ဇွဲကပင်တောင်တက်ရင်းပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူရဲ့ရုပ်အလောင်းကိုတွေ့ပြီ

ရေးသားခဲ့သည်။

ဇွန်လ ၂၅ရက် ညနေ ၃:၃၀ အချိန်က ဇွဲကပင်တောင်ပေါ်တက်ရင်း ပျောက်ဆုံးနေတဲ့ ဘားအံတက္ကသိုလ် သတ္တဗေဒကျောင်းသူကို ဒီကနေ့ ဇွန် ၂၇ ရက်နေ့မှာ ဒရုန်းနဲ့ ရှာဖွေရေးဆက်လုပ်ရာက အမျိုးသမီးငယ်ကို တောင်ထိပ်အနီး အောက်ကချောက်ထဲမှာ သေဆုံးလျက်ပြန်တွေ့ပြီလို့ ဇွဲကပင်တောင်ကိုရောက်ရှိနေတဲ့ ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်က ဘီဘီစီကို ပြောပါတယ်။

' ' မနေ့က နောက်ဆုံး ဆိုင်ကယ်သော့တွေ့တဲ့နေရာကို သေချာသိရလို့ အဲဒီနေရာအနီးက ချောက်ကို ဒရုန်းနဲ့ကြည့်တော့ ရုပ်အလောင်းလို့ယူဆရတဲ့ဓာတ်ပုံကိုရတယ်၊ မသေချာမှာစိုးလို့ ကယ်ဆယ်ရေးအဖွဲ့တွေကိုယ်တိုင် ချောက်ထဲဆင်းပြီးတော့ ကလေးမရဲ့ရုပ်အလောင်းဘေးကိုရောက်နေပြီ။ ပြန်သယ်ဖို့လုပ်နေပါပြီ။''လို့ လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်ကပြောပါတယ်။

ပျောက်ဆုံးနေသူ အမျိုးသမီးငယ်ဟာ ဘားအံတက္ကသိုလ်၊ သတ္တဗေဒဘာသာရပ်မှာ ဂုဏ်ထူးတန်း ပထမနှစ် တက်ရောက်နေသူဖြစ်ပြီး ဇွန် ၂၅ ညနေပိုင်းက သူနေထိုင်ရာ ဘားအံအဆောင် ကနေ ထွက်ခွာပြီး ဇွဲကပင်တောင်ပေါ်ကိုတက်ရောက်ရာကနေ ပြန်အဆင်းမှာပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ပျောက်ဆုံးသူအမျိုးသမီးငယ်ကို မနေ့ ဇွန် ၂၆ ရက်နေ့ကတည်းက ဘားအံမီးသတ်တပ်ဖွဲ့၊ အရပ်ဘက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းရှာဖွေခဲ့ပြီး ဒီကနေ့မနက်မှာ ဆက်လက်ရှာဖွေရာက သေဆုံးလျက်ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။

' ' ကလေးမရဲ့ မိသားစုတွေလည်းမနေ့ကတည်းကရောက်နေပြီ၊ မနေ့က ရတဲ့ဆို့စ်တွေကမှားနေတော့ ရှာမတွေ့ခဲ့ဘူး၊ ဒီနေ့ကတော့ ကယ်ဆယ်ရေးအင်အား ၁၂၀ လောက်နဲ့ဝိုင်းရှာခဲ့တာပါ''လို့ ပျောက်ဆုံးခဲ့တဲ့ ကျောင်းသူကို ရှာဖွေခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း ဝန်ကြီးကပြောပြပါတယ်။

ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူကို ပြန်လည်ရှာဖွေရေးအတွက် ပြည်နယ် မီးသတ်တပ်ဖွဲ့က တောင်ခြေမှာ ယာယီကွပ်ကဲရေးစခန်းဖွင့်ကာ ပြည်ထောင်စုလူမူရေးဝန်ကြီး လမ်းညွန်ချက်နဲ့ မီးသတ်ဦးစီးဌာနဗဟိုက ဒရုန်းယာဉ်တွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ပူးပေါင်းပြီး ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။