အေအေ ဖမ်းသွားတဲ့ရမ်းဗြဲ NLD ဘဏ္ဍာရေးမှူး ပြန်လွတ်လာ

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ ပါတီဘဏ္ဍာရေးမှူး ဦးဇေယျာမင်းဟာ အေအေအဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံနေရရာကနေ ဇွန်လ ၅ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်တယ်လို့ ရမ်းဗြဲမြို့နယ် ပါတီအတွင်းရေးမှူး ဦးခင်ရီက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။
ဦးဇေယျာမင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် စနေနေ့ညနေပိုင်းမှာ အေအေတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတာဖြစ်ပြီး လေးလခန့်အကြာ ဇွန် ၅ ရက်နေ့မှာတော့ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။
ဦးဇေယျာမင်း ဟာ ရက္ခိုင့်တပ်တော် အေအေတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းခံနေခဲ့ရတာ မှန်ကန်ကြောင်း သူ့ရဲ့ပြောပြချက်တွေအရသိရပြီး ဘာကြောင့်ဖမ်းဆီးခဲ့တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဦးခင်ရီက ပြောပါတယ်။
ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ဦးဇေယျာမင်းနဲ့ သူ့မိသားစုတွေဆီကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရရှိခဲ့တဲ့အတွက် သူဖမ်းဆီးခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ မေးမြန်းနိုင်ခြင်းမရှိခဲ့ပါဘူး။
"ဇွန်လ ၅ ရက်နေ့ မနက်ပိုင်း ၂ နာရီခွဲလောက်မှာ ပြန်လွတ်လာတယ်။ ကျန်းကျန်းမာမာနဲ့ ပြန်လွတ်လာတဲ့အတွက် ဝမ်းသာ တာပေါ့။ အေအေက ဖမ်းဆီးသွားတာလို့ သူကတော့ပြောပါတယ်။ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကို သူနဲ့မတွေ့သေးတဲ့ အတွက် ကျွန်တော်တို့ ဂဃနဏ မသိသေးဘူး။"လို့ ရမ်းဗြဲမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးခင်ရီက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ညနေပိုင်းမှာ ဦးဇေယျာမင်းနဲ့အတူ သူ့ရဲ့ဝမ်းကွဲအစ်ကိုဖြစ်သူ ဦးခင်ဖေတို့နှစ်ဦးဟာ ရမ်းဗြဲမြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ကျောက်ဆောက်ကျေးရွာမှာရှိတဲ့ သစ်ခွဲစက်ကနေ အိမ်ကိုပြန်လာတဲ့အချိန် ကျောက်ဆောက်ကျေးရွာနဲ့ ကုလားပုန်းကျေးရွာအကြားမှာ အေအေတပ်ဖွဲ့ဝင် ၈ ဦးတို့က ခေါ်ဆောင်သွားခဲ့ကြတာ ဖြစ်တယ်လို့ မိသားစုတွေဆီကနေ သိခဲ့ရပါတယ်။
ဖမ်းဆီးခံရချိန်မှာ အေအေတပ်ဖွဲ့ဝင်တွေက ဦးဇေယျာမင်းတစ်ယောက်တည်းကိုခေါ်ဆောင်သွားခဲ့ပြီး ဝမ်းကွဲအစ်ကိုဖြစ်သူ ဦးခင်ဖေကိုတော့ ပြန်လည်လွှတ်ပေးခဲ့တဲ့အတွက် ဖမ်းဆီးခံလိုက်ရတာကို သိရှိခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။
ဦးဇေယျာမင်းကိုဖမ်းဆီးတာဟာ ရက္ခိုင့်တပ်တော်အေအေက ဖမ်းဆီးခဲ့တာမဟုတ်ကြောင်းနဲ့ NLD အစိုးရ၊ အေအေတို့အကြား တင်းမာမှုတွေမြင့်တက်လာအောင် တပ်မတော်က တမင်ဖန်တီးတာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ ဘီဘီစီကို ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက အိုင်စီဂျေ မှာ သွားရောက်ဖြေရှင်းခဲ့တဲ့ နိုင်ငံတာ်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခဲ့ပွဲပြုလုပ်ခဲ့အပြီး မကြာခင်မှာ ဦးဆောင်ခဲ့သူတွေကို ဖုန်းကနေတစ်ဆင့် ခြိမ်းခြောက်မှုတွေရှိခဲ့ပြီး ဖေဖော်ဝါရီလဆန်းပိုင်းမှာ ဦးဇေယျာမင်း ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
ဦးဇေယျာမင်းအပေါ် တစ်ယောက်နဲ့တစ်ယောက် အထင်အမြင်လွဲမှားပြီး ဖမ်းဆီးခြင်းခံနေရရာကနေ ပြန်လည်လွှတ်ပေးလိုက်တဲ့အတွက် ပါတီအနေနဲ့ရော မိသားစုအတွက်ပါ ဝမ်းသာမိတယ်လို့ ဦးခင်ရီက ပြောပါတယ်။
တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်တော် အေအေကနေ NLD ပါတီဝင်တွေဖြစ်တဲ့ ဘူးသီးတောင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးရဲသိန်း၊ ပလက်ဝမဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ ရမ်းဗြဲမြို့နယ် ပါတီဘဏ္ဍာရေးမှူး ဦးဇေယျာမင်းတို့ကို ဖမ်းဆီးထိန်းသိမ်းမှုတွေရှိခဲ့ပြီး အဲ့ဒီထဲက ဦးဝှေ့တင်းနဲ့ ဦးဇေယျာမင်းတို့ကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။
ဦးရဲသိန်းကတော့ ထိန်းသိမ်းခံနေရစဉ် အေအေတပ်စခန်းရှိတဲ့နေရာကို တပ်မတော်ဘက်က လာရောက်တိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ အေအေဘက်က ထုတ်ပြန်ထားခဲ့ပါတယ်။








