အိန္ဒိယ နယ်စပ်ကနေ ပြန်ဝင်လာ၅၀ ကျော်ကို ကွာရန်တင်းထားပြီး ဓာတ်ခွဲစစ်ဆေး

ဓာတ်ပုံ ရင်းမြစ်, Phone Naing phyo
အိန္ဒိယ မြန်မာ ရိခေါလ်ဒါ နယ်စပ်ကနေ ချင်းပြည်နယ်အစိုးရကို ဆက်သွယ်ပြီး ပြန်လည် ဝင်ရောက်လာသူ တွေအားလုံးကို အစိုးရ အစီစဥ်နဲ ကွာရန်တင်းထားရှိပြီး ကိုဗစ် ၁၉ ရောဂါ ရှိမရှိ သိရဖို့အတွက် ဓာတ်ခွဲ နမူနာ တွေယူပြီး စစ်ဆေး မှုများပြုလုပ်လျက်ရှိ တယ်လို့ ချင်းပြည်နယ် အစိုးရ အဖွဲ့ ကဘီဘီစီ ကိုပြောပါတယ်။
သူတို့ကို ဖလမ်းမြို့မှာ အသွားအလာ ကန့်သတ်တဲ့ ကွာရန်တင်း ထားရှိပြီးတော့ ကိုဗစ် ၁၉ ရောဂါပိုး ရှိမ ရှိသိနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ဓာတ်ခွဲ နမူနာ တွေကို အစိုးရဆီပေးပို့စစ်ဆေးခဲ့တာလို့လည်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်က ဘီဘီစီ ကို ပြောပါတယ်။
ဇွန်လ ၆ ရက်နေ့ က ပြန်ဝင်လာတဲ့ သူ ၃၃ ယောက် စလုံး နမူနာ တွေ ပို့ထားတယ် အဖြေတော့ မသိရသေးဘူး လို့လည်း သူကပြောပါတယ်။
ဇွန်လ ၁၄ ရက်နေ့ အထိ အိန္ဒိယ မြန်မာနယ်စပ်ကနေ ပြီး မြန်မာနိုင်ငံထဲ ပြန်ဝင် လာသူ ၅၆ ဦး ရှိပြီးတော့ ရောဂါပိုး တွေ့ သူ မ ရှိသေးဘူးလို့ လည်းချင်းပြည်နယ် အစိုးရက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nu Nill
ချင်းပြည်နယ် ရိခေါလ်ဒါ ဝင်ပေါက်တွေကနေ မေလ ၂၁ ရက်နေ့ ထဲက ပြန်ဝင်လာကြတာဖြစ် ပြီးတော့ ပြန်ဝင်လာသူတွေ ဟာ အိန္ဒိယ ဘက် မှာကျမ်းစာ သင်တန်းကျောင်းသွားတက် ကြသူတွေ အများစုဖြစ်ကြပါတယ်။
ဇွန်လ ၅ ရက်နေ့က ပြန်လာ သူ ၃၃ ယောက်ဟာ အိန္ဒိယနိုင်ငံ ဂူဝါဟာတီ၊ အာဆမ်နဲ့ ဘန်ဂလော တို့မှာ ကျမ်းစာသင်ကျောင်း တက်နေသူတွေ ဖြစ်ပါတယ်။
အဲဒီ၃၃ ယောက်ဟာ ချင်းပြည်နယ် မှာနေထိုင်သူတွေသာမက တန့်ယန်း၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြစ်ကြီးနား၊ သီပေါ စတဲ့မြို့တွေမှာလည်းနေထိုင်သူတွေပါဝင်တယ်လို့ သိရပါတယ်။
မိုးရေး ကနေ တစ်ဆင့်စစ်ကိုင်းတိုင်း တမူးဘက် ကနေ ဝင်လာသူ ၆ဦး ရှိပြီး အဲဒီ သူတွေ ကတော့ ချင်းလူမျိုးတွေဖြစ်ကာ တရားမဝင် ခိုးဝင်မူနဲ့တရားစွဲခံရဖို့ရှိနေတယ်လို့ တမူးဒေသခံတွေဆီကနေ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Phone Naing phyo
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယနိုင်ငံတို့မှာ ကိုဗစ် ၁၉ ရောဂါဟာ ကူးစက်မှုနူန်းတွေတိုးလာနေပြီးတော့ အိန္ဒိယ မှာ ရောဂါ ကုးစက်ခံရသူ ၃ သိန်း ၂ သောင်းကျော် ရှိလာပြီ ဖြစ်ကာ သေဆုံးသူ ဟာ လည်း ကိုးထောင် နှစ်ရာ ကျော် ရောက် ရှိလာနေပြီဖြစ်ပါတယ်။
ဒါကြောင့် အိန္ဒိယနိုင်ငံ အတွင်းမှာ ရောက်ပြီးပိတ်မိ နေတဲ့ မြန်မာနိုင်ငံသားတွေ ဟာ ပြန်လာချင်နေကြပြီးတော့ တချို့ဟာလည်း ပြန်လာဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါပေမဲ့လည်း အိန္ဒိယနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်းတမူးမြို့နယ်က မိုးရေး- တမူး ဝင်ပေါက်နဲ့ ၊ ချင်းပြည်နယ် ရိခေါလ်ဒါ ဝင်ပေါက်တွေကနေလည်း မြန်မာနိုင်ငံသားအချို့ပြန်လည် ဝင်ရောက်လာကြတာတွေလည်း ရှိနေပါတယ်။
