ရန်ကုန်က ရုပ်သံသတင်းသမားတစ်ဦး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရ ၊သတင်းသမား၇ဦး ကွာရန်တင်းဝင်နေ

ရန်ကုန် တက္ကသိုလ် အမရာဆောင်

ဓာတ်ပုံ ရင်းမြစ်, Naw Htoo Htoo Phaw

ဓာတ်ပုံ ပုံစာ, သတင်းသမားတွေ ကွာရန်တင်းဝင်နေတဲ့ ရန်ကုန် တက္ကသိုလ် အမရာဆောင်
ရေးသားခဲ့သည်။

ရန်ကုန်အခြေစိုက် အွန်လိုင်း သတင်းဌာန တစ်ခုက ရုပ်သံ သတင်းသမားတစ်ဦး ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ အဲဒီ့သတင်းသမားနဲ့ အတူ အလုပ်အတူလုပ် တဲ့ HEAR Myanmar က ရုပ်သံ သတင်းထောက်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရောဂါကူးစက်ခံရသူ ရုပ်သံသတင်းထောက် နဲ့ အနီးကပ် ထိတွေ့သူတွေဖြစ်တဲ့ HEAR Myanmar သတင်းဌာနက ရုပ်သံသတင်းထောက်နဲ့ အယ်ဒီတာ စုစုပေါင်း ၇ ဦးခန့်ဟာ အခုအခါ မှာ အစိုးရက သတ်မှတ်ထားတဲ့ရန်ကုန် တက္ကသိုလ် အမရာဆောင် မှာ အသွားအလာ ကန့်သတ်စောင့်ကြည့် ခံနေ့ရတယ်လို့လည်း အဲဒီ့သတင်းထောက်က ပြောပါတယ်။

ကူးစက်ခံရတဲ့ ရုပ်သံ သတင်းသမားဟာ လူနာအမှတ် ၁၇၉ ဖြစ်ပြီးတော့ ခဝဲခြံ ၂ လမ်းက လူနာအမှတ် ၁၇၇ ဆီက ကူးစက်ခံရတယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မေလ ၁၀ရက်နေ့က ထုတ်ပြန်ထားပါတယ်။

လူနာအမှတ် ၁၇၉ ဟာ အသက် ၂၁နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အင်းစိန်က ၄၄ ဦး မြောက်လူနာ ဖြစ်ကြောင်း အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ခဝဲခြံ ၂လမ်းမှာ နေထိုင်သူတစ်ဦးဖြစ်ပြီး လူနာအမှတ်-၁၆၂ ၊လူနာအမှတ် ၁၇၇ တို့ ရဲ့နေအိမ်မှာ အတူနေထိုင်သူတစ်ဦး ဖြစ်တယ်လို့လည်း အင်းစိန်မြို့နယ် တိုင်းဒသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

လူနာအမှတ် ၁၇၉ သတင်းသမား ဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သတင်းတွေ ရိုက်ကူးရေး အချို့မှာ ပါဝင်ခဲ့ဖူးတယ်လို့အမရာဆောင်မှာ ကွာရန်တင်း ၀င်နေတဲ့ (အသွားအလာ ကန့်သတ်စောင့်ကြည့် ခံနေ့ရ တဲ့ ) HEAR Myanmar က ရုပ်သံ သတင်းထောက်တစ်ဦး ဖြစ်တဲ့ မချိုလွင်ဦးကပြောပါတယ်။

no caption

ဓာတ်ပုံ ရင်းမြစ်, MOHS

ဓာတ်ပုံ ပုံစာ, no caption

HEAR Myanmar အွန်လိုင်း မီဒီယာက လူနာအမှတ် ၁၇၉ သတင်းသမားဟာ မေလ၅ရက်က သူရဲ့ လုပ်ဖော်ကိုင်ဖက် သတင်းသမားနှစ်ဦးနဲ့ အတူ အလုံမြို့နယ် ဧရာဝတီလမ်းက လူနာအမှတ် ၁၈၁ နေအိမ်မှာ အမေများနေ့အင်တာဗျူး ရုပ်သံလာရောက်ရိုက်ကူးခဲ့တယ်လို့လည်း HEAR Myanmar က မချိုလွင်ဦးက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အလုံမြို့နယ်မှာနေသူ ကိုရိုနာ ဗိုင်းရပ်စ် အတည်ပြုလူနာအမှတ် ၁၈၁ ဟာ လူနာ အမှတ် ၁၇၉ သတင်းသမား ဆီကနေ တဆင့်ကူးစက်ခဲ့တာ လည်းဖြစ်ပါတယ်။

