ကျိုင်းကောင်ရန် ကာကွယ်ရေး အိန္ဒိယနဲ့နီးတဲ့ နယ်စပ်တွေ ဦးစားပေး

ပါကစ္စတန်မှာ မေလကုန်က တွေ့ရတဲ့ ကျိုင်းကောင်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ပါကစ္စတန်မှာ မေလကုန်က တွေ့ရတဲ့ ကျိုင်းကောင်
ရေးသားခဲ့သည်။

အာဖရိကတိုက်က ကန္တာရကျိုင်းကောင် အမျိုးအစားတွေဟာ အိန္ဒိယနဲ့ ပါကစ္စတန် ကန္တာရ လွင်ပြင်တွေကို ရောက်လာပြီး စိုက်ခင်းတွေကို ဖျက်ဆီးစားသောက်တာကြောင့် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အိန္ဒိယမှာ ကျိုင်းကောင် အန္တရာယ်ကို ရင်ဆိုင်နေကြရပါတယ်။

ဒီကန္တာရကျိုင်းကောင်တွေဟာ အပွားနှုန်းလည်း အင်မတန် လျင်မြန်ပြီး ဖျက်ဆီးနှုန်းလည်း မြင့်တဲ့ အတွက် မြန်မာနိုင်ငံမှာ ဒီကိစ္စကို ဦးစားပေး အစီအစဉ်နဲ့ စောင့်ကြည့်ရမယ့် ပြည်နယ်ဒေသတွေကို တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

အဲဒီကျိုင်းကောင်တွေဟာ လေလမ်းကြောင်းသင့်တဲ့အခါ ဝင်ရောက်နိုင်တာကြောင့် အိန္ဒိယနဲ့ နီးစပ်တဲ့ နာဂတောင်တန်း စစ်ကိုင်းတိုင်းဘက်တွေကို အထူးသတိထားဖို့နဲ့ တခြားပြည်နယ်တိုင်းတွေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တွေက ဒေသတချို့ကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သတိပေးနှိုးဆော်ထားပါတယ်။

ဒါကြောင့် ကျိုင်းကောင်ဝင်ရောက်လာနိုင်ခြေနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ နီးစပ်တဲ့ နယ်စပ်ဒေသတွေကို အထူးဦးစားပေးပြီး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်သွားမယ်လို့ စစ်ကိုင်းတိုင်း စိုက်ပျိုးရေးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO နဲ့ ပညာရှင်တွေရဲ့ တွက်ချက်မှုအရ ကျိုင်းကောင်ဝင်ရောက်မယ်ဆိုရင် ဇူလိုင်လကုန်၊ သြဂုတ်လဆန်းလောက် ဝင်နိုင်တယ်လို့ တွက်ချက်ထားတယ်လို့ ဆိုပါတယ်။

ကန္တာရကျိုင်းကောင်က ဘယ်လိုအကောင်လဲ

မေလကုန်ပိုင်းမှာ အိန္ဒိယ လူနေရပ်ကွက်တစ်ခုက သရက်ပင်ပေါ်တွေ့ရတဲ့ ကျိုင်းကောင်တွေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မေလကုန်ပိုင်းမှာ အိန္ဒိယ လူနေရပ်ကွက်တစ်ခုက သရက်ပင်ပေါ်တွေ့ရတဲ့ ကျိုင်းကောင်တွေ

အဲဒီကန္တာရကျိုင်းကောင်ရဲ့ သိပ္ပံအခေါ်က ရှက်စတိုစာကာ ဂရက်ဂေးရီးယား (Schistocerca gregaria) ဖြစ်ပြီး နှံကောင်မျိုးနွယ်ဝင် အကောင်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကန္တာရကျိုင်းကောင်တွေဟာ အုပ်စုငယ်တွေ ပေါင်းမိသွားရင် အုပ်စုကြီးတွေအဖြစ် မိုင်ထောင်ချီ ပျံသန်းသွားပြီး လမ်းတစ်လျှောက်က စိမ်းစိမ်းမြင်သမျှ စားသောက်ဖျက်ဆီးတတ်တယ်လို့ ဆိုပါတယ်။

