၁၂ နှစ်ပြည့်သွားပြီဖြစ်တဲ့ ဆိုင်ကလုန်းမုန်တိုင်း နာဂစ်

ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့မုန်တိုင်းတွေထဲ အကြီးမားဆုံးနဲ့ ပျက်စီးဆုံးရှုံးမှုအများဆုံးလို့ ဆိုရမယ့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့တာဟာ ဒီကနေ့ ၂၀၂၀ ခုနှစ် မေ ၂ ရက်နေ့မှာ ၁၂ နှစ်တိုင်တိုင်ရှိသွား ပြီဖြစ်ပါတယ်။

၁၀ စုနှစ်နဲ့ချီကြာသွားပြီဖြစ်လို့ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံခဲ့ရတဲ့သူတွေအနေနဲ့လည်း စိတ်ဒဏ်ရာတစ်ချို့ကို မေ့ထားနိုင်ပြီဖြစ်ပေမယ့် ဆုံးရှုံးခဲ့ရတဲ့ မိသားစုဝင်တွေကို သတိတရ ရှိနေဆဲပဲလို့ ပြန်ပြောင်းပြောလာကြပါတယ်။

မိသားစု ဆွေမျိုး ၂၁ ဦးအထိ ဆုံးရှုံးခဲ့ရသူ

'' သတိအရဆုံးက မိသားစုတွေပေါ့။ အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေဆုံးပါးသွားတာ။အဘိုးအဘွားအပါအဝင် ဆွေမျိုး ၂၁ ယောက်ပါသွားခဲ့တာ။ တစ်ရွာလုံးနီးပါး အိမ်ခြေပျောက်သလောက် ဖြစ်သွားခဲ့တာ။ ကျွန်တော့်အောက်က ညီနဲ့ ညီမတစ်ယောက်က ကျွန်တော့်လက်ထဲမှာပဲအသက်ရှင်ခဲ့ရတာ။''လို့ နာဂစ်မုန်တိုင်း အတွင်း မိသားစုဝင်တွေကို ဆုံးရှုံးခဲ့ရသူတစ်ဦးဖြစ်တဲ့ ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာမှာ နေထိုင်ခဲ့တဲ့ ကိုယုမော်က ဘီဘီစီကိုပြောပါတယ်။

ကိုယုမော်တို့နေထိုင်ရာ အောင်ချမ်းသာကျေးရွာဟာ နာဂစ်မုန်တိုင်းအတွင်း အိမ်ခြေအားလုံးနီးပါး ရွာလုံးကျွတ်ပျက်စီးခဲ့တဲ့ ရွာတွေထဲကက တစ်ရွာဖြစ်ပါတယ်။

'' ညနေ ၆နာရီလောက်က လေကစတိုက်တော့ မိုးလည်းရွာတယ်။ ခန့်မှန်းခြေ ည ၁၂ လောက်လည်း ကျရော ရေက တစ်ရပ်ကျော်လောက်မြုပ်သွားပြီ။ သစ်ပင်တစ်ပင်တည်းမှာပဲ ကျွန်တော့်တို့မိသားစုရော ဆွေမျိုးတွေရော အယောက် ၄၀ ကျော်လောက်ရှိတယ်။

ကျွန်တော်တို့က အမြစ်ပိုင်းလေးမှာ ကျွန်တော်အဖေနဲ့အမျိုးတွေကအဖျားပိုင်းလေးမှာဖြစ်မယ်။ အသက်ရှင် လာတဲ့ကောင်လေးတစ်ယောက်ပြောတာ သူတို့က ရေကတက်လာတော့ တခြားတနေရာကို သွားဖို့လုပ်ချိန် လှိုင်းရိုက်ပြီး လွင့်ထွက်ပြီး တကွဲစီဖြစ်သွားတာလို့ ပြောတယ်။ကျွန်တော်တို့က အမြစ်မှာကျန်ပြီး ကုပ်တွယ်နေခဲ့ကြလို့ ကျန်ခဲ့တယ်။''လို့ ကိုယုမော်က မေ ၂ ရက်ညပိုင်းက ကြုံခဲ့ရတဲ့အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြပါတယ်။

