မြန်မာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦးထပ်တွေ့၊ ၁၅၁ ဦးရှိလာ၊ ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ဖြစ်ရသူတွေကို တစ်နှစ်တာ ထောက်ပံ့ရေး အစီအစဉ် သမ္မတ ပြော၊ ရုရှဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

ရေးသားခဲ့သည်။

(၁) မြန်မာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦးထပ်တွေ့၊ ၁၅၁ ဦးရှိလာ

ကိုဗစ်-၁၉ ဗိုင်းရပ်စ် အတည်ပြုလူနာတစ်ဦး ထပ်တိုးလာတာကြောင့် စုစုပေါင်း ၁၅၁ ဦးရှိလာပြီဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မေလ ၁ ရက်၊ မနက် ၇ နာရီ ထုတ်ပြန်ချက်အရ အသက် ၂၅ နှစ် အရွယ်၊ အမျိုးသမီးတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိရပြီး သူဟာ အတည်ပြုလူနာနဲ့ထိတွေ့ခြင်းမရှိသလို ခရီးသွားရာဇဝင်လည်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

သူဟာ လူနာနံပါတ် ၁၅၁ ဖြစ်လာပြီး အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်မှာနေထိုင်သူဖြစ်ပါတယ်။ သူ့ကို တောင်ဥက္ကလာပအထူးဆေးရုံကို ပို့ဆောင် ကုသမှာ ဖြစ်ပါတယ်။

လူနာနံပါတ် ၁၅၁ ဟာ အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ထားရှိရာကနေ ဓာတ်ခွဲစစ်ဆေးရာမှာ ပိုးတွေ့အဖြေ ထွက်ခဲ့တာဖြစ်ပါတယ်။

ဒီလူနာနဲ့ဆို အင်းစိန်မြို့နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၂၄ ဦးရှိပြီဖြစ်ပြီး ရန်ကုန်မြို့မှာ လူနာအများဆုံးတွေ့တဲ့မြို့နယ်လည်း ဖြစ်ပါတယ်။ အဲဒီထဲက အများစုဟာ ၈ မိုင်ဘာသာရေးပွဲနဲ့ ဆက်နွှယ်ကူးစက်ခံရသူတွေဖြစ်ပါတယ်။

မြန်မာမှာကိုဗစ်-၁၉ အတည်ပြုလူနာ ၁၅၁ ဦး၊ ပြန်လည်ကျန်းမာလာသူ ၂၈ ဦးအနက် ဆေးရုံက ဆင်းခွင့်ရသူ ၁၇ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိထားပါတယ်။

ကျန် လူနာ ၁၂၇ ဦးကို ဆေးရုံတွေမှာကုသပေးနေပြီး အထူးကြပ်မတ်ကုသပေးနေရသူ ၂ ဦးရှိနေပါတယ်။

(၂) ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ဖြစ်ရသူတွေကို တစ်နှစ်တာ ထောက်ပံ့ရေး အစီအစဉ် သမ္မတ ပြော

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်ရသူ အလုပ်သမားတွေကို အကူညီပေးရေး သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ကျရောက်တဲ့ အလုပ်သမားနေ့ ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်းပြောကြားထားပါတယ်။

ကပ်ရောဂါနဲ့ အထွေထွေရိုတ်ခတ်မှုကြောင့် ပိတ်သိမ်းသွားတဲ့ အလုပ်ဌာနတွေက လူမှုဖူလုံရေးအာမခံကြေးထည့်ဝင်ထားတဲ့ အလုပ်သမားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဖိုး၊ ခရီးစရိတ်တွေကို အလုပ်လက်မဲ့ဖြစ်တဲ့နေ့ကနေ တစ်နှစ်အထိ တိုးမြှင့်ခံစားနိုင်ဖို့ စီမံဆောင်ရွက်ထားတယ်လို့ သမ္မတက ပြောပါတယ်။

