ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကထေင်ကျနေသူ ဒေါက်တာအေးမောင် ကို နောင်ရွေးကောက်ပွဲတွေမှာ ပြိုင်ခွင့်မရှိဘူးလို့ ကန့်သတ်
နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရတဲ့ ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်လိုက်ပြီး နောင်ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ခွင့်မရှိဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေ ၁၈ ရက် နေ့စွဲ နဲ့ထုတ်ပြန်ကြေညာပါတယ်။
ပြစ်ဒဏ် စီရင်ချက်ချမှတ်တဲ့ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က စပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်းနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက် ခံထားရသူအဖြစ်က ပယ်ဖျက်လိုက်တယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။
ရွေးကောက်ပွဲ ၀င်ခွင့် ရမရ ဆိုတာ ရွေးကောက်ပွဲ ဥပဒေနဲ့ ဆိုင်ပြီး လက်ရှိလည်း ဒေါက်တာအေးမောင်ဟာ ထောင်ဒဏ်ကျခံနေရတဲ့အတွက် ရွေးကောက်ပွဲဝင်လို့ရမှာ မဟုတ်ဘူးလို့လည်း လက်ရှိရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ဘီဘီစီကို ပြောပါတယ်။
ဒေါက်တာအေးမောင်ဟာ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သလို သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရဲ့ ပြည်သူလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက် ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁ (ဃ) မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ဥပဒေတစ်ရပ်ရပ်အရ ထောင်ဒဏ်ကျခံရသူဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ အလိုလျောက်ပယ်ဖျက်ပြီးဖြစ်သလို၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈၈၊ ပုဒ်မခွဲ (က) အရ နောင် ပြုလုပ်မယ့် ရွေးကောက်ပွဲတွေမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိကြောင်းလည်း ထည့်သွင်းကြေညာခဲ့ပါတယ်။
ဒေါက်တာအေးမောင်ဟာ၂၀၁၇ ခုနှစ်၊ ဧပြီလ မှာကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။
၂၀၁၈ ဇန်နဝါရီလ ၁၅ ရက်က ရသေ့တောင်မြို့မှာ ပြုလုပ်တဲ့ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ ကြိမ်မြောက် အထိမ်းအမှတ် အစီအစဉ်မှာ စာရေးဆရာ ဝေဟင်အောင်နဲ့အတူ ဟောပြောခဲ့တဲ့ ဟောပြောချက်တွေဟာ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး ထိန်းသိမ်းခံခဲ့ရပါတယ်။
စစ်တွေခရိုင် တရားရုံးမှာ သူတို့ကို ရုံးချိန်းပေါင်း ၄၀ ကြားနာစစ်ဆေးပြီနောက် ၂၀၁၉ ခုနှစ် မတ် ၁၉ ရက်မှာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒေါက်တာအေးမောင်အပေါ် စီရင်ချက်က ရခိုင် ပြဿနာကို ပိုကြီးထွားစေတယ်လို့ ရခိုင်အမျိုးသားပါတီက ဘီဘီစီကို ၂၀၁၉ ခုနှစ်မှာ ပြောခဲ့ပါတယ်။
အခု ဒေါက်တာအေးမောင်အပေါ် စွဲဆိုခဲ့တဲ့ ပုဒ်မတွေဟာ တရားမျှတတဲ့ ပုဒ်မတွေ မဟုတ်ဘူးလို့လည်း လက်ရှိ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ဘီဘီစီကို ပြောပါတယ်။
ရခိုင်နိုင်ငံရေး ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ အပေါ် ရခိုင်ပြည်နယ် အစိုးရက ပုဒ်မ ၁၂၂ (၁) ၊ ပုဒ်မ ၅ဝ၅ (ခ) တို့နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပြီး၊ တရားရုံးက ထောင်ဒဏ်နှစ် ၂၀ စီအမိန့်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒေါက်တာအေးမောင် အပေါ် နောင်ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ခွင့်မရှိဘူးလို့ နိုင်ငံရေးအရ ကန့်သတ်တာဟာ မလိုလားအပ်တဲ့ အခြေအနေ ဖြစ်ကြောင်းလည်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။