ချောက်၊ ဖျာပုံအပါအဝင် မြို့ ၃ မြို့မှာ အပူချိန်စံချိန်သစ်တင်

အရင်နှစ်တွေကလည်း ရန်ကုန်မှာ အပူချိန်မြင့်တက်တဲ့ဒဏ်ကို သိသိသာသာခံစားလာရ

ဓာတ်ပုံ ရင်းမြစ်, KHIN MAUNG WIN AFP/Getty

ဓာတ်ပုံ ပုံစာ, အရင်နှစ်တွေကလည်း အပူချိန်မြင့်တက်တဲ့ဒဏ်ကို သိသိသာသာခံစားလာရ
ရေးသားခဲ့သည်။

မေလအတွင်း မြန်မာနိုင်ငံက မြိုအသီးသီးမှာ အပူချိန်တွေမြင့်တက်နေပြီး ချောက်၊ ဖျာပုံ နဲ့ ကြို့ပင်ကောက် မြို့တွေမှာတော့ ပုံမှန်ထက် အပူချိန်စံချိန်အသစ်တင်တဲ့အထိ မြင့်တက်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က ဘီဘီစီကိုပြောပါတယ်။

ကြို့ပင်ကောက်မြို့မှာ မေ ၆ ရက်နေ့က ၄၂ ဒဿမ ၅ ဒီဂရီစင်တီ ဂရိတ်နဲ့လည်းကောင်း၊ ဖျာပုံမြို့မှာ မေ ၇ ရက်နေ့က ၃၉ ဒဿမ ၂ ဒီဂရီစင်တီဂရိတ်နဲ့လည်းကောင်း ချောက်မြို့မှာ ၄၇ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်နဲ့ အသီးသီး စံချိန်တင်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

' ' ဒီမိုးကြိုကာလမှာ မြေမျက်နှာပြင်က ပူလာလေ့ရှိတယ်။ ဒါကြောင့် အပူချိန်တွေကလည်း မြင့်တက် လာတယ်။ ဖြစ်တတ်တဲ့သဘောပေမယ့် အပူချိန်တွေကလည်း တစ်နှစ်ထက် တစ်နှစ်ပိုမိုမြင့် တက်လာ နေတာလေ။ မုတ်သုံဝင်မှပဲ အပူဒဏ်သက်သာမှာ။ မုတ်သုံကတော့ မြန်မာနိုင်ငံတောင်ပိုင်းကို မေ ၆ ရက်က နေ ၂၁ ရက်အတွင်း ဝင်မယ်လို့ခန့်မှန်းထားတယ်'' လို့ ဒေါ်ခင်ချိုချိုရှိန်ကပြောပြပါတယ်။

အပူချိန် စံချိန်မချိုးပေမယ့် ၄၀ ဒီဂရီစင်တီဂရိတ်နဲ့ အထက်မှာ ရှိနေတဲ့ မြို့ပေါင်း ၂၀ကျော်ရှိလာပြီး ဒီမြို့ တွေမှာလည်း အပူဒဏ်ကြောင့် အပူရှပ်တာ ၊ အပူဒဏ်ကြောင့် သတိလစ်မေ့မြောတာ ( Heat stroke ) ရနိုင်တာတွေလည်းရှိတာကြောင့် သတိပြုဖို့ လိုတယ်လို့ သူကပြောပါတယ်။

' ' အပူပိုင်းဇုန်လို့ခေါ်တဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်း နေပြည်တော်အပါအဝင် ပေါ့အဲဒီနေရာ တွေက အဓိကသတိထားဖို့လိုတာပေါ့။ နောက်တစ်ခုကလည်း ကမ်းရိုးတန်းမြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီ၊ ပဲခူး ရန်ကုန်ပေါ့။ သူတို့က ကုန်းမြေကပူတယ်။ ပင်လယ်ပြင်ကလာတဲ့ ရေငွေ့ပါတဲ့ လေတွေနဲ့ပေါင်းပြီး ပိုအိုက်တာပေါ့။ ချွေးတွေထွက်ပြီး အပူချိန်မြင့်တက်တာကိုခံစားရမယ်။ ခန္ဓာကိုယ်ကခုခံအားတွေ အားနည်းသွားတာပေါ့။အထူးသဖြင့် သက်ကြီးရွယ်အိုတွေဂရုစိုက်ရမယ်'' လို့ အပူချိန်မြင့်တက်နိုင်တဲ့ မြို့တွေရဲ့အခြေအနေကို ဒေါ်ခင်ချိုချိုရှိန်က ပြောပြပါတယ်။

အပူချိန်တွေမြင့်လာပေမယ့် ကိုဗစ်-၁၉ ကြောင့် အပူရှောင် စခန်းတွေဖွင့်လှစ်နိုင်ခြင်းမရှိ

ဓာတ်ပုံ ရင်းမြစ်, ShweInnthar KhinMgWin

ဓာတ်ပုံ ပုံစာ, အပူချိန်တွေမြင့်လာပေမယ့် ကိုဗစ်-၁၉ ကြောင့် အပူရှောင် စခန်းတွေဖွင့်လှစ်နိုင်ခြင်းမရှိ

အပူချိန်စံချိန်တင်မြင့်တက်တဲ့မြို့တွေထဲက တစ်ခုဖြစ်တဲ့ ချောက်မြို့နယ်မှာ မနှစ်ကအပူချိန်မြင့်စဉ် ကာလမှာ အပူရှောင်စခန်းတွေဖွင့်လှစ်တာ၊ ရေချိုးဆိပ်တွေအတွက် စီမံပေးတာတွေ လုပ်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မလုပ်ပေးနိုင်ဘူးလို့ ချောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ဘီဘီစီကိုပြောပြပါတယ်။

' ' အခုကတော့ အပူဒဏ်ကာကွယ်ရေးအတွက်နှိုးဆော်ချက်တွေသတိပေးတာတွေပဲ လှည့်လည်သတိပေးဖို့ ဒီနေ့ပြင်နေတယ်။ အပူရှောင်စခန်းကတော့ လူစုလူဝေးဖြစ်မှာစိုးလို့ မဖွင့်နိုင်ဘူး။ သက်ကြီးရွယ်အိုတချို့က တော့ မနှစ်က အပူရှောင်စခန်းဖွင့်တဲ့ ဓမ္မာရုံတို့ဘာတို့မှာလာနေတာတော့ရှိတယ်။ ဒါကိုလည်း ရပ်ကွက် အုပ်မှူးတွေကိုမှာထားရတယ်။ လူစုလူဝေးမဖြစ်ဖို့ကိုတော့။ ကပ်ရောဂါက အရေးကြီးအခြေအနေဖြစ်နေ တော့ ကျန်တာတွေမလုပ်ပေးနိုင်ဘူးဖြစ်နေတာပေါ့''လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့၂၀၁၉ ခုနှစ် မေလတုံးကလည်း မိုးလေသဝနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ချောက်၊ ဂန့်ဂေါ၊ ကျောက်ဆည်၊ ဟဲဟိုး၊ ဖလမ်းစတဲ့ မြို့တွေမှာ နှစ်ပေါင်း ၄၀ ကျော်အတွင်း အပူစံချိန်တင်မြင့်တက်ခဲ့ပြီး အပူဆုံးဖြစ်ခဲ့ပါတယ်။