၂၀၀၈ ခုနှစ် မေ ၂ရက်နေ့မှာ မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ တစ်နိုင်ငံလုံးကို ပြင်းထန်စွာရိုက်ခတ်သွားခဲ့ပေမယ့် လူတွေက အဲလောက်ပြင်းထန်မယ်လို့ မထင်ထားခဲ့ကြပါဘူး။

'' အဲဒီနေ့မှာ လူတွေကကျွန်တော်အပါအဝင် အဲလောက်ကြီးမားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အဲဒီညက ဖြစ်တယ်။ မှောင်တဲ့အချိန်မှာဖြစ်သွားတယ်။ မနက်မိုးလင်းတဲ့အခါဘာတွေ့ရလည်း ဆိုတော့ အကုန်လုံး ပျက်စီးသွားတယ်။ အဆောက်အအုံတွေပျက်စီးတယ်။ ၃ရက်မနက်မှာလူတွေကြုံရတာက ရင်ဆိုင်ရတဲ့ ပြဿနာကြုံရတာက သောက်ရေက ပထမ၊ စားစရာက ဒုတိယ အဖြစ်ကြုံခဲ့ရတယ်။''လို့ မုန်တိုင်းတိုက်ခတ် စဉ်က ဖျာပုံမြို့နယ်မှာ အောက်မြန်မာပြည် ငါးလုပ်ငန်းသင်တန်းကျောင်းရဲ့ ကျောင်းအုပ်အဖြစ်တာဝန် ကျခဲ့တဲ့ ဦးစန်းအောင်က သူ့ရဲ့အတွေ့ အကြုံကိုပြောပြပါတယ်။

မုန်တိုင်းကြောင့် လူတွေရဲ့ ဘဝတွေပြောင်းလဲခဲ့ရ

နာဂစ်မုန်တိုင်းအပြီးမှာ မုန်တိုင်းကြောင့် ရွာလုံးကျွတ်ပျက်စီးတာ၊ နေအိမ်တွေဆုံးရှုံးခဲ့ရတာ၊ လုပ်ငန်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတာတွေနဲ့ လူအများအပြားသေဆုံးခဲ့ရတဲ့အပြင် ဧရာဝတီတိုင်း အတွင်းက ဘိုကလေး၊ဖျာပုံ၊ လပွတ္တာ စတဲ့မြို့တွေက အသက်ရှင်ကျန်ရှင်သူ အတော်များများမှာလည်း ရပ်တည်စရာ ဝင်ငွေမရှိတော့တဲ့ အခြေအနေတွေနဲ့ ကြုံခဲ့ရပါတယ်။

' ' ကျွန်တော်ဆိုလည်း နာဂစ်မဖြစ်ခင်က ကျောင်းဆရာတစ်ယောက်အဖြစ်ရပ်တည်ခဲ့တာ။ ဒါပေမယ့် အဲလိုဖြစ်လိုက်တော့ ကျွန်တော့်ကျောင်းဆရာလစာနဲ့ ရပ်တည်လို့မရတော့ တခြားရတဲ့ အလုပ်ထွက် ရှာပြီးလုပ်ခဲ့ရတယ်။ နာဂစ်သာ မတိုက်ခဲ့ရင် ခုချိန်မှာ ကလေးတွေကို စာသင်နေတဲ့ကျောင်းဆရာ တစ်ယောက်ဘဝမှာပဲ ရှိနေမယ်ထင်တယ်။ ဘဝတစ်ဆစ်ချိုးပြောင်း သွားတာပေါ့လေ။''လို့ အခုချိန်မှာ NGO လုပ်ငန်းခွင်ကို ပြောင်းလဲဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်တဲ့ ကိုယုမော်က သူ့ရဲ့အပြောင်းအလဲကို ပြောပြပါ တယ်။

