ပုဏ္ဏားကျွန်းမြို့မဈေးအနီး တပ်မတော်အရာရှိတစ်ဦး ဓားထိုးခံရ၊ တစ်ဦးကို ဖမ်းဆီးသွား

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေပြန်ဖြစ်လာနေ
ဓာတ်ပုံ ပုံစာ, ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေပြန်ဖြစ်လာနေ
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့ပေါ်၊ မြို့မ ဈေးအနီးမှာ ဇွန်လ ၁၁ ရက် မနက် ၈ နာရီလောက်က တပ်မတော်သားတစ်ဦး ဓားထိုးခံရပြီး နောက်ထပ်တစ်ဦးကို အမည်မသိ အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပုဏ္ဏားကျွန်းအခြေစိုက် ခလရ ၅၅၀ တပ်ရင်းက အရာရှိ အဆင့်တစ်ဦးနဲ့ နောက်တစ်ဦး တို့ဟာ မြို့မဈေးကြီးကို ဈေးလာဝယ်ကြတဲ့အချိန် ဧစေတီဘုရားအနီးက လမ်းဆုံမှာ အမည်မသိ လူတစ်စုက သူတို့ကို ဖမ်းဆီးပြီး အရာရှိအဆင့် ရှိသူကို ဓားနဲ့ထိုးခဲ့ကာ နောက်တစ်ဦးကို ခေါ်ဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီဓားထိုးခံရတဲ့ တပ်မတော်အရာရှိ နဲ့ နောက်တစ်ဦး တို့ဟာ တပ်ရင်းကနေ မြို့မဈေးကို ဆိုင်ကယ်နဲ့လာခဲ့ကြတဲ့အချိန် ဧစေတီနား အရောက်မှာ ဖမ်းဆီး ဓားထိုးခံရတာလို့ ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ နယ်မြေရဲတပ်ဖွဲ့က လိုက်လံစုံစမ်းမှုတွေပြုလုပ်နေပြီး ဘယ်သူတွေဆိုတာကို မသိရသေးဘူးလို့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှူးက ဘီဘီစီကို ပြောပါတယ်။

"လောလောဆယ်တော့မသိရသေးဘူး၊ ဘယ်သူတွေလဲဆိုတာ စုံစမ်းနေတယ်၊ အထိုးခံရတဲ့သူကိုလည်း စုံစမ်းနေဆဲဖြစ်ပါတယ်၊ သိရင်တော့ပြောပေး ပါမယ်" လို့ စခန်းမှူးက ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဓားထိုးခံလိုက်ရတဲ့ တပ်မတော်အရာရှိဟာ အမှတ် ၅၅၀ တပ်ရင်းရဲ့ ဒုတိယ တပ်ရင်းမှူးလို့ သတင်းတွေထွက်ပေါ်နေသလို ဓားထိုးခံရပြီး သေဆုံးသွားပြီဖြစ်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အတည်ပြု ချက် ရယူဖို့ တပ်မတော်ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာတော့ ကနဦး သတင်းအရ ဓားထိုးခံရတဲ့ အရာရှိ သေဆုံးသွားကြောင်း ပြောပေမယ့် နောက်ဆက်တွဲ သတင်းအရ အရာရှိဟာ သေဆုံးခြင်း မရှိဘဲ တပ်တွင်း ဆေးခန်းမှာ ဆေးကုသမှု ခံယူနေဆဲလို့ ပြန်လည် ဖြေကြားပါတယ်။

အရာရှိ နဲ့ စစ်သည် တို့ဟာ အရပ်ဝတ် နဲ့ ဈေးဝယ်သွားတုန်း ဖမ်းဆီး ချုပ်နှောင် ရိုက်နှက်ခံရပြီး အရာရှိကို ဓားနဲ့ထိုးခဲ့ပြီး အခြား စစ်သည် တစ်ဦးကိုတော့ ဖမ်းဆီး ခေါ်သွားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြု ပြောဆိုထားပါတယ်။ နောက်ပြန်လက်ထိပ် ခတ်ပြီး ဓားနဲ့ ထိုးသွားတာလို့ ဆိုပါတယ်။ ဒီ ဖြစ်စဉ်ဟာ အေအေ လက်နက်ကိုင် အဖွဲ့ အမာခံ လူ တစ်စုက လုပ်ဆောင်ခဲ့တာလို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စွပ်စွဲပါတယ်။

ဒါနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် အေအေ ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန် ကြေညာတာမျိုး လောလောဆယ် မရှိသေးပါဘူး။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်ကတော့ ဖြစ်စဉ်ကို သိထားပြီး ဓားထိုးခံရသူ သေဆုံးသွားပြီလို့လည်း ကြားသိထားရပေမယ့် အခြား အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဘီဘီစီရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