မြန်မာနိုင်ငံသားပိုင် လက်ခစားအထည်ချုပ်စက်ရုံတွေ(CMP) လုပ်ငန်းတွေ၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေနဲ့ အငယ်စား၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အတိုးနှုန်းသက်သက်သာသာနဲ့ ထုတ်ချေးဖို့ လူမှုဖူလုံရေးရန်ပုံငွေကနေ ကျပ် ၅၀ ဘီလျံကိုလည်း ကိုဗစ်-၁၉ ရန်ပုံငွေ ထူထောင်ရာမှာ ထည့်သွင်းမတည်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါရိုတ်ခတ်မှုကြောင့် လတ်တလော ဖြစ်ပေါ်နေတဲ့ အခကအခဲအကြပ်အတည်းတွေကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ လူမှုအဖွဲ့အစည်းတွေအားလုံး ပါဝင်ပြီး ကျော်လွှားနိုင်ရေး တုံ့ပြန်ဆောင်ရွက်ချိန်မှာ အလုပ်သမားတွေ တက်ကြွစွာ ပူးပေါင်းပါဝင်တာကိုလည်း သမ္မတက အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပုဂ္ဂိုလ်ရေး နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက် ဥပဒေနဲ့မညီတဲ့ ဆူပူဆန္ဒပြမှုတွေဖြစ်ဖို့ ဘေးကနေ သွေးထိုးလှုံ့ဆော်မှုတွေကို အထူးသတိပြုဖို့လိုအပ်မယ်လို့လည်း သမ္မတက သတိပေးပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အလုပ်သမားတချို့ စက်ရုံရှေ့ပိတ်ပြီးဆန္ဒပြလို့ အပ်ထည်တွေအချိန်မီမတင်ပို့နိုင်ခဲ့တာကြောင့် နစ်နာဆုံးရှုံးခဲ့ရတယ်ဆိုပြီး ဂျပန်နိုင်ငံအခြေစိုက် အထည်ချုပ်စက်ရုံတစ်ရုံ ပိတ်သိမ်းသွားခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်ရှင်အလုပ်သမားကိုယ်စားလှယ်တွေ အွန်လိုင်းဆွေးနွေးခန်းမှာလည်း ဒီကိစ္စကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က တင်ပြခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥပဒေနဲ့မညီတဲ့ ဆန္ဒပြမှုတွေကို အရေးယူမယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

(၃) ရုရှဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

ရုရှဝန်ကြီးချုပ် မစ်ခါးမစ်ရှူစတင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။

ဒါကြောင့် သူဟာ အခုအခါ သီးခြားကန့်သတ်နေထိုင်နေပါတယ်။

ဝန်ကြီးချုပ်ဟာ ရုရှနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးလုပ်ငန်းတွေကို တက်တက်ကြွကြွလုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

အခုအခါ သူ့နေရာမှာ ယာယီဝန်ကြီးချုပ်တစ်ဦးကို ရုရှသမ္မတ ပူတင်က ခန့်အပ်ထားပါတယ်။

ရုရှနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ တစ်သိန်းကျော်ရှိပြီး သေဆုံးသူ တစ်ထောင်ကျော်ရှိပါတယ်။

() ကိုဗစ်ဟာ လူလုပ်တဲ့ ဗိုင်းရပ်စ်မဟုတ်ဘူးလို့ အမေရိကန်ထောက်လှမ်းရေးတွေပြော

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ လူတွေက တမင်ဖန်တီးထားတဲ့ ဗိုင်းရပ်စ်မဟုတ်သလို မျိုးဗီဇအရ ပြုပြင်ထားတဲ့ ဗိုင်းရပ်စ်လည်းမဟုတ်ဘူးလို့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေက မှတ်ချက်ချလိုက်ပါတယ်။

ဒီဗိုင်းရပ်စ်ဟာ ရောဂါပိုးရှိတဲ့ တရိစ္ဆာန်တွေကနေကူးစက်တာ ဒါမှမဟုတ် တရုတ်က ဓာတ်ခွဲစမ်းသပ်ခန်းတစ်ခုကနေ မတော်တဆထွက်လာ တာလားဆိုတာ စစ်ဆေးနေတုန်းပဲလို့ အမေရိကန်အမျိုးသားထောက်လှမ်းရေးဒါရိုက်တာရုံးက ဆိုပါတယ်။

တရုတ်နိုင်ငံက ဒီဗိုင်းရပ်စ်ကို ဇီဝလက်နက်သဖွယ် ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုထောက်လှမ်းရေးအဖွဲ့တွေက မဖြစ်နိုင်ဘူးလို့ ပယ်ချခဲ့ပါတယ်။

အမေရိကန်သမ္မတ ထရမ့်က ဗိုင်းရပ်စ်စတင်ဖြစ်ပွားတဲ့နေရာနဲ့ ဗိုင်းရပ်စ်ကို နှိမ်နင်းရေး ကိုင်တွယ်ပုံတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံကို မကြာခဏ အပြစ်တင်နေပါတယ်။

ဒီဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာရှိတဲ့ ဓာတ်ခွဲခန်းတစ်ခုနဲ့ ဆက်စပ်နေကြောင်း အထောက်အထားတွေ တွေ့ရတယ်လို့ သူက ပြောပါတယ်။