ရခိုင်တိုက်ပွဲ - "အစိုးရမလာ၊ အလှူရှင် လာမရလို့ ရိက္ခာကုန်ရင် အငတ် နေရတော့မယ်"

ရေးသားခဲ့သည်။

ရခိုင် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရိက္ခာနဲ့ သောက်သုံးရေ ပြတ်လပ် ခက်ခဲနေတယ်လို့ စခန်းတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

အထူးသဖြင့် မြောက်ဦးမြို့နယ်နဲ့ ကျောက်တော်မြို့နယ်က စခန်းတွေနဲ့ အမ်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ ရိက္ခာပြတ်လပ်တော့မှာဖြစ်ပြီး ကျန်းမာရေးအတွက် ဆေးဝါးကုသမှုတွေလည်း အခက်အခဲနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

မြောက်ဦးမှာ စစ်ဘေးရှောင် စခန်းပေါင်း ၃၁ ခုရှိပြီး အိမ်ထောင်စုပေါင်း ၄၂၇၅ စုနဲ့ လူဦးရေပေါင်း ၁၇၀၂၇ ဦးခိုလှုံနေကြတာ ဖြစ်ပါတယ်။

အဲ့ဒီ စခန်းတွေဟာ အစိုးရ၊ အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေ လှူဒါန်းထားတာတွေကို မှီခိုနေကြရတာ ဖြစ်ပါတယ်။

စခန်း ၃၁ ခု အနက် တိုက်ပွဲဖြစ်ပွားနေတဲ့ ကျောက်တော်နဲ့ ဆက်စပ်နေတဲ့ မြောက်ဦး မြောက်ပိုင်းက တိမ်ညိုစခန်း၊ ပီပင်ရင်စခန်းနဲ့ စခန်းတချို့တို့မှာလည်း ရိက္ခာ ပြတ်လပ်တော့မယ်လို့ တိမ်ညိုစခန်းတာဝန်ခံ ဦးစိုးနိုင်က ဘီဘီစီကို ပြောပါတယ်။

တိမ်ညိုဒုက္ခသည်စခန်းမှာ အိမ်ထောင်စုပေါင်း ၈၄၇ စုနဲ့ လူဦးရေ ၃၂၁၇ ဦးနေထိုင်နေပြီး မြောက်ဦးမှာ အကြီးဆုံးစခန်းတစ်ခု ဖြစ်ပါတယ်။

အဲ့ဒီစခန်းအတွက် ဆန်ရိက္ခာတွေကို ICRC နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနတို့က ထောက်ပံ့ပေးတာပါ။

"ကျွန်တော်တို့က ၁၅ ရက် တစ်ကြိမ်စီ ဆန်ထုတ်ပေးတယ်။ တစ်ခေါက်ကို ဆန်အိတ် ၅၀၀ ကျော်ကျော်လိုတယ်။ အခုလက်ထဲမှာတော့ ဆန်အိတ်၂၀၀ တောင်မရှိတော့ဘူး။ ရိက္ခာပေးရမယ့်ရက်က မနေ့ကပြည့်တယ်။ မပေးနိုင်သေးဘူး။ ရှိတဲ့ဆန်ကိုထုတ်ပေးမယ်ဆိုရင်လည်း တစ်ပတ်စာပေးရမယ်။ ဒါကြောင့် အလှူရှင်မရောက်ဘူးဆိုရင်တော့ ဒီတိုင်း ငတ်နေရုံပဲ ရှိတော့တာပေါ့"လို့ ဦးစိုးနိုင်က ပြောပါတယ်။

အစိုးရဆီက ထောက်ပံ့ပေးတဲ့ ဆန်တွေဟာ မတ်လကနေ မေလဆန်းအထိ မရရှိသေးတဲ့အတွက် စခန်းကော်မတီအနေနဲ့ လူကယ်ပြန်ဌာနကို အကြောင်းကြား ထားပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်တာမရှိသေးဘူးလို့ ဆိုပါတယ်။

ကျောက်တော်မှာတော့ စစ်ဘေးရှောင် အိမ်ထောင်စု ၃၀၁၆ စုနဲ့ လူဦးရေ ၁၂၂၅၀ ဦးတို့ဟာ ဒုက္ခသည်စခန်းပေါင်း ၂၁ ခု မှာ ခိုလှုံနေကြတာဖြစ်ပြီး စခန်းတချို့မှာ ဆန်ရိက္ခာ လက်ကျန်နည်းပါး နေပြီလို့ သိရပါတယ်။