"မနက်ပိုင်း ၈ နာရီလောက်မှာပေါ့၊ တစ်ယောက်က ဓားထိုးခံရပြီး တစ်ယောက်တော့ ဖမ်းသွားတယ်လို့ ပြောနေကြတယ်၊ တပ်က အရာရှိတွေ လို့သိရတယ်ဗျ၊ အခင်းဖြစ်ပြီးလို့ မကြာခင် ၉ နာရီမထိုးခင်လောက်မှာ ၅၅၀ တပ်ရင်းက မြို့ထဲကိုဝင်လာပြီး အဲ့ဒီနေရာမှာ ပစ်ခတ်မှုတွေဘာတွေလည်း ကြားလိုက်ရတယ်၊ အထိုးခံရတဲ့လူက သေသွားပြီလို့လည်း ပြောကြတယ်၊ အခုတော့ ဆေးရုံမှာပါ" လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဏ္ဏား ကျွန်းမြို့ခံတစ်ဦးက ပြောပါတယ်။

အခင်းဖြစ်ပွားခဲ့ပြီး မကြာခင်မှာ တပ်မတော်ဘက်က မြို့တွင်းထဲ ဝင်ရောက်နေရာယူထားပြီး ပစ်ခတ်မှု တချို့ ပြုလုပ်ခဲ့တဲ့ အတွက် ဈေးရောင်းချ နေတဲ့ဈေးသည်တွေ ကြောက်လန့်ထွက်ပြေးသွားခဲ့ကြကာ ပုဏ္ဏားကျွန်း မြို့မဈေးကြီးကို ပိတ်သိမ်းထားရတယ် ဆိုပါတယ်။

ဒါ့အပြင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ လမ်းဆုံလမ်းခွနေရာတွေမှာ တပ်မတော်ဘက်က နေရာယူထားတဲ့အတွက် လူတွေအသွားအလာမရှိဘဲ တစ်မြို့လုံးတိတ်ဆိတ်ငြိမ်သက်နေပြီး လူတွေအားလုံးက မိမိရဲ့နေအိမ်တွေမှာ ရှိနေကြတယ် လို့ နောက်ထပ် ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့ပေါ် အထိ အခုလို ဓားထိုးမှု၊ ဖမ်းဆီးမှု ဖြစ်ပွားနေတာက နယ်မြေအတွင်းမှာ လုံခြုံစိတ်ချမှု ကင်းမဲ့နေတာနဲ့ တရားဥပဒေ စိုးမိုးမှု မရှိတာကို ပြသနေတယ်လို့ လွှတ်တော် အမတ် ဦးအောင်သန်းတင်က သုံးသပ်ပါတယ်။ စစ်ပွဲ တွေ ရပ်နိုင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှသာ ဒေသ အေးချမ်းမှု ရှိမယ်လို့ ဆိုပါတယ်။

ရခိုင် ပြည်နယ် မှာ တာဝန်ကျနေတဲ့ တပ်မတော်သားတွေ အတွက် လိုအပ်တဲ့ လုံခြုံရေး ညွန်ကြားချက်မျိုး ထုတ်ပြန်ထားပြီး ဖြစ်လို့ ထပ်မံ သတိပေးတာမျိုးတော့ လုပ်ဖို့ ရှိနိုင်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

၂၀၁၉ စက်တင်ဘာလ တုန်းကလည်း ပုဏ္ဍားကျွန်းမြို့နယ် ယိုးတရုပ် ရဲကင်းစခန်းမှူး ဟာ ဇနီးဖြစ်သူနဲ့ ဈေးဝယ် နေတုန်း အသတ်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ကျောက်တော်မြို့နယ် အပေါက်ဝ ရဲစခန်း က နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် တစ်ယောက်လည်း အသတ်ခံခဲ့ရဖူးပါတယ်။

လက်ရှိမှာတော့ ပုဏ္ဏားကျွန်းမြို့ နယ်မြေ လုံခြုံရေး အတွက် လိုအပ်တာတွေ လုပ်ဆောင်နေတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့အပြင်ဘက် နှစ်ဖာလုံခန့်အကွာ ရေဖြူကန် ကျေးရွာအနီး ကင်းချောင်းတံတားနားမှာ တပ်မတော် စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရပြီး အရပ်သားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သလို တပ်မတော်စစ်ကြောင်းဘက်ကလည်း ထိခိုက်မှု တွေရှိခဲ့ပါတယ်။

မြို့ပေါ်ရပ်ကွက်အတွင်းမှာ တပ်မတော်အရာရှိတစ်ဦးကို အခုလိုမျိုး ဓားနဲ့ထိုးပြီး တစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ အတွက် တပ်မတော်ဘ က်ကလည်း တစ်မြို့လုံးမှာနေရာယူလျက်ရှိနေတာကြောင့် ပြဿနာတွေ ဆက်လက်ကြီးထွားလာမှာကို မြို့ခံတွေက စိုးရိမ်နေကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့လပိုင်တွေအတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွား လာနေတာလည်းဖြစ်ပါတယ်။