နယ်စပ်ပြန်ဝင်လာသူတွေထဲ မှာ ကွာရင်တင်းဝင်ပြီး ရောဂါပိုးစစ်ဆေးရာမှာ မတွေ့လို့နေရပ်ပြန်သွားသူ ၁၆ ဦးရှိတယ်လို့လည်းချင်းပြည်နယ် လူမှုရေးဝန်ကြီး က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဝင်ရောက်လာသူ တစ်ဦးနဲ့ အိန္ဒိယက ပြန်လာသူ ၁၀ ဦးတို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို ထပ်တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ဇွန်လ ၁၁ ရက် ညပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဘူးသီးတောင်မှာ တွေ့ရတဲ့ ကူးစက်ခံရသူဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တရားမဝင် ဝင်ရောက်လာသူ ဖြစ်တယ်လို့ ဘူးသီးတောင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ဘီဘီစီကို ပြောပါတယ်။
အိန္ဒိယက ပြန်လာသူတွေမှာတော့ အမျိုးသမီး ၈ ဦးနဲ့ အမျိုးသား ၂ ဦးမှာ ကူးစက်ခံရတာကို တွေ့ရှိခဲ့ရပြီး သူတို့တွေဟာ အသက် အငယ်ဆုံး ၁၀ နှစ်ကနေ အကြီးဆုံး အသက် ၇၀ နှစ်အရွယ်ထိ ဖြစ်ပါတယ်။
သူတို့တွေဟာ တောင်ဒဂုံနဲ့ ဗိုလ်တထောင်မြို့နယ်တို့မှာ အသွားအလာကန့်သတ်ထားသူတွေ ဖြစ်ပြီး သူတို့ကို တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးမှာ ကုသမှု ခံယူစေမယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အခုလတ်တော အိန္ဒိယက ပြန်လာသူတွေထဲ ကရောဂါပိုးတွေ့သူ အများဆုံးဖြစ်ပြီးတော့ ၃၀ ကျော်ရှိပြီလို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ ဇွန်လ ၁၄ ရက် အထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၆၁ဦးရှိပြီး သေဆုံးသူ ၆ ဦးရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nu NILL
ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီကနေ ပြည်ပနိုင်ငံကနေ တရားမဝင် ပြန်လည် ဝင်ရောက်လာပြီး ဝင်ရောက်ကြောင်း သိလျက်နဲ့ လက်သင့်ခံမယ် ဆိုရင် သက်ဆိုင်ရာတည်ဆဲ ဥပဒေတွေအရ အရေးယူမယ်လို့ ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန် အသိပေးကြေညာထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က အိန္ဒိယနိုင်ငံ နာဂလမ်းပြည်နယ်မှာ ကျမ်းစာ သင်ကျောင်းတက်ရောက်ရာကနေ ပြန်လာသူ ချင်းပြည်နယ်က အမျိုးသား (၆) ဦး ဟာမိုးရေးအနောက် ဘက်ခြမ်းတရားမဝင်တောလမ်းက တစ်ဆင့် တမူးမြို့နယ်၊ အူးစူး-သာယာကုန်းအုပ်စုအတွင်း ညအိပ်ဝင်လာကြ ပြီး တမူးမြို့ကိုရောက်နေတာကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန ကစစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။
ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အဆိုပါပြန်လည်ဝင်ရောက်လာသူ (၆) ဦး ကို ကျန်းမာရေးအခြေအနေစစ်ဆေးကာ၊ သူတို့ရဲ့ ဓာတ်ခွဲနမူနာတွေကို ရယူပြီး ဇွန်လ ၁၃ ရက်နေ့က မန္တလေး ကို ပေးပို့စစ်ဆေးထားတယ်လို့လည်း တမူးဒေသခံတွေ ကပြောပါတယ်။
အဆိုပါပြန်လည်ဝင်ရောက်လာသူ (၆) ဦး ဟာ ချင်းပြည်နယ်၊ ဟားခါးမြို့က(၅) ဦး၊ ထန်တလန်မြို့က (၁) ဦး၊ ဖြစ်ပြီးတော့ တမူးမြို့၊ ကုတင်(၁၀၀) ဆံ့ပြည်သူ့ဆေးရုံ မှာ စောင့်ကြပ်ထားရှိထားတယ်လို့ လည်းဒေသခံတွေ က ဘီဘီစီကိုပြောပါတယ်။