နာဂစ်အပြီးမှာ ဧရာဝတီတိုင်းကဒေသခံအများစုဟာ ကိုယုမော်လို့ ရပ်တည်မှုနယ်ပယ်ပြောင်းလဲသွားသူ အများအပြားရှိခဲ့ပါတယ်။

အများစုကတော့ ဘွဲ့ရဖို့မလိုပညာရေးထောက်ခံချက်လည်းမလိုဘဲ လုပ်လို့ရတဲ့ အထည်ချုပ်စက်ရုံလို စက်ရုံ၊ အလုပ်ရုံတွေမှာ အောက်ခြေလုပ်သားတွေအဖြစ် ပြောင်းလဲသွားကြသလို အမျိုးသမီးငယ်တွေဟာ လည်း ကာရာအိုကေဆိုင်၊ စင်တင်စားသောက်ဆိုင် စတဲ့နေရာတွေကို ရောက်သွားသူတွေကလည်း မနည်းလှပါဘူး။

၁၂ နှစ်ကြာ နာဂစ်နဲ့ လူတွေရဲ့သဘာဝဘေးအသိ ဘယ်လောက်ပြောင်းလဲလာခဲ့သလဲ

' ' အရင်ကတော့ ဒီကလူတွေက သဘာဝဘေးနဲ့ပတ်သက်ရင် သိပ်မသိကြဘူး။ အခုကျနာဂစ်ဖြစ်ပြီးသွားတဲ့နောက်ပိုင်း လူတွေက သဘာဝဘေးဆိုတဲ့ဟာကို သတိထားလာကြတယ်။

ဘာတွေကိုတွေ့ရလဲဆိုတော့ အဖွဲ့အစည်းတွေ အစိုးရကဆောက်ပေးတဲ့ မုန်တိုင်းခိုဖို့ အဆောက်အအုံတွေကိုတော့ တော်တော်လေးတွေ့ရလာတယ်။

နောက်တစ်ခုက လူမှုဝန်ထမ်းအဖွဲ့အစည်းကရော ၂၀၀၈ နောက်ပိုင်းကနေ တောက်လျှောက် အခု ၂၀၁၈ ၂၀၁၉ ထိ သဘာဝဘေးအန္တရာယ်ကျရောက်လာရင် ဘယ်လိုပြုပြင်ရမယ်၊ဘယ်လိုစီမံရမယ် ဘယ်လို ကာကွယ်ရမယ် ဆိုတဲ့ အသိပညာတွေကိုတော့ ရွာတွေအထိ တော်တော်များများပေးထားတယ်။''လို့ ငါးလုပ်ငန်းသင်တန်းကျောင်းအုပ်ဘဝကနေ အငြိမ်းစား ယူပြီး လက်ရှိ ဘိုကလေးမြို့နယ်မှာ နေထိုင်နေတဲ့ ဦးစန်းအောင်က ပြောပါတယ်။

အစိုးရပိုင်းအနေနဲ့ ဧရာဝတီတိုင်းအတွင်းမှာတော့ သဘာဝဘေးနဲ့ပတ်သက်ပြီး သိသင့်တဲ့ သတင်းအချက် အလက်တွေကို အောက်ခြေပြည်သူလူထုအထိ ပေးနိုင်တာကိုတွေ့ရတယ်လို့လည်း သူကပြောပါတယ်။

' 'သူတို့တော်တော်သိတယ်။ ဥပမာ - မုန်တိုင်းလာမယ်ဆိုရင် သောက်ရေကို ဘယ်လိုပြင်ဆင်ရမယ် ဒါတွေသူတို့သိတယ်။ မုန်တိုင်းမကျခင်ပြင်ဆင်ရမယ့်အပိုင်း၊ မုန်တိုင်းကျသွားပြီး မုန်တိုင်းဆဲသွားပြီ ဆိုရင် လည်း ဘယ်လိုနေရမယ်။ ဘယ်လိုဆက်သွယ်ရမယ်ဆိုတာကို NGO အဖွဲ့အစည်းတွေကလည်း အောက်ခြေအထိ ပြည်သူတွေကို မနှစ်ကအထိကိုတောက်လျှောက် တော်တော်လေး လုပ်တာကိုတော့ ကျွန်တော်ကိုယ်တွေ့ပဲ။''လို့ ဦးစန်းအောင်ကပြောပြပါတယ်။

