ပြန်လာပြီး ကွာရန်တင်းဝင်နေသူ အရေအတွက်ဟာ ၇၀ ဝန်းကျင်လောက်ရှိတယ်လို့လည်း သိရပါတယ်။

ကွာရန်တင်း ထားဖို့ပြင်နေတဲ့ခန်းမ

ဓာတ်ပုံ ရင်းမြစ်, IPRD Cikha

ဓာတ်ပုံ ပုံစာ, ကွာရန်တင်း ထားဖို့ပြင်နေတဲ့ခန်းမ

ကိုရိုနာ ကူးစက်ခံရတဲ့ ကလေးငယ်ဟာ မိခင်အပါအဝင် လေးဦးနဲ့ တစ်အိမ်တည်း နေထိုင်သူဖြစ်ပြီး သူ့ကို ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ အတည်ပြုလူနာတွေ ထားတဲ့ အတိုင်း သီးသန့်ထားဖို့ ပြင်ဆင်နေတယ်လို့လည်း သူကပြောပါတယ်။

ချင်းပြည်နယ်မှာ ဇူလိုင်လ ၇ ရက်နေ့က ကိုဗစ် ၁၉ ရောဂါကူးစက်သူ နံပါတ် ၂၃၂ ဆေးရုံက ဆင်းပြီးနောက် ကိုဗစ်လူနာမရှိတော့ဘဲ နှစ်ရက်အကြာမှာ အခုလို နောက်တစ်ယောက် တွေ့ရှိတာဖြစ်ပါတယ် ။

တီးတိန်ဆေးရုံမှာ လက်ရှိ ကိုရိုနာ ရောဂါကူးစက်ခံရသူတွေအတွက် သီးခြားခွဲထားတဲ့ အဆောင်မရှိတာကြောင့် အရင်လူနာတွေထားတဲ့ ဝန်ထမ်းအိမ်ရာမှာပဲ ကလေးနဲ့ မိခင်ကို ထားဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးက ပြောပါတယ်။

နောက်ထပ်လည်း အိန္ဒိယမှာ သွားရောက်ပြီး ရက်ကန်းလုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်သား ၃၀၀ ခန့် ပြန်လာဖို့ရှိတယ်၊ အားလုံးပြန်လာပါက ကွာရင်းတင်းစင်တာ မလုံလောက်မှုကြောင့် တစ်သုတ်ကို လူ ၅၀ ခွဲပြီး ပြန်လာဖို့ မှာကြားထားတယ်လို့ ဝန်ကြီးက ပြောပါတယ် ။