ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၇၂ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်နိုင်ခြေ မိုးဇလ ထုတ်ပြန်
ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ ဘင်္ဂလား ပင်လယ်ပြင် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ၇၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒီမုန်တိုင်းငယ်က မြောက်၊ အနောက်မြောက်ဘက်ကို ရွေ့လျားသွားနိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။
ဒီရွေ့လျားမှုဟာ အိန္ဒိယဘက်ကို လမ်းကြောင်း တည်သွားနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က ပြောပါတယ်။
နှစ်ပေါင်းများစွာက အချက်အလက်တွေအရ မြန်မာ့ကမ်းရိုးတန်းကို မုန်တိုင်းတွေ ဒီကာလမှာ ဝင်လေ့ရှိတဲ့အတွက် အခုလို ကြိုထုတ်ပြန်ခဲ့တာလို့ ပြောပါတယ်။
လောလောဆယ်မှာတော့ လေဖိအားနည်းရပ်ဝန်း ဖြစ်နေတဲ့အကြောင်းကို ပင်လယ်ကမ်းရိုးတန်း သွားမယ့် သင်္ဘောတွေ၊ လှေတွေကို နှိုးဆော်ပေးထားတာလို့ ပြောပါတယ်။
များသောအားဖြင့် မုန်တိုင်းတွေက ရခိုင်ကမ်းရိုးတန်းကို ၇၀ ရာခိုင်နှုန်း ဖြတ်လေ့ရှိတယ်၊ အဲဒီနောက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်လေ့ရှိတယ်၊ မွန်နဲ့ တနင်္သာရီကမ်းရိုးတန်းကို ဒီကာလမှာ မုန်တိုင်း အနည်းဆုံး ဝင်ရောက်လေ့ရှိပြီး ဒီကာလမှာ ၇ ရာခိုင်နှုန်းလောက် ဝင်လေ့ရှိတယ်လို့ ဆိုပါတယ်။
မုန်တိုင်းငယ် အနေအထားက ဗဟိုချက်မှာ အများဆုံး တစ်နာရီ လေတိုက်နှုန်း ၃၅ မိုင်ကနေ မိုင် ၄၀ အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
တခြားနေရာတွေမှာတော့ မုန်တိုင်းအဆောက်အအုံက ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေ၊ မိုးတိမ်တောင်တွေ ဖြစ်လာပြီး မိုးတိမ်တောင်အောက်မှာ စိုက်ဆင်းလေပြင်းတွေ၊ လေဆင်နှာမောင်း(Tornado )နဲ့ ရေဆင်နှာမောင်း (Water spout) ဖြစ်တယ်လို့ ဆိုပါတယ်။
မုန်တိုင်းဖြစ်ပေါ်ရင် အနောက်တောင် မုတ်သုန်မိုးကို ဆွဲခေါ်လို့ အကောင်းဘက်က ကြည့်ရင် မုန်တိုင်းကြောင့် မိုးရပြီး တခြားတစ်ဘက်က ကြည့်ရင် မုန်တိုင်းဝင်ရာ နေရာမှာ မုန်တိုင်းဒဏ်ကို ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။