မောင်တော မှာ အင်တာနက် ပြန်ရ

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ အကြောင်းပြုပြီး မြို့နယ် ကိုးမြို့နယ် ကို အင်တာနက် အသုံးပြုခွင့်ပိတ်ထားခဲ့ရာမှာ အဲဒီ မြို့နယ် ကိုးမြို့နယ် ထဲက ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မေလ ၃ ရက်နေ့က အင်တာနက်တွေပြန်ရနေပြီလို့ မောင်တောဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေ ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့အလယ်ပိုင်း ဒေသက မြို့နယ် ၈ မြို့နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွေမှာ အစိုးရက အင်တာနက်လိုင်းတွေကို အခုလိုဖြတ်တောက် ထားတာဖြစ်ပြီး အဲ့ဒီမြို့တွေထဲက မောင်တောမြို့နယ်ကိုပဲ ပြန်လည်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

အင်တာနက်လိုင်းတွေကို ပြန်လည်သုံးစွဲခွင့်ရရှိနေကြပြီဖြစ်တဲ့အတွက် မောင်တော်ဒေသက စီးပွားရေးလုပ်ငန်းရှင်၊ အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေရဲ့ လုပ်ငန်းခွင်အခက်အခဲတွေ ပြန်လည်အဆင်ပြေမှုရရှိနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးမောင်ဝင်းသိန်းက ဘီဘီစီကိုပြောပါတယ်။

အင်တာနက်လိုင်းတွေကိုအပိတ်ခံထားရတဲ့အချိန်မှာ ဒေသခံတွေအနေနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ လုပ်ငန်းကိစ္စတွေနဲ့ ဆက်သွယ်ရေးမှာ တယ်လီဖုန်းနဲ့ SMS တွေကိုသာ အဓိကအသုံးပြုခဲ့ရတဲ့အတွက် အဆင်မပြေမှုတွေရှိခဲ့ကြသလို၊ အခက်အခဲတွေကိုလည်း အများအပြားရင်ဆိုင်ခဲ့ကြရတယ်လို့ ပြောပါတယ်။

မေလ ၃ ရက်နေ့ မနက် ၁ နာရီခန့်အချိန်မှာ အင်တာနက်လိုင်းတွေကို ပြန်လည်ဖွင့်ပေးခဲ့တာဖြစ်ပြီး မောင်တောဒေသမှာ အသုံးများတဲ့ MPT၊ Telenor နဲ့ Mytel ဆက်သွယ်ရေးလိုင်းတွေအားလုံးကို အင်တာနက်ပြန်လည် ရပေမယ့် MPT ကတော့ အင်တာနက်လိုင်းတွေ ပုံမှန်အခြေအနေမဟုတ်ဘဲ တခြားဖုန်းလိုင်းတွေထက် နှေးနေတာကိုတွေ့နေရတယ်လို့ ဦးမောင်ဝင်းသိန်းကပြောပါတယ်။

"အင်တာနက်လိုင်းကတော့ MPT ကတော့ နည်းနည်းနှေးတယ်ပေါ့။ Mytel တို့ Telenor တို့ကတော့ မြန်တဲ့အနေအထားမှာတွေ့ရပါတယ်။ မြို့ရောနယ်ရော အားလုံးမှာရတယ်။ ဒါပေမယ့် နေရာအလိုက်တော့ နှေးတာမြန်တာတော့ ရှိတယ်လို့ အွန်လိုင်းသုံးတဲ့သူတွေဆီကနေ သိရပါတယ်။"လို့ ဦးမောင်ဝင်းသိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ကြပြီး စစ်ပွဲအရှိန်တွေမြင့်လာခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းမှာ အဲ့ဒီ မြို့နယ် ၉ ခုကို အင်တာနက်လိုင်းတွေ စတင်ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အင်တာနက်လိုင်းတွေ ဆက်လက်ပိတ်ထားတဲ့မြို့နယ်တွေကတော့ ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေဖြစ်ပြီး ချင်းပြည်နယ်အတွင်းက ပလက်ဝမြို့နယ်တို့ဖြစ်ကြပါတယ်။

မောင်တောမြို့နယ်ဟာ တိုက်ပွဲဖြစ်ပွားတဲ့မြို့နယ်တွေအထဲမှာ ပါဝင်နေပေမယ့် လက်ရှိအချိန်မှာတော့ စစ်ပွဲတွေသိသိသာ သာလျော့နည်းနေတဲ့အခြေအနေတွေကိုတွေ့ရပြီး ၊မြောက်ဦးနဲ့ တချို့မြို့တွေမှာဆိုရင် တယ်လီဖုန်းဆက်သွယ်ရေး လိုင်းတွေတောင် ကောင်းကောင်းမွန်မွန်မရရှိဘဲ မကြာခဏလိုင်းပြတ်တာတွေနဲ့ ကြုံတွေ့နေကြရကြောင်း မြောက်ဦးဒေသခံ တွေက ပြောပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ ဗိုင်းရပ်ရောဂါနဲ့ပတ်သက်လို့ သိသင့်တာတွေကိုသိရဖို့နဲ့ သတင်းအချက်အလက် တွေကို အချိန်နဲ့တပြေးညီရရှိနိုင်ဖို့အတွက် အင်တာနက်လိုင်းတွေကို ကျန်တဲ့မြို့နယ်တွေမှာပါ ဖွင့်ပေးလို့လိုအပ်နေပြီး စစ်ရေးကိစ္စတွေထက် ကျန်းမာရေးအခြေအနေတွေအတွက် မောင်တောလိုမျိုး အင်တာနက်လိုင်းတွေကို မြို့နယ်အားလုံးမှာ ပြန်လည်ဖွင့်ပေးစေချင်တယ်လို့ မောင်တောမြို့ခံ ဦးမောင်ဝင်းသိန်းက ပြောဆိုပါတယ်။