သတ္တုတွင်းညွှန်မှူးအမှု အဂတိကော်မရှင် ပြင်ဆင်ချက်တက်မယ်။

ဓာတ်ပုံ ရင်းမြစ်, ACC Myanmar
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲခံထားရတဲ့ အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၆၅ အရ ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့မှုအတွက် အဂတိတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ပြင်ဆင်ချက် တက်သွားမယ်လို့ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပါတယ်။
ဒီအမှုကိုကော်မရှင်က အဂတိတိုက်စားမှုတိုက်ဖျက်ရေးပုဒ်မ နဲ့ တရားစွဲခဲ့ပေမယ့် မန္တလေးတိုင်းတရားရုံးက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၆၅ နဲ့ပဲ အမိန့်ချခဲ့တာကြောင့် ပြည်ထောင်စုတရားလွှတ်တော်ကို ပြင်ဆင်မှုတက်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။
ကျပ်သိန်း ၇၀ ကျော် လာဘ်စားခဲ့လို့ ဆိုပြီး အမှတ် ၂၊ သတ္တုတွင်းဦးစီးဌာနရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ကို အဂတိတိုက်ဖျက်ရေး ကော်မရှင်က ၂၀၁၉ ဧပြီ ၁ ရက်နေ့မှာ အမှုဖွင့် အရေးယူခဲ့တာဖြစ်ပါတယ်။
ဦးသံဒိုင်ဟာ အဂတိလိုက်စားမှုများ တွေ့ရှိရတယ် ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးစိန်တင်က တရားလိုပြုလုပ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ ၂၀၁၉ ခုနှစ် ဧပြီလမှာ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ACC Myanmar
တရားလိုပြသက်သေ ၁၂ ဦးကို စစ်ဆေးခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ စွဲချက်တင်ခဲ့ ပေမယ့် တရားခံနဲ့ တရားခံပြသက်သေ ၁၂ ဦးကို ထပ်မံစစ်ဆေးချက်အရ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၆၅ နဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆေးချက်များအရ ဦးသံဒိုင်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ကို ကျူးလွန်ခြင်း မပေါ်ပေါက်တဲ့အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၆၅ နဲ့ တစ်မှုလျှင် အလုပ်မဲ့ထောင်ဒဏ် ခြောက်လစီ ကျခံစေရန် အမိန့်ချမှတ်ခံရပြီး နှစ်မှုအတွက် ထောင်တစ်နှစ် ချမှတ်ခံရကာ ချုပ်ရက်နဲစေ့နေပြီဖြစ်လို့ အမိန့်ချတဲ့နေ့မှာပဲ ပြန်လွတ်လာခဲ့ပါတယ်။
အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ဟာ အပန်းဖြေခရီး သွားခဲ့တုန်းက ဟိုတယ်အခန်းခ သိန်း ၄၀ ကျော်နဲ့ ကိုယ်ပိုင်မြေကွက်ကို မြေညှိမြေရှင်းရာ ကုန်ကျငွေ ကျပ်သိန်း ၃၀ ကျော်၊ စုစုပေါင်း ကျပ်သိန်း ၇၀ ကျော်ကို ရာထူးတာဝန်ကို အလွဲသုံးစားပြုကာ အဂတိလိုက်စားခဲ့တယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ဘီဘီစီကို ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ACC Myanmar
တိုင်ကြားစာရရှိတဲ့အချိန်ကို ကော်မရှင်က ပြောဆိုခြင်းမရှိပေမယ့် တိုင်ကြားစာရရှိတဲ့အချိန်ကစပြီး တိုင်ကြားစာကို ချက်ချင်းစိစစ်ကာ စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေကို ပြုလုပ်ခဲ့တယ်လို့ ဦးကျော်စိုးက ဆိုပါတယ်။
ဦးသံဒိုင်ကို ငွေပေးတဲ့ ကုမ္ပဏီဟာ ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသမှာ ရွှေတူးဖော်ထုတ်လုပ်ခွင့် ရရှိခဲ့တဲ့ နဲ့ပတ်သက်ဖွယ် ရှိတယ်လို့လည်း ယူဆမှုတွေ ရှိခဲ့ပါတယ်။
အဂတိကော်မရှင်က ဦးသံဒိုင်အမှုမှာ အဂတိပုဒ်မနဲ့ တရားစွဲဖို့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်နဲ့ အမှုဖွင့်ခဲ့တာလို့လည်း ဘီဘီစီကို ပြောပါတယ်။
ဒီအမှုဟာ အဂတိအမှု မြောက်ကြောင်းအထောက်ထားတွေ သက်သေတွေ စာရွက်စာတမ်းတွေနဲ့ တင်ပြခဲ့တာဖြစ်ပြီး အခုတရားရုံးက ချမှတ်တဲ့ အမိန့်ပေါ်မှာ စိစစ်ပြီးပြန်လည်ပြင်ဆင်ပြီးတော့ ပြင်ဆင်ချက်တက်သွားမယ်၊ပြင်ဆင်ချက်တက်ဖို့လည်း လုပ်နေပါပြီ လို့လည်း ဦးကျော်စိုးက ပြောပါတယ်။
မန္တလေးတိုင်းတရားရုံးက ဦးသံဒိုင်ပေါ်ချမှတ်ခဲ့တဲ့ ရာဇသတ်ကြီးပုဒ်မ ၁၆၅ ဟာ ပြည်သူ့ဝန်ထမ်းဟာ လုပ်ငန်းနဲ့သက်ဆိုင်သူဆီက အဖိုးတန် ပစ္စည်းကို အခကြေးငွေ မပေးဘဲ ရယူခဲ့တယ်ဆိုရင် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်ဖြစ်စေ ဒီဒဏ်နှစ် ရပ် စလုံးကိုဖြစ်စေ ကျခံနိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။ပြင်ဆင်တက်မယ့်ကိစ္စ ကို ဘယ်တော့စမလဲ ဘယ်လို လုပ်ဆောင်မလဲ ဆိုတာကိုတော့ ကော်မ ရှင် ဘက် က ထုတ်ပြောတာမျိုး တော့မရှိသေးပါဘူး။








