ကချင်စစ်ရှောင်တွေနေရပ်ပြန်ရေးအလေးအနက်ထားဆောင်ရွက်ဖို့ သမ္မတ၊ အတိုင်ပင်ခံနဲ့ တပ်ချုပ်တို့ကိုတောင်းဆို

စစ်ဘေးကြောင့် နေရပ်စွန့်ခွာခဲ့ရတာ ဆယ်စုနှစ်တစ်ခုနီးပါး ကြာခဲ့ပါပြီ။ အိမ်ပြန်နိုင်ဖို့ကမရေရာသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ, စစ်ဘေးကြောင့် နေရပ်စွန့်ခွာခဲ့ရတာ ဆယ်စုနှစ်တစ်ခုနီးပါး ကြာခဲ့ပါပြီ။ အိမ်ပြန်နိုင်ဖို့ကမရေရာသေးပါဘူး။
ရေးသားခဲ့သည်။

တစ်ကျော့ပြန် ကချင်စစ်ပွဲတွေဖြစ်ပွားခဲ့တာ ၂၀၂၀ ဇွန်လ ၉ ရက်မှာ ကိုးနှစ်ပြည့်ပြီဖြစ်ပါတယ်။

ကိုးနှစ်ပြည့်တဲ့ အခမ်းအနားကို မြစ်ကြီးနားမှာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC က ဦးဆောင်ပြီး ဒေသခံစစ်ဘေးရှောင်တွေနဲ့ စစ်ရှောင်အရေးလှုပ်ရှားသူတွေက ကျင်းပခဲ့ကြပါတယ်။

စစ်ရှောင်တွေတောင်းဆိုတဲ့အချက်ငါးချက်

အဲဒီအခမ်းအနားကနေ စစ်ဘေးရှောင်တွေနေရပ်ပြန်ရေးအပါအဝင် အချက်ငါးချက်ကိုလည်း သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒါတွေကတော့ စစ်ရှောင်တွေနေရပ်ကို ဂုဏ်သိက္ခာရှိရှိလုံခြုံစိတ်ချစွာပြန်နိုင်ရေး၊ မူလနေရပ်ဒေသကို ပြန်နိုင်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက မြေမြှုပ်မိုင်းများရှင်းလင်းပေးခြင်း၊ တပ်စွဲထားတဲ့ စစ်တပ်စခန်းတွေ ဆုတ်ခွာပေးရေးနဲ့ နိုင်ငံတကာအကူအညီတွေကို အဟန့်အတားမရှိ ကူညီခွင့်ပြုရေး၊ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား bilateral (နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ်)ရေးထိုးပြီး နိုင်ငံရေး ဆက်လက်ဆွေးနွေးသွားရေးတို့ဖြစ်ပါတယ်။

ဒါ့အပြင် အသက်ဘေးအန္တရာယ်လုံခြုံရေးအရ မူလနေရပ်မှာပြန်မနေလိုတဲ့ စစ်ဘေးရှောင်တွေကို နေထိုင်လိုတဲ့နေရာတွေမှာ စီစဉ်ပေးရေး၊ စစ်ဘေး ရှောင်တွေ နေရပ်ပြန်ရေးဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခတွေအဆုံးသတ်ရေး နည်းလမ်းတစ်ခုဖြစ်လို့ သမ္မတ၊ အတိုင်ပင်ခံနဲ့ တပ်ချုပ်တို့က အလေးအနက်ထားဆောင်ရွက်ပေးဖို့လည်း တောင်းဆိုချက်တွေထဲမှာ ပါဝင်ပါတယ်။

၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲထားတဲ့ တပ်မတော်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေတို့ကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှာ နှစ်ဖက် ထိတွေ့ ပစ်ခတ်မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။

မြစ်ကြီနားမြို့ မြောက်ဘက်ပိုင်းမှာ ရှိတဲ့ တာပိန်ရေအားလျှပ်စစ်စီမံကိန်း အနီးမှာ လွန်ခဲ့တဲ့ကိုးနှစ်က စခဲ့တဲ့ သေနတ်သံတွေဟာ ခုထိ မပြီးဆုံးသေးသလို စစ်ပွဲကြောင့် နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်ရသူက တစ်သိန်းကျော်ရှိနေပါတယ်။

ဒီတစ်သိန်းကျော်ထဲကနေ အနည်းအကျဉ်းလောက်ပဲ ကိုယ့်ရပ်ရွာကို ပြန်သွားနိုင်ခဲ့ပေမယ့် အများစုကတော့ မြေမြှုပ်မိုင်းတွေ၊ တပ်စွဲထားတဲ့ နှစ်ဖက်တပ်တွေကြား ညပ်နေသလိုရှိတဲ့ သူတို့နေရပ်တွေကို ပြန်ဖို့ စိုးရိမ်ထိတ်လန့်နေရတဲ့အခြေအနေပါ။

စစ်ရှောင်တွေဟာ စားဝတ်နေရေးအခက်အခဲ၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးပြဿနာတွေအခက်အခဲတွေနဲ့လည်း နေ့စဉ်ရင်ဆိုင်နေရပါတယ်။ ဆယ်စုနှစ်တစ်ခုနီးပါးကြာ ကိုယ့်အိုးကိုယ့်အိမ်ကို စွန့်ခွာခဲ့ရတဲ့အတွက် မူလပိုင်ဆိုင်ခဲ့တဲ့ လယ်ယာမြေတွေ၊ အိမ်ခြံမြေတွေကိုလည်း လက်လွှတ်ဆုံးရှုံး ခဲ့ရပါတယ်။

ကချင်ပြည်နယ်တွင်း ပဋိပက္ခကနေ စစ်ဘေးရှောင်ရသူ တစ်သိန်းကျော် ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ, ကချင်ပြည်နယ်တွင်း ပဋိပက္ခကနေ စစ်ဘေးရှောင်ရသူ တစ်သိန်းကျော် ရှိနေပါတယ်။