နာဂစ်ကပေးတဲ့အတွေ့အကြုံတွေကို ယူနိုင်ပြီလား

နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က ဧရာဝတီတိုင်းမှာ ဒီရေတောပြုန်းတီးမှုတွေကြောင့် မုန်တိုင်းဒီရေမြင့်တက်တဲ့ ဒဏ်ကို အဓိက ခံစားခဲ့ရပါတယ်။

'' နာဂစ်ပြီးတဲ့ ဒီရေတောတွေမရှိလို့ သဘာဝဘေးရဲ့ဒဏ်ကို ခံစားရတယ်ဆိုတာကိုတော့ လူတွေက သိတယ်။ သို့သော် ဒီရေတောကို ပြန်လည်စိုက်ဖို့ အသိပဲရှိတယ်။ လက်တွေ့မှာ မပါလာ ကြဘူး။ ဒီ၁၂ နှစ်မှာ လက်တွေ့လုပ်ဆောင်မှုက အင်မတန်ကို အားနည်းတာတွေ့ရတာ။ ဒီရေတောကတော့ ၂၀၀၈ နဲ့အခုနဲ့ ဘာမှသိပ်မကွာဘူး။''လို့လည်း ငါးလုပ်ငန်းသင်တန်းကျောင်း အုပ်အငြိမ်းစားဖြစ်သူ ဦးစန်းအောင်က သူမြင်တွေ့ရတဲ့အခြေအနေကို ပြောပြပါတယ်။

သဘာဝပတ်ဝန်းကျင်အရေးလုပ်ဆောင်နေတဲ့ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ စောမွန်သိမ့် ကလည်း အစိုးရအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ အရင်ထက်ပိုပြီး လုပ်ဆောင်တာတွေ ရှိနေပေမယ့်လည်း လိုအပ်ချက်တွေကတော့ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

' ' အနည်းဆုံးအခုကာလမှာဆိုရင် ကိုဗစ်ပညာပေးတာတွေလုပ်တယ်။ လက်ဆေးဖို့လုပ်တဲ့အခါမှာတောင် ရေပိုက်ကို တချိန်လုံးဖွင့်ထားတဲ့အခါမျိုးကျတော့ အခုက ရေချိုကရှားတဲ့ အချိန်မှာ ရေချိုကို အရမ်းဖြုန်းတီးပြသလိုမျိုးဖြစ်နေတော့ တီဗီချန်နယ်တွေအနေနဲ့လည်း ဂရုစိုက်သင့်တယ်လို့ထင်တယ်။ ဒီလိုဟာမျိုးတွေကို အများပြည်သူကို ပြတဲ့အသိပညာပေးတဲ့ အစီအစဉ်တွေမှာ ဂရုစိုက်သင့်တယ်လို့ ထင်တယ်''လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရှုထောင့်ကနေလည်းထည့်သွင်းစဉ်းစားဖို့လိုတဲ့အချက်တွေကို သူကထောက်ပြပြောဆိုပါတယ်။

ဒါအပြင်အစိုးရပိုင်းအနေနဲ့ ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ ဧရာဝတီ၊ ရခိုင်စတဲ့ဒေသတွေက ကလေးငယ်တွေကို ငယ်စဉ်ကတည်းက သဘာဝဘေးနဲ့ပတ်သက်ပြီးမှန်ကန်တဲ့အသိရှိအောင် ကျောင်းသင်ခန်းစာတွေမှာ ထည့်သွင်းသင်ကြားပေးတာမျိုးကိုလည်းလုပ်သင့်တယ်လို့ ဒေါက်တာစောမွန်သိမ့်က အကြံပြုပြောဆိုပါတယ်။