ကိုဗစ်-၁၉ ရောဂါဝေဒနာကို တွန်းလှန်နိုင်မယ့်နည်းလမ်းတွေ ကူးစက်ခံဆရာဝန်ကြီး ဝေမျှ

ရေးသားခဲ့သည်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့လူနာသုံးဦးတို့ အွန်လိုင်းကနေ ဆွေးနွေးခန်းကို ဧပြီ ၂၈ ရက်မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ တီးတိန်က ကိုဗစ်လူနာနံပါတ်တစ်၊ မန္တလေးက လူနာနံပါတ် ၄ နဲ့ ပြည်က မေ့ဆေးအထူးကုဆရာဝန်ကြီး လူနာနံပါတ် ၃၀ တို့ ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီထဲက လူနာနံပါတ် ၄ ဟာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့အဖြေ ပြန်လည်ထွက်ရှိထားလို့ ဆေးရုံက ဆင်းခွင့်ရထားပြီး လက်ရှိနေအိမ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူနေပါတယ်။

လူနာနံပါတ်တစ်ကတော့ စဖြစ်တဲ့မတ်လ ၂၃ ရက်နေ အခု တစ်လကျော်အတွင်းဆေးစစ်ရာမှာ တစ်ကြိမ်ပိုးမတွေ့အဖြေ ထွက်ရှိထားပြီးဖြစ်ပါတယ်။

လူနာနံပါတ် ၃၀ ကတော့ပေါက်ခေါင်းက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး လူနာနံပါတ် ၁၇ ကို အထူးကြပ်မတ်ကုသဆောင်(ICU-အိုင်စီယူ) မှာ ကုသပေးရင်းကနေ ကူးစက်ခံရတာဖြစ်ပါတယ်။

လူနာနံပါတ် ၁၇ ကို ဘယ်လိုကုသခဲ့ရသလဲ

ပေါက်ခေါင်းက သူကုပေးရတဲ့လူနာ နံပါတ် ၁၇ ဟာ ရောဂါလက္ခဏာဆိုးရွားတဲ့လူနာထဲမှာပါဝင်တယ်လို့ ဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်က ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့ပါတယ်။

သူ့ဓာတ်မှန်ကို တွေ့ရချိန်မှာ ဒီလူနာဟာ ၄၈ နာရီအတွင်းမှာ အထူးကြပ်မတ်ကုသခန်း(ICU) ထဲရောက်လာနိုင်တယ်ဆိုတာ ခန့်မှန်းမိတဲ့အတွက် လူနာရဲ့ ဒေတာတွေကိုစောင့်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကိုယ်တိုင် လူနာဆောင်ထဲသွားဖို့ရာ တစ်ကိုယ်ရေရောဂါကာကွယ်ရေးဝတ်စုံ (PPE) တွေ လိုအပ်နေခဲ့တယ်လို့ဆိုပါတယ်။

ပြည်ဆေးရုံက ကုသရေးပိုင်းအခက်အခဲတွေ

အဲဒီအချိန် ပြည်ခုတင် ၅၀၀ ဆေးရုံမှာ မေ့ဆေးဆရာဝန်က သူနဲ့ သူ့လက်ထောက်အပါအဝင် နှစ်ဦးသာရှိပြီး ဒါဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်တည်းက ပြည်ဆေးရုံမှာ ဒီနှစ်ဦးနဲ့ပဲ ၂၄ နာရီ ဂျူတီကို တစ်လှည့်စီတာဝန်ထမ်းခဲ့တယ်လို့ ဒေါက်တာမြင့်မြင့်စိန်ကပြောပါတယ်။

