မကွေးနဲ့ မန္တလေးတိုင်းတွေအပါအဝင် ချင်းနဲ့ ရှမ်းပြည်နယ်က မြို့နယ်တချို့မှာ နှစ်ပေါင်း ၄၀ ကျော်အတွင်း စံချိန်တင်ပူပြင်းခဲ့

ဓာတ်ပုံ ရင်းမြစ်, KHIN MAUNG WIN AFP/Getty
မြန်မာနိုင်ငံတဝန်း ဆယ်စုနှစ်တွေအတွင်း အပူချိန်စံချိန်တင်မြင့်တက်နေပြီး ချောက်၊ ဂန့်ဂေါ၊ ကျောက်ဆည်၊ ဟဲဟိုး၊ ဖလမ်းစတဲ့ မြို့တွေမှာ နှစ်ပေါင်း ၄၀ ကျော်အတွင်း စံချိန်တင်ပူပြင်းခဲ့တယ်လို့ မိုးလေသဝနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။
အဲဒီမြို့တွေအပြင် မြန်မာနိုင်ငံအလယ်ပိုင်းဖြစ်တဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ မေလအတွင်း ဆက်ပြီးတော့ ပူပြင်းနေဦးမယ်လို့ မိုးလေသဝနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဘီဘီစီကိုပြောပါတယ်။
'မနက် ၁၀ နာရီကနေစပြီးတော့ ည ၁၂ နာရီအထိ အပူရှိန်ကို သိသိသာသာခံစားရတယ်၊ ပူလွန်းအားကြီးလွန်းလို့ အေးတဲ့နေရာရှာ၊ အေးတဲ့နေအိမ်တွေမှာ သွားနေရတယ်' လို့ မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ နေထိုင်သူ မဦးက ပြောပါတယ်။
မိုးဇလရဲ့ တိုင်းတာချက်တွေထဲမှာတော့ ဂန့်ဂေါမှာ ၄၇ ဒီဂရီစင်တီဂရိတ်နဲ့ နှစ်ပေါင်း ၅၅ နှစ်အတွင်း အပူဆုံးဖြစ်ခဲ့ပြီ၊ ချောက်မှာဆိုရင် ၄၇ ဒီဂရီနဲ့ နှစ်ပေါင်း ၂၂ အတွင်း အပူဆုံးဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NAy Naing
ကျောက်ဆည်မှာဆိုရင်လည်း ၄၃ ဒီဂရီအထိ ပူခဲ့ပြီး အနှစ် ၂၀ အတွင်း အပူဆုံးဖြစ်ခဲ့ပါတယ်။
'မကွေးတိုင်းတစ်ခုလုံးကို ကြည့်မယ်ဆိုရင် အရင်နှစ်တွေကထက် စံချိန်တင်ပူပြင်းနေတာပါ။ ဒီအပူချိန်က မေလကုန်အထိ ဆက်ရှိနေနိုင်ပါတယ်။ မုတ်သုံကလည်း မြန်မာနိုင်ငံအလယ်ပိုင်းကို မေလကုန်လောက်မှ ဝင်နိုင်ပါတယ်' လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှသိန်းကပြောပါတယ်။
စံချိန်တင်ပူပြင်းမှုတွေဟာ ပြီးခဲ့တဲ့ဧပြီတုန်းက ပဲခူး၊ ဧရာဝတီနဲ့ မြန်မာနိုင်ငံအောက်ပိုင်းမြို့တွေမှာ ဖြစ်ခဲ့ပြီး အခုမေလမှာတော့ မြန်မာနိုင်ငံအလယ်ပိုင်းမြို့တွေနဲ့ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တွေမှာ ဖြစ်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NAy Naing
ချင်းပြည်နယ် ဖလမ်းမှာ နှစ်ပေါင်း ၅၅ နှစ်အတွင်း အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်နဲ့ ဟဲဟိုးမှာတော့ နှစ်ပေါင်း ၄၀ အတွင်း ၃၇ ဒီဂရီအထိ ရှိခဲ့ပါတယ်။
နိုင်ငံတွင်း သဘာဝသစ်တောတွေ ပိုမို ပြုန်းတီးလာပြီး ရာသီဥတုပြောင်းလဲ ဖောက်ပြန်တာတွေကြောင့် အခုနှစ်တွေအတွင်း အပူရှိန်လွန်ကဲလာရတာလို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက ထောက်ပြပြောဆိုတာတွေလည်း ရှိနေပါတယ်။
မိုးဇလကတော့ သစ်တောပြုန်းတီးမှုအပြင် ကမ္ဘာကြီးပူနွေးနေလာတာ၊ မိုးခေါင်လာတာနဲ့ ရာသီဥတုပြောင်းလဲလာတာက အခုလို ပူပြင်းစေရတဲ့ အကြောင်းရင်းတွေထဲ ပါတယ်ဆိုပြီးတော့ ပြောပါတယ်။








