အင်းစိန်မှာ ထပ်တွေ့လာရတဲ့ အုပ်စုလိုက်ကူးစက်မှု၊ တနင်္သာရီတိုင်းအတွင်း နှာခေါင်းစည်းမပါဘဲ အပြင်ထွက်ရင် ဒဏ်ရိုက်မယ်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ကိုဗစ်ရှိမရှိ စစ်ဆေး

အင်းစိန်မှာ အုပ်စုလိုက်ကူးစက်မှုတွေရှိပေမယ့် ပြန့်ကျဲနေတာမျိုးမဟုတ်လို့ ကြိုတင်ထိန်းချုပ်ထားနိုင်တယ်လို့ လွှတ်တော်အမတ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, အင်းစိန်မှာ အုပ်စုလိုက်ကူးစက်မှုတွေရှိပေမယ့် ပြန့်ကျဲနေတာမျိုးမဟုတ်လို့ ကြိုတင်ထိန်းချုပ်ထားနိုင်တယ်လို့ လွှတ်တော်အမတ်က ပြောပါတယ်။
ရေးသားခဲ့သည်။

(၁) အင်းစိန်မှာ ထပ်တွေ့လာရတဲ့ အုပ်စုလိုက်ကူးစက်မှုဘယ်ကစသလဲ

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရသူဟာ မေလ ၈ ရက် မနက်ပိုင်းအထိ စုစုပေါင်း ၄၂ ဦးရှိနေပြီး ပြန့်ကျဲကူးစက်တာမဟုတ်ဘဲ တစ်နေရာတည်းမှာ အစုလိုက်ကူးစက်မှုဖြစ်တယ်လို့ အင်းစိန်အမတ် ဦးဝေဖြိုးဟန်က ဘီဘီစီကို ပြောပါတယ်။

မေလ ၁ ရက်က တွေ့ရှိခဲ့တဲ့ လူနာနံပါတ် ၁၅၁ နဲ့ တစ်ဆောင်တည်းအတူနေ သူတွေကို သီးသန့်ခွဲထားပြီးဆေးစစ်ခဲ့တဲ့နောက် လူနာနံပါတ် ၁၅၂၊ ၁၅၃၊ ၁၅၄၊ ၁၅၇ တို့ကို ထပ်မံတွေ့ခဲ့ရတယ်လို့ ဦးဝေဖြိုးဟန်ကပြောပါတယ်။

သူတို့ဟာ ခဝဲခြံ ၂ လမ်းက အဆောင်တစ်ခုမှာ အတူနေသူ ငါးဦးဖြစ်ပြီး ဒီငါးဦးထဲက လေးဦးဟာ ကွယ်ကဘောဆေးရုံက သူနာပြုဆရာမများ ဖြစ်ကြပါတယ်။

မနေ့က ညက ထပ်တွေ့ခဲ့ရတဲ့ ပိုးတွေ့လူနာ မိသားစုဝင် ၁၂ ဦးရှိတဲ့နေအိမ်ကို သူနာပြုဆရာမလေးတွေအဝင်အထွက်ရှိတဲ့အတွက် သူတို့ကို သီးသန့်ခွဲထားစောင့်ကြည့်ပြီး ဆေးစစ်ကြည့်တဲ့အခါ အဲဒီမိသားစုဝင်တွေထဲကနေ လူနာနံပါတ် ၁၆၂မှာ ကိုဗစ်-၁၉ ကူးစက်ခံရတာကို မေ ၇ ရက်မနက်မှာ စတင်တွေ့ရှိခဲ့တယ်လို့ ဦးဝေဖြိုးဟန်က ပြောပါတယ်။

"လူနာနံပါတ် ၁၅၂၊ ၁၅၃၊ ၁၅၄ တို့တွေ့တည်းက သူတို့နဲ့ ထိတွေ့သူတွေကို စုံစမ်းပြီး ကွာရန်တင်းပို့ပြီး Swab(ဓာတ်ခွဲစမ်းသပ်ရန်နမူနာ) ယူထားပြီး သားပါ။ မနေ့က မနက်မှာ လူနာနံပါတ် ၁၆၂ ကိုစတွေ့ပါတယ်။ မနေ့ညကတော့ ၁၆၂ ရဲ့ မိသားစုဝင် ၁၂ ယောက်အတွဲလိုက်မှာ ပေါ့စစ်တစ်ဖြစ် တယ်လို့တွေ့ရတာပေါ့" လို့ သူက ရှင်းပြပါတယ်။