အဲဒီအကောင်တွေထဲက အကောင်ကြီးတွေဟာ ၄ စင်တီမီတာကနေ ၆ စင်တီမီတာထိရှိတယ်၊ အဝါရင့်ရောင်၊ ပန်းရောင်ရှိပြီး အတောင်တွေပေါ်မှာ အညိုရောင် အပြောက်တွေ ပါရှိတယ်လို့ ဆိုပါတယ်။

ကန္တာရကျိုင်းကောင် အကောင် ၁၀၀၀ ရဲ့ သီးနှံ စားနှုန်းဟာ လူ တစ်ယောက် စားနှုန်းနဲ့ ညီမျှလို့ သန်းနဲ့ချီတဲ့ ကျိုင်းကောင်အရေးက သီးနှံစားနပ်ရိက္ခာ စိုက်ပျိုး ထုတ်လုပ်မှုကို အကြီးအကျယ် ထိခိုက်နိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။

ကန္တာရ ကျိုင်းကောင်တွေရဲ့ သဘာဝက မျိုးစုံ စားသောက်တတ်ပြီး စိမ်းလန်းစိုပြည်တဲ့ တောအုပ်ကနေ စိုက်ခင်းတွေအထိ စားသောက်တတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူသားတွေရဲ့ စားနပ်ရိက္ခာဖြစ်တဲ့ စိုက်ခင်းတွေကို ဂရုစိုက်ရမယ်လို့ ဦးဝင်းလှိုင်ဦးက ဆိုပါတယ်။

ကျိုင်းကောင်ရန် ကာကွယ်ရေးအတွက် အထူးသဖြင့် အိန္ဒိယနဲ့ နီးစပ်တဲ့ စစ်ကိုင်းတိုင်းမှာ ဝန်ထမ်းတွေကို သင်တန်းပို့ချပေးထားပြီး တောင်သူတွေဆီကိုလည်း တစ်ရွာချင်းလိုက်ပြီး နည်းပညာပေးထားတယ်လို့ ဆိုပါတယ်။

အိန္ဒိယမှာတွေ့ရတဲ့ ကျိုင်းကောင်တွေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အိန္ဒိယမှာတွေ့ရတဲ့ ကျိုင်းကောင်တွေ

မြန်မာမှာတွေ့တဲ့ အမျိုးအစား

အခု ရက်ပိုင်းမှာ မြန်မာနိုင်ငံမှာလည်း စစ်ကိုင်းတိုင်း ဟုမ္မလင်းဘက်မှာ ကျိုင်းကောင်တွေ တွေ့ထားပေမယ့် ပြည်တွင်း ပင်ရင်းမျိုးတွေဖြစ်တာ တွေ့ရတယ်လို့ ဦးဝင်းလှိုင်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကျနေတဲ့ နှံကောင်ရဲ့ သိပ္ပံအမည်ကတော့ အောလားချက်စ် မစ်လီယာရိုက်စ် Aularches miliaris (Linnaeus, 1758) လို့ ခေါ်တဲ့ အဝါစက်ပြောက်နှံကောင် ခေါ် ကော်ဖီနှံကောင်လို့ ထုတ်ပြန်ထားပြီး ဒီအကောင်တွေဟာ အိန္ဒိယဘက်မှာ လက်ရှိကျရောက်နေတဲ့ အကောင်တွေ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒီအကောင်တွေဟာ မေလကစပြီး သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာလည်း ကျရောက်နေပြီး မြန်မာမှာ ၁၉၉၄ ခုနှစ်တုန်းက ကျရောက်ခဲ့ဖူးတဲ့ အကောင်တွေ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီအကောင်တွေကတော့ တစ်ဟုန်ထိုးပွားများတာမျိုး မဖြစ်နိုင်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

အဲဒီကော်ဖီနှံကောင်တွေဟာ ကာလတိုသာ ကျရောက်တတ်ပြီး ကျရောက်ပြီး တစ်လလောက်မှာ ပျောက်ကွယ်သွားတတ်တယ်လို့လည်း စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ကျိုင်းကောင် ကာကွယ်ရေးကို ဇီဝနည်းပညာ၊ သဘာဝနည်းပညာတွေ နဲ့ ဖြေရှင်းဖို့ ပြင်ဆင်နေပြီး ဓာတုနည်းပညာကို နောက်ဆုံးမှ အသုံးပြုမယ်လို့ ဦးဝင်းလှိုင်ဦးဆိုပါတယ်။