ကရင်နဲ့တနင်္သာရီတိုင်းမှာ ကိုဗစ်အတည်ပြုလူနာ စတင်တွေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, MOFA
ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ကိုဗစ်အတည်ပြုလူနာ သုံးဦး တွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မေလ ၁၈ ရက်မနက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီသုံးဦးဟာ မလေးရှားနိုင်ငံကနေ ပြန်လည်ရောက်ရှိလာသူတွေဖြစ်ပြီး ကရင်ပြည်နယ်က နှစ်ဦးနဲ့ တနင်္သာရီတိုင်း ကတစ်ဦးတို့မှာ ကိုဗစ်ပိုးတွေ့ရတာ ဖြစ်ပါတယ်။
အဲဒီသုံးဦးနဲ့ဆိုရင် မလေးရှားက ပြန်လာသူတွေထဲကနေ ကိုဗစ်အတည်ပြုလူနာက ငါးဦးထိရှိလာပါပြီ။
ကျန်နှစ်ဦးကတော့ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က တစ်ဦးနဲ့ ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်က တစ်ဦးတို့ဖြစ်ပါတယ်။
ကရင်ပြည်နယ်ကို မလေးရှားနိုင်ငံကနေ ပြန်လာသူ ၁၆ ဦးရှိပြီး အဲဒီလူတွေအားလုံးကို အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသလို ဆေးစစ်ခဲ့ရာမှာ နှစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ဘီဘီစီကိုပြောပါတယ်။
"ပြန်လာသူအားလုံးကို ကျွန်တော်တို့က သီးသန့်ယာဉ်နဲ့ ဘားအံကိုခေါ်လာတယ်။ ဘားအံရောက်တော့ အသွားအလာကန့်သတ်တယ်။ အဲဒီထဲက ဆေးစစ်တော့ နှစ်ဦးမှာတွေ့တယ်။ ဒါကြောင့် အပြင်ထိတွေ့မှု မရှိသလောက်ပါပဲ။ သူတို့နှစ်ဦးလုံး ကျန်းမာရေးကောင်းပါတယ်။ ဘာရောဂါလက္ခဏာမှလည်းမပြပါဘူး။ ခုလို ပိုးတွေ့လူနာရှိတဲ့အတွက် သူတို့ကို ကြိုပို့ရတဲ့ ယာဉ်မောင်း၊ ဌာနဆိုင်ရာတွေနဲ့ လုပ်အားပေးတွေ အားလုံးကိုလည်း အသွားအလာကန့်သတ်ပြီး ဆေးစစ်ဖို့ရှိပါတယ်။ အားလုံးကိုလည်း နောက်တစ်ကြိမ်ဆေးထပ်စစ်ဦးမှာပါ"လို့ ဦးဘိုဘိုဝေမောင်ကပြောပါတယ်။
တနင်္သာရီတိုင်းအတွင်းမှာလည်း မလေးရှားက ပြန်လာသူ ၂၁ ဦးထဲက တစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ပြန်လာသူအားလုံးကို ထားဝယ်တက္ကသိုလ်မှာ သီးသန့်အသွားအလာကန့်သတ်ထားတာဖြစ်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးဥက္ကာမင်းက ပြောပါတယ်။
"သူတို့အားလုံးကို ရန်ကုန်ကနေ လေယာဉ်နဲ့ ခေါ်လာတာပါ။ ထားဝယ်ရောက်တော့ ထားဝယ် တက္ကသိုလ်ထဲမှာ ထားပါတယ်။ ဆေးစစ်ကြည့်တော့တစ်ဦးမှာတွေ့တာပေါ့နော်။ ဒါပေမဲ့ သူနဲ့ အပြင်ထိတွေ့မှုကတော့အင်မတန်နည်းပါတယ်။ တိုင်းထဲမှာက ကိုဗစ်စဖြစ်တည်းက ကျန်းမာရေးအသိပညာပေးတွေကို အရှိန်မြှင့်လုပ်ခဲ့တာ နှစ်လရှိပါပြီ။ ခုလိုအတည်ပြုလူနာတွေ့လာတော့ ဒီထက်ပိုပြီး ဖိဖိစီးစီးလုပ်သွားဖို့ရှိပါတယ်"လို့ သူကပြောပါတယ်။
မလေးရှားမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကိုမလေးရှားအာဏာပိုင်တွေက ပြီးခဲ့တဲ့အပတ်ကစလို့ ပြန်ပို့ခဲ့တာဖြစ်ပြီး အဲဒီထဲက ငါးဦးမှာ ကိုဗစ်ပိုးတွေ့ရှိရတာဖြစ်ပါတယ်။
ပြည်ပနိုင်ငံတွေမှာ ပိတ်မိနေတဲ့မြန်မာနိုင်ငံသားတွေကို မြန်မာအစိုးရက စင်းလုံးငှားလေယာဉ်တွေနဲ့ ပြန်ခေါ်ရာမှာ မေလ ၁၅ ရက်ထိ တစ်ထောင်ကျော်ရှိ သွားပြီဖြစ်ပါတယ်။
မြန်မာမှာ ကိုဗစ်အတည်ပြုလူနာမတွေ့ရှိရတဲ့ဒေသဆိုရင် ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။
မေလ ၁၈ ရက်နေ့လယ်ပိုင်းအထိ မြန်မာမှာ အတည်ပြုလူနာ ၁၈၇ ဦး၊ ရောဂါပိုးကင်းစင်သူက ၉၇ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိထားပါတယ်။