အသက်ရှူစက်လေးလုံးကိုတော့အဲဒီအချိန်တည်းက အိုင်စီယူထဲမှာ ပြင်ဆင်ထားခဲ့ပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကိုဗစ်ဖြစ်လာချိန်မှာ ကိုဗစ် အိုင်စီယူဆိုပြီး ပြင်ဆင်တဲ့အခန်းကို ဖေဖော်ဝါရီလလောက်တည်းက သူ ပြင်ဆင်ထားခဲ့ပြီး လိုအပ်တာတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စီမံခန့်ခွဲမှုဟာ အဲဒီကနေ စပြီး လူနာနံပါတ် ၁၇ အိုင်စီယူထဲမဝင်ခင် ညပိုင်းကျမှသာ အဲဒီအခန်းက အကြမ်းထည်အဆင့် ပြီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါကလည်း ဆေးရုံအုပ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်၊ ထွေအုပ်၊ အရပ်ဖက်အဖွဲ့အစည်းတွေအကုန် တက်သုတ်ရိုက်လုပ်ရင်း မီးစက်တွေနဲ့ အပြင်ကနေ လုပ်ခဲ့ကြတာဖြစ်တယ်လို့ ဒေါက်တာမြင့်မြင့်စိန်က ပြောပါတယ်။

ဒါဟာ ဗဟိုအဆင့်က ညွှန်ကြားချက်တွေရှိပေမယ့်လည်း ဒီလိုတွေကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မေ့ဆေးဘက်က အသက်ရှူစက်တွေ၊ လူနာစောင့်ကြည့်စက်တွေကို ပြင်ဆင်ထားပေမယ့် အိုင်စီယူလက္ခဏာနဲ့ပြည့်စုံရမယ့် အခန်းအကျယ်အဝန်း၊ အလင်းရောင်၊ အဲကွန်းနဲ့ လိုအပ်တဲ့နေရာထိုင်ခင်းကိုပြည့်စုံအောင်မလုပ်နိုင်ခဲ့တဲ့အတွက် တကယ့်လက်တွေ့ ပိုးတွေ့လူနာကို ကုသမှုပေးတဲ့အခါ ကြီးမားတဲ့အခက်အခဲတွေ့ခဲ့ရတယ်လို့ ဒေါက်တာမြင့်မြင့်စိန်က ပြောပါတယ်။

ကိုဗစ် ကုသရေးပိုင်းမှာ တာဝန်ရှိသူတွေ လာရောက်ညွှန်ကြားချက်တွေပေးတာရှိပေမယ့် အဲဒီညွှန်ကြား ချက်တွေအတိုင်း ဖြစ်မလာခဲ့သလို လူနာဟာ ညသန်းခေါင်အချိန်မှာပဲ ဆောလျင်စွာ ရောဂါဆိုးရွားလာခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ကိုဗစ်လူနာက ဆိုးရွားတဲ့အခြေအနေရောက်နေချိန်မှာတောင် ပြည်ဆေးရုံမှာ ပုံမှန်ခွဲစိတ်မှုတွေကို ထားပြီး အရေးပေါ်ခွဲစိတ်မှုတွေပဲ ပြုလုပ်ဖို့ သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ အပြီးမသတ်နိုင်ခဲ့ဘူးလို့ ဒေါက်တာမြင့်မြင့်စိန်ကပြောပါတယ်။

ဗဟိုက ချပေးလိုက်တဲ့ ညွှန်ကြားချက်တွေဟာလည်း ရှင်းလင်းမှုမရှိတဲ့အတွက် ခွဲစိတ်ခန်းတွေကိုမရပ်နိုင်ဘဲ မေ့ဆေးတွေရော သူနာပြုတွေကပါ ဂျူတီနားရက်တွေမှာပါ အသင့်အနေအထားနဲ့ နေရာခွဲပြီးလုပ်နေခဲ့ရတယ်လို့ သူကပြောပါတယ်။

အိုင်စီယူထဲဝင်တဲ့အခါမှာ PPE ဟာ အရေးကြီးပြီး ဒါကို ဝတ်ပုံ၊ ချွတ်ပုံတွေဟာလည်း အရမ်းအရေးကြီးပေမယ့် ဒါတွေကို ကောင်းကောင်း လေ့ကျင့်ခွင့်မရခဲ့ဘူးလို့ ဒေါက်တာမြင့်မြင့်စိန်က ပြောပါတယ်။

