၀ မှာ ဓားပြတိုက်ပြီး လုယက်မှုကျူးလွန်တဲ့တရုတ်နိုင်ငံသား ၃ ဦးကို သေဒဏ်ပေး

ဓာတ်ပုံ ရင်းမြစ်, Nyi Ran
၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ရွှေဆိုင်ဓားပြတိုက်ပြီး လူသတ်မှုကျုးလွန်ခဲ့တဲ့ တရုတ်နိုင်ငံသား ၃ ဦးကို ၀ ဥပဒေအတိုင်း သေဒဏ်စီရင်ခဲ့တယ်လို့ ၀ တပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူဦးညီရန်းက ဘီဘီစီကိုပြောပါတယ်။
သေဒဏ်စီရင်ခံရတဲ့ တရားခံ ၃ ဦးဟာ မေလ ၃ ရက်နေ့က ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းရှိ နမ့်တစ် မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ရွှေဆိုင်ကို ဝင်ရောက်လုယက်ခဲ့ပြီး ဆိုင်ရှင်ကို သတ်ဖြတ် သွားခဲ့တာဖြစ်ပါတယ်။
'ကျုးလွန်တဲ့သူတွေကလည်း ကျွန်တော်တို့ ၀ ပြည်နယ်မှာ လာအလုပ်လုပ်နေတဲ့သူတွေ။ဆိုင်ရှင်လည်း တရုတ်ပြည်ကပဲ။ ဓားပြတိုက်သွားတဲ့ ၃ ယောက်ကလည်း တရုတ်ကပဲ။ ၀ ပြည်နယ် မှာက လူသတ်မှုတို့ ဓါးမြမှုတို့ဆိုရင် သေဒဏ်ပဲစီရင်နေကြပါ။ အရင်ထဲက ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ဒီလိုပဲစီရင်ပါတယ်''လို့ ဦးညီရန်းကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kyaw Linn Oo'Facebook
အဆိုပါ ပြစ်မှုအတွက် ကျုးလွန်ခဲ့တဲ့တရားခံတွေကို ဖမ်းဆီးရမိပြီးနောက် မြို့တစ်ပတ်ပတ်ပြခဲ့ပြီးနောက် ၀ ဒေသမှာ ပြဋ္ဌာန်းထားတဲ့ဥပဒေအတိုင်း လူသတ်ကုန်းမှာ သေနတ်နဲ့ပစ်သတ်စီရင် ခဲ့တာဖြစ်တယ်လို့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းနေထိုင်သူတစ်ဦးက သူ့ရဲ့လူမှုကွန်ရက်စာမျက်ကတဆင့် ရေးသားဖော်ပြထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအရ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှာ မြို့နယ် ၆ခုရှိရာ မြို့နယ် ၂ခုသာ အစိုးရ ထိန်းချုပ်မှုအောက်မှာရှိတာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအရ မြို့နယ် ၄ ခုအဖြစ်သတ်မှတ်ထားသော်လည်း ၀ တပ်ဖွဲ့ ထိန်းချုပ်မှုအောက်မှာ လူဦးရေ ၅သိန်းနီးပါးနေထိုင်တဲ့ ၀ ပြည်နယ်အဖြစ် ခရိုင် ၃ခုနဲ့ မြို့နယ် ၂ ခုအဖြစ်ဖွဲ့စည်းထားတာ ဖြစ်တယ်လို့လည်းသိရပါတယ်။