လူနာအမှတ်၁၇၉ သတင်းသမား ဟာ HEAR Myanmar အွန်လိုင်းမီဒီယာ မှာ လက်တွေ့လုပ်ငန်းခွင်ဆင်းနေတဲ့ ရုပ်သံ သတင်းတင်ဆက်သူဖြစ်တယ်လို့လည်း HEAR Myanmar က ရုပ်သံ သတင်းထောက် မချိုလွင်ဦးက အတည်ပြုပါတယ်။။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ မေလ ၁၃ ရက် ထုတ်ပြန်ချက်အရ လူနာအမှတ် ၁၈၁ အသက်၅၂ နှစ် အရွယ် အမျိုးသမီးဟာ အတည်ပြုလူနာ (၁၇၉)သတင်းသမားနဲ့ ထိတွေ့မှုရှိသူလို့ ဖော်ပြထားပါတယ်။

no caption

ဓာတ်ပုံ ရင်းမြစ်, MOHS

ဓာတ်ပုံ ပုံစာ, no caption

လူနာအမှတ် ၁၇၉ သတင်းသမား နဲ့ အတူအလုပ် လုပ်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက် သတင်းသမားတွေက တော့ မေလ ၁၃ ရက်နေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ရဲ့ ဓာတ်ခွဲ အဖြေအရ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး မတွေ့ဘူးလို့လည်း မချိုလွင်ဦးက ဘီဘီစီကို ပြောပါတယ်။

HEAR Myanmar အွန်လိုင်းမီဒီယာ သတင်းဌာနကတော့ လက်တလော ရိုက်ကူးရေးတွေ ရပ်ထားပြီး ရိုက်ပြီးသားရုပ်သံတွေကိုတော့ ဆက်လက် တင်ပြထုတ်လွှင့်တာတွေရှိတယ်လို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ ကာလမှာ အစိုးရဘက် က သတင်းထောက်တွေ ကို ဘယ်လို သတင်းယူသင့်တယ်ဆိုတာ လမ်းညွှန်ထားတာ တိတိကျကျ မရှိကြောင်း နဲ့ သတင်းမီဒီယာ အဖွဲ့စည်းတွေဘက်ကတော့ ကိုဗစ်ကြောင့် အလုပ်ပြုတ်သွားတဲ့ သတင်းသမားတွေ ကို ငွေကြေးထောက်ပံ့တာ ရှိသလို ကာကွယ်ရေးဝတ်စုံ တွေထောက်ပံ့မယ်ဆိုတာ မျိုးစီစဥ်နေတာရှိတယ်လို့လည်း The Voice Daily သတင်းစာက တာဝန်ခံ အယ်ဒီတာ ကိုအောင်စိုးက ပြောပါတယ်။

လတ်တလော ရုပ်သံသတင်းသမားကြောင့် အခြားလူတစ်ဦးကို ကူးစက်ခံခဲ့ရပေမယ် အဲဒီ ရုပ်သံသတင်းသမားဟာ အလုပ်သင်ဖြစ်တဲ့အတွက် ကိုရိုနာနဲ့ ပတ်သက်တဲ့ ရိုက်ကူးရေးတွေမှာ လိုက်ပါ သတင်းယူတာ အကြိမ် အရေအတွက် အများကြီးမရှိဘူးလို့လည်းမချိုလွင်ဦးက ပြောပါတယ်။