အိမ်ထောင်စု ၆၂၆ စု၊ လူဦးရေ ၂၇၄၅ ဦးခိုလှုံနေတဲ့ ကျောက်တော်က ညောင်ချောင်းဒုက္ခသည်စခန်းမှာလည်း ဆန်အိတ် ၂၀ လောက်သာ ကျန်တော့တဲ့အတွက် မေလ ၁၀ ရက်နေ့မှာ နောက်တစ်ကြိမ် ဖြန့်ဝေပေးရမယ့်ဆန် အလုံအလောက် မရှိသေးဘူးလို့ စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က ဘီဘီစီကို ပြောပါတယ်။

"ကျွန်တော်တို့စခန်းကို ဆန်လာပေးမယ်ဆိုပြီးတော့ WFP က ဧပြီ ၈ ရက်နေ့မှာဖုန်းဆက်တယ်။ ၉ ရက်နေ့ ထွက်လာမယ်လို့ ပြောတယ်။ ထွက်လာတော့ ၉ ရက်နေ့ တစ်ရက်လုံး ၅၃၉ မှာ စစ်ဆေးခံခဲ့ရတယ်။ ၁၀ ရက်နေ့မှာ ကျွန်တော်တို့ စစ်တွေကို ပြန်သွားရပြီ ဆိုပြီး ပြောခဲ့တယ်။ အခုက လက်ထဲမှာရှိတဲ့ ဆန်အိတ် ၂၀ က တစ်နပ်စာတောင် မလုံလောက်တော့ဘူး"လို့ ဦးခိုင်မျိုးအောင်က ပြောပါတယ်။

ညောင်ချောင်းဒုက္ခသည်စခန်းကို တပ်မတော် စစ်ကြောင်းတွေကလည်း မကြာခဏ ဆိုသလို ဝင်ရောက်စစ်ဆေး နေတဲ့အတွက် စခန်းမှာ နေထိုင်သူတွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရခိုင်အလယ်ပိုင်း အမ်းမြို့နယ်က ရွာတော်တော်များများကို စစ်ရေးအခြေအနေတွေအရ ခရီးသွားလာမှုတွေ ဖြတ်တောက်ခံထားရတာကြောင့် လူသောင်းချီ ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြသလို စားနပ်ရိက္ခာလည်း ပြတ်လပ်နေတယ်လို့ မြသီတာဆရာတော် ဦးပညာနန္ဒက မိန့်ကြားပါတယ်။

ပိတ်မိနေတဲ့ ကျေးရွာပေါင်း ၄၀ ကျော် ရှိတဲ့အနက် အလယ်ကျွန်းကျေးရွာဟာ ဆိုးဆိုးဝါးဝါး အနေအထားမှာရှိနေတယ်လို့ ဆိုပါတယ်။

စစ်ပွဲတွေအတွင်း ကျေးရွာတစ်ရွာလုံး ပျက်စီးခဲ့ရကာ ထိခိုက်ဒဏ်ရာရသူ ၈ ဦးရှိခဲ့ပြီး တစ်ဦးမှာ အချိန်မီ ဆေးဝါးကုသခွင့်မရတဲ့အတွက် သေဆုံးသွားခဲ့ရတယ်လို့ မြသီတာဆရာတော်က မိန့်ကြားပါတယ်။

ကျေးရွာအတွင်း လက်နက်ကြီးတွေကျရောက်ပြီး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့အတွက် ကျေးရွာသား ၉၀၀ ကျော်တို့ဟာ ရွာမှာမနေရဲကြတော့ဘဲ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြရကြောင်းနဲ့ ရိက္ခာအခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အခုလို ခရီးသွားလာမှုတွေ ပိတ်ထားတဲ့အတွက် ကျေးရွာပေါင်း ၄၂ ရွာ ပိတ်မိနေပါတယ်။ အဲဒီက အိမ်ခြေပေါင်း ၃၂၀၀ ခန့်၊ လူဦးရေ ၃၀၂၀၀ ခန့် စားဝတ်နေရေး အခြေအနေတွေ အခက်အခဲ ကြုံနေကြရပြီး ဒဏ်ရာရရှိခဲ့တဲ့ ကျေးရွာသားတွေကို ရွာမှာရှိတဲ့ တိုင်းရင်းဆေးဆရာတွေနဲ့ပဲ ဆေးဝါးကုသနေကြရတဲ့အတွက် အမ်းမြို့ဆေးရုံကို ပို့ဆောင်ကုသချင်တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။