လူနာနံပါတ် ၁၆၂နဲ့ သူ့မိသားစုဝင် အပါအဝင် ၁၃ ဦးကူးစက်ခံရမှုမှာထိတွေ့မှုရှိသူတွေကို လူနာနံပါတ် ၁၅၁၊ ၁၅၂၊ ၁၅၃ နဲ့ ၁၅၄ တို့ဖြစ်တယ်လို့ဖော်ပြထားပါ တယ်။

ဒါ့အပြင် လူနာနံပါတ် ၁၅၇ ကတော့ လူနာနံပါတ် ၁၅၁ တစ်ဦးတည်းနဲ့ထိတွေ့မှုရှိထားတယ်လို့ဖော်ပြထားပါတယ်။

သူနာပြုဆရာမလေးဦးပါအဝင် လူနာနံပါတ် ၁၅၁ တို့နေထိုင်တဲ့နေအိမ်နဲ့ အခုပိုးတွေ့လူနာ ၁၃ ဦးနေထိုင်တဲ့နေအိမ်တို့ဟာ အင်းစိန်မြို့နယ်၊ ခဝဲခြံ ၂ လမ်း က ဖြစ်ပါတယ်။

ဒါကြောင့် ခဝဲခြံ ၂ လမ်းတစ်လမ်းထဲမှာတင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၈ ဦးထိရှိလာပြီဖြစ်ပါတယ်။ အဲဒီလမ်းကိုလည်း ယခုအခါ အသွားအလာကန့်သတ်တားမြစ်ထားပါတယ်။

ခဝဲခြံ ၂ လမ်းကို အသွားအလာကန့်သတ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Wai Phyo Han

ဓာတ်ပုံ ပုံစာ, ခဝဲခြံ ၂ လမ်းကို အသွားအလာကန့်သတ်ထားပါတယ်။

အင်းစိန်မှာ အရင်က ၈ မိုင်ဘာသာရေးပွဲကိုတက်ရောက်ခဲ့တဲ့သူတစ်ဦးကနေ ဆက်စပ်ပြီး လူ ဆယ့်ငါးဦးထက်မနည်း အုပ်စုလိုက်ကူးစက်ခံထားရမှု ရှိထားပါတယ်။

အခုထပ်တွေ့တဲ့ အုပ်စုလိုက် ကူးစက်ခံရမှုမှာတော့ လူနာနံပါတ် ၁၅၁ ကနေ ဆက်စပ်ကူးစက်သူတွေကို ခြေရာခံစောင့်ကြည့်စစ်ဆေးတာကနေ တွေ့ရှိလာတာဖြစ်ပါတယ်။

ဒါပေမဲ့ လူနာနံပါတ် ၁၅၁ ဟာ အတည်ပြုလူနာနဲ့ထိတွေ့မှုမရှိသလို ပြည်ပခရီးသွားရာဇဝင်လည်းမရှိထားဘူးလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

"'ဒါကတော့ ကျွန်တော်တို့ နောက်ကြောင်းပြန်လိုက်ရမယ့်သဘောပဲ။ ၁၅၁ က ဘယ်ကကူးလဲမသိဘူးဆိုရင် နာ့စ်မလေးတွေဆီက ကူးသလားပေါ့။ နာ့စ်မလေးတွေကရော ဘယ်ကကူးသလဲ။ ဒီမိသားစုဆီက ကူးသလားပေါ့။ အစမှာတော့ ၁၅၁ က စခဲ့ပေမယ့် ၁၅၁ ကအစပျောက်နေတော့ ဘယ်ကစလဲ ပြန်စဉ်းစားရမှာပေါ့" လို့ ဦးဝေဖြိုးဟန်ကပြောပါတယ်။

