covid19 -သံရုံးတွေ အလုပ်အရမ်းလုပ်တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မင်္ဂလာယူရကြောင်း အတိုင်ပင်ခံပြော

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးတာဝန်လည်း ထမ်းဆောင်နေသူဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, State Counselor office

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးတာဝန်လည်း ထမ်းဆောင်နေသူဖြစ်ပါတယ်။
ရေးသားခဲ့သည်။

ကိုဗစ်ကာလမှာ ပြည်ပမှာရှိတဲ့ မြန်မာသံရုံးတွေအလုပ်အရမ်းလုပ်တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအနေနဲ့ မင်္ဂလာယူရကြောင်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဇွန် ၂ ရက်မှာ ထိုင်း၊ တရုတ်နဲ့ ကိုရီးယားက မြန်မာသံအမတ်ကြီးတွေနဲ့ အွန်လိုင်းကနေ ဆွေးနွေးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

"ကျွန်မအတွက်တော့အားရစရာအကောင်းဆုံးအချက်ကတော့ ပြည်သူတွေက သံရုံးတွေကို အားကိုးတဲ့စိတ်ဖြစ်လာတယ်ဆိုတဲ့အချက်ပါပဲ။ ပြည်သူတွေက သံရုံးတွေကို ဆက်သွယ်တယ်။ ပြန်ချင်တယ်၊ ဘယ်လိုလုပ်ရမလဲ၊ ပြဿနာရှိရင် သံရုံးတွေကို ယုံယုံကြည်ကြည်နဲ့ ဆက်သွယ်တယ်ဆိုတာ ကျွန်မလည်း နိုင်ငံခြားရေးဝန်ကြီးအနေနဲ့တော့ နည်းနည်းတော့ မင်္ဂလာယူရမှာပေါ့နော်။ (ရယ်လျက်) အဲဒါကတော့ သံရုံးတွေက တော်လို့ လို့ ဒီလိုပဲ ကျွန်မတို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ကျွန်မတို့ပြည်သူပြည်သားတွေ ဘယ်နေရာပဲရောက်ရောက် အားကိုးရမှာက ငါတို့ရဲ့ သံရုံးပဲဖြစ်တယ်ဆိုတဲ့စိတ်လည်း ရှိစေချင်တယ်။ အဲဒီလိုရှိဖို့ဆိုတာကတော့ ကျွန်မတို့ နိုင်ငံခြားရေးရုံးက တာဝန်ပဲ။ ဗဟိုကချမှတ်လိုက်တဲ့ မူဝါဒတွေ၊ ညွှန်ကြားချက်တွေကို သက်ဆိုင်ရာ သံရုံးအသီးသီးကနေအကောင်အထည်ဖော်တဲ့နေရာမှာ မှန်ကန်ဖို့ကလည်းအရေးကြီးပါတယ် "လို့ ပြောပါတယ်။

ကိုဗစ်ကာလမှာ မြန်မာနိုင်ငံကိုပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ပို့ရေးအတွက် သက်ဆိုင်ရာနိုင်ငံက သံရုံးတွေကလည်း လုပ်ရသလို မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနကလည်း လုပ်ရတဲ့အတွက် နှစ်ဘက်လုံးကို ကျေးဇူးတင်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

ကိုဗစ်ဖြစ်ချိန်မှာ တရုတ်နိုင်ငံ၊ ဝူဟန်က မြန်မာကျောင်းသားတွေကို ပြန်ခေါ်နိုင်ခဲ့တာ အာရှမှာ ပထမဆုံးလည်းဖြစ်ပြီး ဒါဟာ တရုတ်က မိတ်ဆွေတွေရဲ့ ကူညီမှုတွေကြောင့်လည်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းတွေဟာလည်း နေ့ညအချိန်မတူတဲ့နိုင်ငံတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာ မညည်းမညူတာဝန်ထမ်းဆောင်လို့ ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, State counselor office

