ရခိုင်နဲ့ချင်းက မြို့နယ် တချို့ အင်တာနက်ပြန်ဖွင့်ရေး ရန်ကုန်မှာ လှုပ်ရှားသူတွေ အမှုဖွင့်ခံရ

ဓာတ်ပုံ ရင်းမြစ်, JPaing / MPA
အသံအဖွဲ့က ကဗျာဆရာ မောင်ဆောင်းခ အပါအဝင် ၅ ဦးကို ဇွန်လ ၂၁ ရက်နေ့က ဆူးလေဘုရားအနီး တော်ဝင် ခုံး တံတားပေါ်မှာ ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်မှုနဲ့ပက်သတ်ပြီး ဆန္ဒထုတ်ဖော်လို့ ဆိုပြီး ကျောက်တံတားရဲစခန်းက ငြိမ်းစုစီပုဒ်မ ၁၉နဲ့ အမှုဖွင့်ခဲ့တယ်လို့ အမှုဖွင့်ခံရသူတွေထံပေးပို့တဲ့ ဆင့်ခေါ်စာအရ သိရပါတယ်။
ကျောက်တံတားရဲစခန်းရဲ့ ဆင့်ခေါ်စာကို မောင်ဆောင်းခတို့ အသံအဖွဲ့အနေနဲ့ လက်ခံရရှိထားတယ်လို့လည်း အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ဘီဘီစီကို အတည်ပြုပါတယ်။
ဆင့်ခေါ်စာထဲမှာတော့ "ရာဇဝတ်မှုတွေကျူးလွန်တာကို၊ လူသတ်နေတာကို မသိစေချင်လို့၊ အင်တာနက်ဖြတ်တာလား၊ ရခိုင်နဲ့ ချင်းဒေသ တချို့ အင်တာနက်ဖြတ်တောက်မှု အလိုမရှိ" အစရှိတဲ့ စာတမ်းပါပိတ်စတွေနဲ့ ဆူးလေဘုရားလမ်းဆုံ တော်ဝင် ခုံးတံတားပေါ်မှာ ချိတ်ဆွဲခဲ့တာကြောင့်လို့ ပါရှိပါတယ်။
ဒါကြောင့် မောင်ဆောင်းခ အပါအဝင် ၅ ဦးကို ဇွန်လ ၂၃ရက်၊ နေခင်း ၁နာရီမှာ ရဲစခန်းကို မပျက်မကွက်လာဖို့ အကြောင်းကြားတယ်လို့လည်း ပါရှိပါတယ်။
အဲဒီလိုခေါ်ဆိုမှုကို သွားရောက်ခဲ့မှုရှိမရှိကိုတော့ ဘီဘီစီကအတည်မပြုနိုင်သေးသလို၊ အသံအဖွဲ့က မောင်ဆောင်းခကိုလည်း ဆက်သွယ်လို့မရသေးပါဘူး။
ဒါ့အပြင် အသံအဖွဲ့က အခြားခေါင်းဆောင်ပိုင်းအချို့ကို ဆက်သွယ်ရရှိပေမယ့် တရားစွဲခံထားရသူ အခြား ၅ဦးဆိုတာ ဘယ်သူ၊ ဘယ်ဝါဆိုတာကို ရဲတပ်ဖွဲ့ကလည်း အတိအကျပြောဆိုတာမရှိတဲ့အတွက် သူတို့အနေနဲ့လည်း အဆိုပါကိစ္စတွေကို အတိအကျပြောဆိုနိုင်ခြင်းမရှိသေးပါဘူး။
သြဂုတ်လ ၁ရက်နေ့အထိတော့ လက်ရှိအင်တာနက်ဖြတ်တောက်ထားတဲ့ နေရာတွေကို ဆက်လက်ဖြတ်တောက်ထားဦးမှာလို့ မနေ့ကကျင်းပတဲ့ တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲအပြင် ဘီဘီစီကိုသီးသန့်ဖြေကြားချိန်တွေမှာပါ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားထားပါတယ်။
ရခိုင်ပြည်နယ်ကစစ်ဖြစ်နေတဲ့ ရသေ့တောင်အပါအဝင် မြို့နယ် ၇ ခု နဲ့ ချင်းပြည်နယ်က ပလက်ဝတို့ကို အင်တာနက်ဖြတ်တောက်ထားတာ ဇွန်လ ၂၁ရက်နေ့ကဆိုရင် တစ်နှစ်ပြည့်သွားပါပြီ။

ဓာတ်ပုံ ရင်းမြစ်, JPaing / MPA
အဲဒီတနှစ်ပြည့်တဲ့နေ့မှာပဲ ရခိုင်အပါအဝင် ရန်ကုန်အစရှိတဲ့ဒေသတွေက တက်ကြွလှုပ်ရှားသူတွေက အင်တာနက်ပြန်ဖွင့်ပေးဖို့ကို အွန်လိုင်းကနေ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
အခုလိုဆန္ဒပြတောင်းဆိုမှုတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုတွေ၊ ဒေသခံတွေရဲ့ တောင်းဆိုမှုတွေကို ထည့်သွင်းစဉ်းစားပြီး ပြန်လည်ဖွင့်ပေးနိုင်ရေးအတွက် စဉ်းစားတာမျိုးတွေလည်း ရှိတယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောပါတယ်။
ဒါပေမယ့်လည်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့တွေရဲ့ နယ်မြေလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်တွေအထောက်အကူပြုနိုင်ရေးကြောင့် ဆက်လက်ဖြတ်တောက်မှုတွေလုပ်ဖို့ တင်ပြလာတဲ့အခါ ဥပဒေနဲ့အညီ ဖြတ်တောက်မှုတွေလုပ်ပေးရတာမျိုးဖြစ်တယ်လို့ သူကပြောပါတယ်။
ထပ်တိုးမယ့်အခြေအနေကိုတော့ တပတ်ကြိုပြီး မြန်မာ့ဆက်သွယ်ရေးကို အကြောင်းကြားလေ့ရှိပြီး အဲဒီလိုအကြောင်းကြားလာတဲ့အခါ သက်ဆိုင်ရာဆက်သွယ်ရေး အော်ပရေတာတွေ ကို သုံးရက်ကြိုတင်ကာ ထပ်မံ အကြောင်းကြားတာမျိုး လုပ်လေ့ရှိတယ်လို့ ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဆွေက ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အလားတူ အင်တာနက်ပိတ်ဆို့မှု ပြန်ဖွင့်ပေးဖို့ တောင်းဆိုကြတဲ့ ရမ်းဗြဲက လူငယ်ကွန်ရက်အဖွဲ့ဝင်ခေါင်းဆောင် ကိုမျိုးမင်းထွန်းကိုလည်း ရမ်းဗြဲရဲတပ်ဖွဲ့က ဇွန်လ ၂၂ရက်နေ့မှာ ငြိမ်းစုစီ ပုဒ်မ ၁၉နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
ဒါကြောင့် အခုအသံအဖွဲ့ခေါင်းဆောင်အပါအဝင် ၆ ဦးကိုအမှုဖွင့်တာက အင်တာနက်ဖြတ်တောက်မှု အွန်လိုင်းကနေ ဆန္ဒပြကြသူတွေကို ငြိမ်းစုစီနဲ့ အမှုဖွင့်အရေးယူတာ ဒုတိယမြောက် ဖြစ်စဉ်လည်းဖြစ်ပါတယ်။