လူနာဆီက ရောဂါဘယ်လိုကူးစက်ခံခဲ့ရသလဲ

လူနာ အသက်ရှူနှုန်း တစ်မိနစ်မှာ ခြောက်ဆယ်ဖြစ်နေချိန်မှာတော့ အသက်ရှူပိုက်ထည့်ဖို့ လိုအပ်နေပြီး အဲဒါမထည့်ရင် သေဆုံးတော့မှာဖြစ်တယ်လို့ ဒေါက်တာမြင့်မြင့်စိန်က ရှင်းပြပါတယ်။

ဒါပေမဲ့ အဲဒီလိုအသက်ရှူပိုက်ထည့်ဖို့ လိုအပ်ချိန်မှာ ပီပီအီးဝတ်စုံပေးပေမယ့် ဒီဝတ်စုံပေါ်မှာလိုအပ်တဲ့ စစ်ဆေးညွှန်ကြားမှုတွေလည်းမရခဲ့သလို အိုင်စီယူအတွက်ပေးထားတဲ့ ဝန်ထမ်းလည်း သူ့မှာမရှိဘဲ သူ့လက်ထောက်မေ့ဆေးဆရာဝန်သာ ရှိတယ်လို့ ဒေါက်တာမြင့်မြင့်စိန်ကပြောပါတယ်။

လူနာကို အသက်ရှူပိုက်ထည့်ဖို့လိုတဲ့အခါ သူအပါအဝင် မေ့ဆေးဆရာဝန်နှစ်ဦး၊ သူနာပြုဆရာမနှစ်ဦးနဲ့ အလုပ်သမားတစ်ဦး တို့ ကြိုးစားထည့်ပါတယ်လို့ ဆိုပါတယ်။ အဲဒီလို ထည့်တဲ့အခါ Video laryngoscope (အသက်ရှူပိုက်ထည့်ရန် ​လေပြွန်တွင်းကြည့်ကိရိယာ)မရှိတဲ့အတွက် လုံးဝမမြင်ရ တာကြောင့် eye shield (မျက်စိကိုကာထားတဲ့ အကာအကွယ်)ကို ဖယ်ပြီး ဒုတိယအကြိမ်ကြိုးစားခဲ့ရာမှာလည်း ပိုက်ကို လူနာထဲ ထည့်မရခဲ့ဘူးလို့ ပြောပါတယ်။

အဲဒါကြောင့် အခုလို ကူးစက်ခံရတာဖြစ်တယ်လို့ ဒေါက်တာမြင့်မြင့်စိန်က သူဘယ်လိုကူးစက်ခံရတယ်ဆိုတာကိုဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့ပါ တယ်။

ကိုဗစ်စဖြစ်တည်းက ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်တွေအပေါ် တက်နိုင်သမျှ လိုက်နာပြီး နိုင်သလောက် နေ့စဉ်လုပ်ကိုင်တဲ့အတွက် လုပ်ငန်းခွင် အတွင်း အတိုက်အခိုက်တွေကြုံခဲ့ရကြောင်းလည်း ဒေါက်တာမြင့်မြင့်စိန်က ပြောပါတယ်။

"ကျွန်မ လုပ်ဖော်ကိုင်ဖက်တွေကို ရန်လိုတဲ့စကားပြောတာမဟုတ်ပါဘူး။ ကျွန်မ သူတို့ကို ဂုဏ်ယူချင်တယ်။ ကျွန်မ သူတို့အားလုံးကို ဒီထက်ပိုပြီးတိုးတက်ပြောင်းလဲစေချင်လို့ပါ။ ဒါပေမဲ့ တစ်ခါတလေကျရင်တော့ ကျွန်မ isolate (သီးခန့်ခွဲခြားထားမှု) လုပ်တာ ခံရပါတယ်။ (ရယ်လျက်) ကျွန်မအခုမှ isolate လုပ်ခံရတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မက အစ်မကိုကြည့်ပြီးတော့ အစ်မတောင်ခံနိုင်တယ်ဆိုရင်ကျွန်မလည်းခံနိုင်ရမယ်။ အစ်မက ကျွန်မထက ပိုများတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းနေတာဆိုတဲ့အတွက်ကြောင့် ကျွန်မ ဆက်ထမ်းတာပါ" လို့ သူက ပြောပါတယ်။

