ကေအန်ယူ ကိုဗစ်စစ်ဆေးရေးဂိတ် ဖယ်ရှားခံရအပြီး ပစ်ခတ်မှုဖြစ်

ဓာတ်ပုံ ရင်းမြစ်, စောကညောထူး
ကရင်ပြည် ဖာပွန်ခရိုင်ထဲမှာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို တပ်မတော်က ဖယ်ရှားခဲ့အပြီးမှာ နှစ်ဖက်ကြား ပစ်ခတ်မှုတွေ သုံးကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
မေလ ၆ ရက်နေ့က ဖာပွန်က ဝါးသိုခိုကျေးရွာအနီးက ကျန်းမာရေး စစ်ဆေးဂိတ် နှစ်ခုကို တပ်မတော်က မီးရှို့ဖျက်ဆီးတာကြောင့် ကေအန်ယူဘက်က စပစ်ခဲ့ရတာဖြစ်တယ်လို့ ကေအန်ယူ တပ်မဟာ ၅ က ဗိုလ်မှူး အဲဒိုမှူးက ပြောပါတယ်။
မေလ ၇ ရက်နေ့က ပစ်ခတ်မှုမှာ တံတားလုံခြုံရေး ဆောင်ရွက်နေတဲ့ အဖွဲ့ကို စနိုက်ပါတွေ လက်နက်ငယ်တွေနဲ့ ကေအန်ယူက ပစ်ခတ်လို့ စစ်သည် တစ်ဦးသေဆုံးပြီး တစ် ဦးဒဏ်ရာရခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
အခုတော့ တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ဖာပွန်က ကေအန်ယူ တပ်မဟာ ၅ နယ်မြေမှာ နှစ်ဖက် ပစ်ခတ်မှုတွေ မရှိတော့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, စောကညောထူး
ကေအန်ယူဘက်ကတော့ ဖျက်ဆီးခံရတဲ့ ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရေးဂိတ် နှစ်ခုကို အခုထိ ပြန်ပြင်ဆောက်တာမရှိသေးဘဲ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ကေအန်ယူ တပ်မဟာ ၅ က ဗိုလ်မှူး အဲဒိုမှူးက ပြောပါတယ်။
အခုလို အခြေအနေမှာပဲ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ အနေနဲ့ အစိုးရရဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညှိနှိုင်းရေး ကော်မတီဟာ အပစ်ရပ်ထားတဲ့ လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ မေလ ၈ ရက်နေ့တုန်းက Online Video Conferencing ကနေတဆင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ အပစ်ရပ်ဒေသတွေမှာ ကိုဗစ် ထိန်းချုပ်ရေး ကုသရေးတွေ အပါအဝင် ကျန်းမာရေးအထောက်အပံ့တွေ နိုင်ငံတကာ အကူအညီတွေ မျှဝေဖို့တွေပါတဲ့ အချက် ၇ ချက်ကို သဘောတူခဲ့ပြီး တစ်ဖွဲ့ချင်းစီနဲ့လည်း လာမယ့် သီတင်းပတ်ထဲမှာ သီးခြားဆွေးနွေးမှုတွေ လုပ်ဖို့ ရှိနေတယ်လို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။
ဒီလို ပစ်ခတ်မှုတွေ ဆက်မဖြစ်ဖို့ မေလ ၁၁ ရက်နေ့ အစိုးရ ကိုဗစ်ကော်မတီနဲ့ ကေအန်န်ယူ သီးခြားတွေ့ဆုံပွဲမှာ ဆွေးနွေးကြဖွယ်လည်း ရှိနေပါတယ်။