လူနာနံပါတ် ၁၅၁ နဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးကတော့ ဒီလူနာဟာ ထိတွေ့နဲ့ ပြည်ပခရီး သွားရာဇဝင်မရှိထားပေမယ့် သူရဲ့အခန်းဖော်က သူနာပြုဖြစ်လို့ ထိတွေ့မှုရှိသူတွေကို စုံစမ်းထားတယ်လို့ ဘီဘီစီကို ကနဦးတုန်းက ပြောကြားထားပါတယ်။

သတင်းတွေအရ အခု လူနာ ၁၃ ဦးတွေ့ရတဲ့နေအိမ်မှာ ဘာသာရေးအရ ဝတ်ပြုဆုတောင်းမှုတချို့ပြုလုပ်ထားတာရှိတယ်ဆိုတာ ဟုတ်မဟုတ် မေးမြန်းတဲ့အပေါ်မှာတော့ ဦးဝေဖြိုးဟန်က ဒါကိုတော့ သေချာမသိတဲ့အတွက် တပ်အပ်မပြောနိုင်ကြောင်း ပြောပါတယ်။

အင်းစိန်မှာ ကိုဗစ်ပိုးတွေ့လူနာ တိုးလာတာမှန်ပေမယ့် ပြန့်ကျဲပြီး တွေ့ရတာမဟုတ်ဘဲ တစ်နေရာတည်းမှာပဲ ကူးစက်သူတွေ တွေ့ရတဲ့အတွက် ကြိုတင်အုပ်စီးထားလို့ရတဲ့အနေအထားလို့ သူကပြောပါတယ်။

"ပေါ့စစ်တစ်လူနာအရေအတွက်ကတော့ တိုးလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အရမ်းကြီး မထိန်းနိုင်တဲ့အနေအထားမဟုတ်ပါဘူး"လို့ ပြောပါတယ်။

မနေ့က ညပိုင်းအသစ်ထပ်တွေ့တဲ့လူနာတွေထဲက သုံးဦးကို ဝေဘာဂီဆေးရုံကို ပို့ဆောင်ပြီး ကျန်သူတွေကိုတော့တောင်ဥက္ကလာပဆေးရုံကို ပို့ဆောင်မှာဖြစ်ပါတယ်။

(၂) တနင်္သာရီတိုင်းအတွင်း နှာခေါင်းစည်းမပါဘဲ အပြင်ထွက်ရင် ဒဏ်ရိုက်မယ်

တနင်္သာရီတိုင်းဒေသကြီးအတွင်းက ပြည်သူတွေ မေ ၈ ရက် ဒီနေ့ကစလို့ နေအိမ်ပြင်ပထွက်တဲ့အခါ နှာခေါင်းစည်းတပ်မထားရင် ဒဏ်ငွေ ငါးထောင်နဲ့ ညီမျှတဲ့ နှာခေါင်းစည်းတွေ ဝယ်ယူစေမယ့် ပြစ်ဒဏ်ချမှတ်မှာဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက အခုလို ထုတ်ပြန်ထားတာဖြစ်ပြီး လိုက်နာဖို့ပျက်ကွက်ရင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားတာပါ။

ဒီညွှန်ကြားချက်ကို အဆင့်သုံးဆင့်နဲ့ ဆောင်ရွက်မယ်လို့ တနင်္သာရီတိုင်းက အမျိုးသားလွှတ်တော်အမတ် ဦးဥက္ကာမင်းက ပြောပါတယ်။

"ဒီနေ့ အပြင်ထွက်လာတဲ့ထဲမှာ နှာခေါင်းစည်းမတပ်ထားရင် တပ်ဖို့ ကျွန်တော်တို့ဝေမယ်။ အခုထုတ်ထားတဲ့ကြေညာချက်ကိုလည်း ပညာပေးမယ်။ မနက်ဖြန်မှာ နှာခေါင်းစည်းမတပ်ဘဲ ထွက်တဲ့သူကို သူသွားလိုတဲ့နေရာပေးမသွားစေဘဲ လာရာလမ်းအတိုင်းပြန်လှည့်စေပါမယ်။ ၁၀ ရက်နေ့ကျရင်တော့ နှာခေါင်းစည်းမတပ်လာရင် ကျပ် ငါးထောင်ဖိုး နှာခေါင်းစည်းတွေ ဝယ်ဖို့ဒဏ်ရိုက်မယ့်အစီအစဉ် စတင်ပါမယ်။ ကျွန်တော့်မဲဆန္ဒနယ်မြေဖြစ်တဲ့ ကျွန်းစုနဲ့ မြိတ်မြို့နယ်ထဲမှာတော့ အရင်တည်းက နှာခေါင်းစည်းတွေကို သိန်းနဲ့ချီ ဝေထားတယ်။ ပြီးတော့ ကျွန်းတွေပေါ်မှာရှိတဲ့ရွာတွေဆီမှာတော့ အဝတ်နှာခေါင်း စည်းတွေ ဝေထားပေးတယ်"လို့ ဦးဥက္ကာမင်းက ပြောပါတယ်။