ရောဂါဝေဒနာခံစားရတာကိုလည်းဒေါက်တာမြင့်မြင့်စိန်က အခုလိုပြောပါတယ်။

"ပထမအပတ်မှာ ကိုဗစ်လူနာ ဖြစ်တာတွေအကုန်ဖြစ်တယ်။ အသက်ရှူကြပ်တယ်။ လုံးဝမထနိုင်ပါဘူး။ အဲဒီတော့ စကားလည်းမပြောချင်တော့ဘူး။ ဒုတိယပတ်မှာနည်းနည်းကောင်းတယ်။ ဆေးစစ်တော့ နဂ္ဂတစ်(ပိုးမတွေ့အဖြေ) ထွက်ပါတယ်။ တတိယပတ်မှာ ပေါ့စစ်တစ်ပါ။ အဲဒီအချိန် အိမ်ရာထဲမှာ ကျွန်မကို အင်အားပေးတာက ကျွန်မ ကုသပေးခဲ့တဲ့လူနာတွေပါ။ ကံငါးပါးနဲ့ အကောင်းဆုံးလုပ်ပေးခဲ့တဲ့ကျွန်မလက်ထဲမှာ သေသွားတဲ့လူနာတွေ၊ သေခြင်းတရားမျိုးစုံတွေ ကျွန်မကြုံဖူးခဲ့ဖူးပါတယ်။ တတိယပတ်မှာလည်း ပေါ့စစ်တစ်ပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ အဲဒီအချိန် ကျွန်မ သီချင်း ဆိုနိုင်၊ ယောဂကျင့်နိုင်ပါပြီ။ ကျွန်မ ကျိန်းသေတယ်။ ပြန်ကောင်းလာမှာပါ" လို့ သူက ပြောပါတယ်။

ကိုဗစ်လူနာတိုင်းမသေသလို မသေအောင် ဘယ်လိုကုသမလဲဆိုတဲ့ ကုထုံး တိတိကျကျမရှိသေးခင်မှာ ကိုဗစ်ကို ခုခံဖို့ ကိုယ်ခံအားသာအဓိကကျတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အခန်းထဲ သီးသန့်ခွဲနေထိုင်ရပြီး စီစီတီဗီနဲ့စောင့်ကြည့်ခံရတဲ့အခြေအနေကို လူတိုင်း နေနိုင်မှာမဟုတ်တဲ့အတွက် ဒီလူနာတွေအတွက် တီဗီကတစ်ဆင့် ကျန်းမာရေးလေ့ကျင့်ခန်းတွေ၊ ယောဂလိုလေ့ကျင့်ခန်းတွေ လွှင့်ပေးဖို့လည်း ဒေါက်တာမြင့်မြင့်စိန်က အကြံပြုပါတယ်။

"အဲဒါတွေအကုန်လုံးက Treatement (ကုထုံး)သေချာမရှိသေးတဲ့ကိုဗစ်အတွက် အရမ်းကောင်းတဲ့ ထောက်တိုင်တွေပါ" လို့လည်း သူက ပြောပါတယ်။

ဒေါက်တာမြင့်မြင့်စိန်အကြံပြုချက်တွေကိုဒေါ်အောင်ဆန်းစုကြည်က သဘောတူပြီး ဒီအကြံပြုချက်တွေကိုလုပ်ဖို့ နည်းပညာပိုင်းဆိုင်ရာရှိတဲ့အတွက် ပြည်သူတွေရဲ့ အားကိုလိုအပ်တယ်လို့ ပြန်လည်တုံ့ပြန်ပြောကြားခဲ့ပါတယ်။