Hear Myanmar သတင်းဌာန အွန်လိုင်းစာမျက်နှာ

ဓာတ်ပုံ ရင်းမြစ်, BBC

ဓာတ်ပုံ ပုံစာ, Hear Myanmar သတင်းဌာန အွန်လိုင်းစာမျက်နှာ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ သူဟာ ရုပ်သံ သတင်းသမားဖြစ်တဲ့ အတွက် အဲဒီ သတင်းဌာန နဲ့ ရိုက်ကူးရေး နေရာတွေမှာ ဆုံဖူးတဲ့ အခြားရုပ်သံသတင်းထောက်တွေနဲ့ နိုင်ငံတကာ သတင်းဌာန ကဓာတ်ပုံဆရာတွေက ရုပ်သံ သတင်းသမားတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ခံရတဲ့အတွက် စိုးရိမ်မှုတွေရှိကြပါတယ်။

" ရန်ကုန်တက္ကသိုလ် အမ ရာဆောင် ကွာရန်တင်းဝင်နေကတည်းက အလုပ်နဲ့ပတ်သက်လို့ ဘာမှ မခိုင်းတော့ပါဘူး၊ လူနာအမှတ်၁၇၉ နဲ့ပတ်သက်တဲ့ ညီမ တို့သတင်းဌာန ကလူတွေအားလုံးမှာတော့ ရောဂါပိုးမရှိဘူးဆိုတဲ့ အဖြေ ကိုတော့ မေလ ၁၃ ရက်နေ့က သိရပါတယ် "လို့လည်း မချိုလွင်ဦးကပြောပါတယ်။

"ကိုရိုနာ သတင်းယူနေတုန်းက ဇောနဲ့မို့လို့ ရောဂါ ကူးချင်ကူးဆိုပြီး မကြောက်တဲ့စိတ် ရှိပေမယ့် ကိုယ့်အထဲက လူကူးလာတဲ့အခါ မှာ ကိုယ်ကိုယ်တိုင်ထက် ကိုယ်နဲ့ဆက်နွယ်သူတွေကူးမှာ ကို အရမ်းစိုးရိမ်ခဲ့ရပါတယ်လို့ "လည်း သူကပြောပါတယ်။

ရုပ်သံအင်တာဗျုးသတင်းရယူတဲ့နေ ရာတွေမှာ သူတို့ အနေနဲ့ အစိုးရသတ်မှတ်ထားတဲ့ ခပ်ခွာခွာနေခိုင်းတဲ့ အကွာအဝေးကို မလိုက်နာဖြစ်ခဲ့တာတွေရှိတယ်လို့လည်းသူကရှင်းပြပါတယ်။

ကွာရန်တင်းဝင်နေတဲ့ ရုပ်သံသတင်းသမားတွေ အာလုံးကတော့ ကျန်းမာရေး ကောင်းမွန်တယ်လို့လည်း မချိုလွင် ဦးကပြောပါတယ် ။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကတော့ ကွာရန်တင်း ဝင်နေရသူနဲ့ ကိုဗစ်ကူးစက်ခံရ တဲ့သတင်းသမားတွေကို ငွေကျပ်နှစ်သိန်းစီပံ့ပိုးခဲ့တယ်လို့ လည်း မေလ ၁၂ ရက်နေ့ ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

မချိုလွင်ဦး အပါအဝင် သတင်းသမားတွေကတော့ ၂၁ ရက်ကြာ ကွာရန်တင်းပြီး လျှင်နောက်တစ်ခေါက်ပိုး ကူးစက်ခံရတာရှိ မရှိ ကို စစ်ဆေးခံရ ဦးမှာဖြစ်တယ်လို့လည်းသူကပြောပါတယ်။

"မေလ ၅ ရက်နေ့ နောက်ပိုင်းမှာ ရိုက်ကူးရေးတွေ သွားခဲ့တာတွေတော့ ရှိတယ် ဒါပေမယ့် ကိုယ်က အခု ပိုးမရှိဘူးဆိုတော့ သူတို့ အတွက် စိတ်နည်းနည်းအေး ရတာပေါ့ "လို့လည်း မချိုလွင်ဦးကပြောပါတယ်။