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းတွေဟာလည်း နေ့ညအချိန်မတူတဲ့နိုင်ငံတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာ မညည်းမညူတာဝန်ထမ်းဆောင်လို့ ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ ပြည်ပက ပြန်ဝင်လာသူအများစုဟာ ထိုင်းကဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ပြန်လာတာအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းရောက်မြန်မာ တွေ ပြန်လာနိုင်ဖို့ ထိုင်းက မြန်မာသံရုံးကလည်း ကြိုးပမ်းရသလို နယ်စပ်က သံတမန်ပုဂ္ဂိုလ်တာဝန်ရှိသူတွေလည်း ကူညီခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

လက်ရှိမှာ ကိုရီးယားကနေ ပြန်ချင်တဲ့ မြန်မာနိုင်ငံသား လေးရာကျော် ကျန်ရှိနေတယ်လို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က အတိုင်ပင်ခံကို တင်ပြခဲ့ပါတယ်။

ထိုင်းကနေ မြန်မာကို ဧပြီ ၂၁ ရက်ကနေ အခုထိ နယ်စပ်အမှတ် ၁ တံတားကနေ ဖြတ်သန်းပြီး ပြန်သွားတဲ့သူပေါင်း လေးသောင်းကျော်ရှိပြီး နောက်ထပ် ပြန်လိုကြောင်း ဆက်သွယ်စာရင်းပေးလာသူ သုံးသောင်းလေး ထောင်ကျော်အနက် မြဝတီမဲဆောက်ဂိတ်ကနေ ပြန်လိုသူက တစ်သောင်းခြောက် ထောင်ကျော်ရှိကာ ဇွန် ၁ ရက်အထိ အဲဒီကနေ တစ်သောင်းကျော် ပြန်ဝင်သွားပြီဖြစ်တယ်လို့ ရှိနေတယ် လို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက တင်ပြခဲ့ပါတယ်။

ကိုဗစ်အလွန်မှာ ထိုင်းကို နှစ်နိုင်ငံသဘောတူညီချက်နဲ့ အလုပ်ပြန်လုပ်ဖို့ ထိုင်းဘက်က အလုပ်သမားခြောက်သောင်းကျော်လောက် အဆိုပြုထားတယ်လို့ ထိုင်းသံအမတ်ကြီး ဦးမျိုးမြင့်သန်းကပြောပါတယ်။

တရုတ်၊ ကိုရီးယားနဲ့ ထိုင်းက မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတွေက မြန်မာနိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်မှုနဲ့ပတ်သက်လို့ တင်ပြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, State Counselor office

ဓာတ်ပုံ ပုံစာ, တရုတ်၊ ကိုရီးယားနဲ့ ထိုင်းက မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတွေက မြန်မာနိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်မှုနဲ့ပတ်သက်လို့ တင်ပြခဲ့ပါတယ်။

တစ်ပတ်တစ်ခါ ကယ်ဆယ်ရေးလေယာဉ်တွေ စီစဉ်ပေးနေပြီး ပြည်ပရောက် အခက်ကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကိုပြန်လည်ခေါ်ယူမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

လက်ရှိမှာ မြန်မာအစိုးရက ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခေါ်ထားတဲ့ မြန်မာနိုင်ငံသား ၂၈၀၀ ကျော်ရှိနေပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လောလောဆယ် ပြည်ပက ပြန်လာသူတွေထဲက အိန္ဒိယ၊ ယူအေအီးနဲ့ မလေးရှားကနေ ပြန်လာသူတွေထဲက ကိုဗစ်ပိုးတွေ့လူနာ ၄၀ ကျော် တွေ့ထားပြီး ကုသမှုတွေ ဆောင်ရွက်ပေးနေပါတယ်။

သံရုံးတွေဟာ အိမ်ရှင်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား အဓိက ဆက်သွယ်ပေးတဲ့ရုံးတွေဖြစ်ပြီး ဆက်သွယ်မှုဟာကောင်းဖို့၊ ရေတိုတင်မက ရေရှည်ကောင်းဖို့ပါအမြဲကြိုးစားမျှော်မှန်းရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သံအမတ်ကြီးတွေကို ညွှန်ကြားခဲ့ပါတယ်။