တနင်္သာရီတိုင်းဟာ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူမရှိသေးတဲ့တိုင်းဒေသကြီးတစ်ခုဖြစ်ပါတယ်။

ဒီရက်ပိုင်း ပြည်တော်ပြန်တွေဝင်ရောက်လာတာရှိပြီးသူတို့ကို အသွားအလာကန့်သတ်စောင့်ကြည့်တဲ့ ကွာရန်တင်းစင်တာတွေလည်း အသင့်ပြင်ဆင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

(၃) တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို ကိုဗစ်ရှိမရှိ ဓာတ်ခွဲနမူနာ ရယူစစ်ဆေး

လွှတ်တော်အစည်းအဝေးတွေကို မေ ၁၈ မှာပြန်စတော့မှာပါ။

ဓာတ်ပုံ ရင်းမြစ်, cnicds

ဓာတ်ပုံ ပုံစာ, လွှတ်တော်အစည်းအဝေးတွေကို မေ ၁၈ မှာပြန်စတော့မှာပါ။

လွှတ်တော်အစည်းအဝေးတက်မယ့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရှိမရှိ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

လွှတ်တော်အစည်းအဝေးတက်ရောက်မယ့်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၇၅ ဦး၊ သူတို့ရဲ့ အုပ်ချုပ်မှုအထောက်အကူပြုအဖွဲ့တွေဖြစ်တဲ့ ရုံးတာဝန်၄ ဦး၊ စားရိပ်သာတာဝန်ကျ ၂၆ ဦး၊ ယာဉ်မောင်း ၁၁ ဦးနဲ့ ဆေးအကာအကွယ်တာဝန်ကျ ၃ ဦး စုစုပေါင်း ၂၁၉ ဦးတို့ရဲ့ ဓာတ်ခွဲနမူနာတွေကို ရယူထားပြီး နေပြည်တော် တပ်မတော်ဆေးရုံကြီးမှာရှိတဲ့ ကိုဗက် ၆၈၀၀ စက်နဲ့ စစ်ဆေးထားတယ်လို့ မေ ၇ ရက် သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

တပ်မတော်သားကိုယ်စားလှယ် ၁၇၅ ဦး လွှတ်တော်အစည်းအဝေးတွေတက်ဖို့ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cnicds

ဓာတ်ပုံ ပုံစာ, တပ်မတော်သားကိုယ်စားလှယ် ၁၇၅ ဦး လွှတ်တော်အစည်းအဝေးတွေတက်ဖို့ရှိပါတယ်။

ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို မေလ ၁၈ ရက်မှာ ကျင်းပမှာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို မေ ၉ ရက် ဒါမှမဟုတ် ၁၀ ရက်နေ့နောက်ဆုံးထားပြီး နေပြည်တော်ကို လာရောက်ဖို့ လွှတ်တော်ရုံးက အကြောင်းကြားထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ဦးရှိပြီး အားလုံးကိုဗစ်ရှိမရှိ စစ်ဆေးမှုခံယူရမှာဖြစ်ပါတယ်။

တပ်မတော်မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆ ဦးရှိထားပြီး ရုရှရောက် ပညာတော်သင် တပ်မတော်သား ၅ ဦးနဲ့ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တစ်ဦးတို့ ဖြစ်ပါတယ်။ ဒီခြောက်ဦးလုံးရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဗီဒီယို ပုံစာ, အီရန်ရဲ့ မာဟန် လေကြောင်းလိုင်း ကိုရိုနာကူးစက်ပျံ့နှံ့အောင်လုပ်ခဲ့