ကချင်ပြည်နယ်ကစလိုက်တဲ့ အဲဒီ ကိုးနှစ်ကြာပဋိပက္ခဟာ ကချင်ပြည်နယ်အပြင် ကေအိုင်အေ တပ်မဟာ (၆) နယ်မြေရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ပွဲသက်တမ်း ခုနစ်နှစ်ကျော်လာချိန် ၂၀၁၈ ဒီဇင်ဘာမှာ တပ်မတော်က တစ်ဖက်သတ်အပစ်ရပ်ကြေညာတာကစလို့ ၂၀၁၉ တစ်နှစ်လုံး တပ်မတော်နဲ့ ကေအိုင်အေကြား တိုက်ပွဲတွေ မရှိသလောက်ဖြစ်သွားခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၉ နှစ်ကုန်ပိုင်းလောက်စလို့ ဗန်းမော်နဲ့ မြစ်ကြီးနားက စစ်ရှောင်စခန်းတွေက တချို့ဟာ နေရပ်တွေပြန်တာမျိုး ရှိလာခဲ့ပါတယ်။

ဒါပေမဲ့ ကိုဗစ်ကြောင့် အကြမ်းဖက်အဖွဲ့အစည်းလို့ကြေညာထားတဲ့ လက်နက်ကိုင်တွေရှိတဲ့ဒေသကလွဲလို့ ကျန်ဒေသတွေမှာ တပ်မတော်က အပစ်ရပ် ထားချိန် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တပ်မတော်နဲ့ကေအိုင်အေတို့ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။

ဒါကြောင့် အဲဒီပဋိပက္ခတွေ ကချင်ပြည်နယ်တွင်းမှာပါ ကူးစက်ဖြစ်ပွားလာမှာကို စစ်ရှောင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။

နှစ်ဖက်အပစ်ရပ်စာချုပ်လက်မှတ်ထိုးရေးအတွက် အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့တဲ့အခါ ဆွေးနွေးတာတွေရှိပေမယ့် မြောက်ပိုင်းလေးဖွဲ့ စုပေါင်းပြီး ထိုးမယ့်ပုံစံကိုတော့ သိပ်လိုလားမှုမရှိဘူးလို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဥက္ကဋ္ဌ ဒေါက်တာခလမ်းဆမ်ဆွန်က ဘီဘီစီကိုပြောပါတယ်။

"ဒါက ဖြတ်ကျော်ရမယ့်အခက်အခဲကြီးတစ်ခုပါ။ ဒီနေရာမှာ သဘောထားကြီးဖို့လည်း လိုပါတယ်။ ငြိမ်းချမ်းရေးကို တကယ်တမ်း လိုချင်ပြီးမှ တကယ်တမ်းရှေ့ကိုဆောင်ရွက်မယ်ဆိုရင်တော့ အလျှော့အတင်းတော့ ရှိဖို့လိုလိမ့်မယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့ တပ်မတော်ဘက်ကလည်း သဘောထားကြီးစွာနဲ့ တစ်ဆင့်လျှော့ပြီးမှ ထိုနည်းတူ အခု ကျွန်တော်နားလည်ရသလောက်ပေါ့။ မြောက်ပိုင်းလေးဖွဲ့က ပထမအကြိမ်ပဲ သူတို့မူအရ ထိုးမယ်။ ပြီးရင် တစ်ဖွဲ့ချင်းစီသွားမယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့လည်း တူတာမဟုတ်ပါဘူး။ ဆိုတော့ ဒီနေရာမှာ ခုနကပြောတဲ့အတိုင်း နှစ်ဖက်ရဲ့ သဘောထား ကြီးမှုနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ စိတ်ဓာတ်နဲ့သွားဖို့ ကျွန်တော်တို့က တိုက်တွန်းလိုပါတယ်" လို့ စစ်ရှောင်တွေနေရပ်ပြန်ရေး ဆောင်ရွက်နေသူလည်းဖြစ်တဲ့ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောပါတယ်။

မြောက်ပိုင်းလေးဖွဲ့ဟာ ကေအိုင်အေ၊ ကိုးကန့်အဖွဲ့ MNDAA၊ တအာန်းအဖွဲ့ TNLA နဲ့ ရခိုင်အဖွဲ့ အေအတို့ဖြစ်ပြီး လက်တလောမှာ ကိုးကန့်ကလွဲလို့ ကျန်သုံးဖွဲ့နဲ့ တပ်မတော်က တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒီလေးဖွဲ့မှာ နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ်NCA မှာပါဝင်လက်မှတ်ထိုးထားခြင်းမရှိသေးဘဲ အစိုးရနဲ့ နှစ်ဖက်အပစ်ရပ်စာချုပ် Bilateral ထိုးဖို့ ညှိနှိုင်းနေတာကလည်း ရှေ့မရောက်သေးတဲ့အခြေအနေမှာ ရှိနေတာပါ။

၂၀၁၉ ဒီဇင်ဘာလအတွင်း ဒီလေးဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ တရုတ်နိုင်ငံတွင်းမှာတွေ့ဆုံခဲ့ပြီးတဲ့နောက် ဇန်နဝါရီလမှာ ထပ်မံတွေ့ဆုံဖို့ ညှိနှိုင်းခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါဖြစ်လာတာကြောင့် ခုထိ ထပ်မံတွေ့ဆုံနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူတွေကတော့ ဆွေးနွေးပွဲပြုလုပ်မယ့်နေရာတွေကို သဘောတူညီမှုမရတာကိုအကြောင်းပြပြီး တွေ့ဆုံမှုတွေမလုပ်နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။