ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာမှာ ၄၈ နာရီအတွင်း ကိုဗစ်လူနာသစ်ထပ်မတွေ့၊ ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသူတွေရဲ့သွေးရည်ကြည်ကုထုံးလေ့လာဖို့ မြန်မာ အဖွဲ့ဖွဲ့၊ ကိုဗစ်ကာကွယ်ရေးတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ညှိနှိုင်းရေးကော်မတီဖွဲ့စည်း
(၁) မြန်မာမှာ ၄၈ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ထပ်မတွေ့
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း ပိုးတွေ့လူနာသစ် ထပ်မတွေ့ရသေးပါဘူး။
ရန်ကုန်က ဓာတ်ခွဲခန်းနှစ်ခုမှာ ဧပြီ ၂၆ ရက်မှာ ဓာတ်ခွဲနမူနာ ၃၄၇ ခုနဲ့ ဧပြီ ၂၇ နဲ့ ၂၈ ရက် မနက်ပိုင်းထိ ဓာတ်ခွဲနမူနာ ၃၄၅ ခု စစ်ဆေးခဲ့ရာမှာ ပိုးတွေ့လူနာသစ်မတွေ့ရကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်မနက် ၇ နာရီအထိ ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၁၄၆ ဦးရှိပြီး သေဆုံးသူ ငါးဦးနဲ့ ပြန်လည်ကျန်းမာလာသူ ၁၆ ဦးရှိပါတယ်။ ကျန်းမာလာသူတွေထဲက ၉ ဦး ဆေးရုံက ဆင်းခွင့်ရထားပြီး သီးသန့်အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူနေရပါတယ်။
အခုအခါ မြန်မာမှာ ဓာတ်ခွဲစစ်ဆေးသူပေါင်း ခုနစ်ထောင်နီးပါးမှာ ပိုးတွေ့ရသူ ၁၄၆ ဦး၊ စောင့်ကြည့်လူနာ ၂၈၀၀ ကျော်နဲ့ ပြန်လည်သက်သာလာသူ ၁၆ ဦး၊ သေဆုံးသူ ငါးဦးရှိထားပါတယ်။
ရန်ကုန်က ပိုးတွေ့လူနာတွေအနက် ၆၈ ဦးကို ဝေဘာဂီဆေးရုံနဲ့ ၄၀ ဦးကို တောင်ဥက္ကလာအထူးဆေးရုံတို့မှာ ကုသပေးနေပါတယ်။
အထူးကြပ်မတ်ကုသပေးနေရသူ သုံးဦးအနက် ဝေဘာဂီမှာ နှစ်ဦးနဲ့တောင်ဥက္ကလာပဆေးရုံမှာ တစ်ဦးဖြစ်ပါတယ်။ ကျန်လူနာတွေရဲ့အခြေအနေတည်ငြိမ်ကောင်းမွန်တယ်လို့ အစိုးရ ကထုတ်ပြန်ထားပါတယ်။
(၂) ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသူတွေရဲ့သွေးရည်ကြည်ကုထုံး လေ့လာဖို့ မြန်မာ အဖွဲ့ဖွဲ့
ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသွားသူတွေရဲ့ သွေးရည်ကြည် အသုံးပြုထည့်သွင်းပြီး ကိုဗစ်ပိုးတွေ့လူနာတွေကို ကုသပေးနိုင်ဖို့ အကြံပေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီအကြံပေးအဖွဲ့ဟာ ကုထုံးနဲ့ပတ်သတ်ပြီး နိုင်ငံတကာကုထုံးတွေ၊ သုတေသနတွေ့ရှိချက်တွေနဲ့ ဆေးပညာကျင့်ဝတ်တွေပေါ် မူတည်ပြီး မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့အခြေအနေတွေကို ဆွေးနွေးသုံးသပ်ပြီး အကြံပြုရမှာဖြစ်ပါတယ်။
ဒါ့အပြင် ဒီကပ်ရောဂါကြောင့် နောက်ဆက်တွဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာအကျိုးဆက်တွေနဲ့ ကျန်းမာရေးစနစ်ပေါ်သက်ရောက်မှုတွေကို ကြိုတင်မှန်းဆဆောင်ရွက်နိုင်ရေးအကြံပေးအဖွဲ့ကိုလည်း မနေ့က ဧပြီ ၂၇ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။
ဒီအဖွဲ့မှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အငြိမ်းစားကျန်းမာရေးပညာရှင်တွေပါဝင်ပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံအများစုနဲ့ ယှဉ်ရင် ရောဂါဖြစ်ပွားမှု နည်းပါးနေသေးပေမယ့် အချိန်တိုအတွင်း ရောဂါကူးစက်မှု များသွားနိုင်တဲ့ အခြေအနေတွကို ဝန်ကြီးဌာနက သတိပေးထားပါတယ်။
အသွားအလာကန့်သတ်ပြီး ရောဂါစောင့်ကြည့်ကြည့်ရှုတဲ့နေရာတွေ စနစ်တကျ စီမံခန့်ခွဲမှုမရှိရင်၊ ပိုးတွေ့လူနာနဲ့ အနီးကပ်ထိတွေ့ဆက်စပ်သူတွေကို အချိန်နဲ့တပြေးညီ ရှာဖွေဖော်ထုတ်တာ မပြုလုပ်ရင်နဲ့ ပြည်သူတွေ အိမ်မှာ တက်နိုင်သမျှနေကြဖို့၊ ၆ ပေအကွာကနေ ခပ်ခွာခွာနေဖို့ ညွှန်ကြားချက်တွေကို တိတိကျကျမလိုက်နာရင်တော့ ရောဂါကူးစက်ဖြစ်ပွားမှု အချိန်တိုအတွင်း ပိုများသွားနိုင်မယ်လို့ ဆိုပါတယ်။
(၃) ကိုဗစ်ကာကွယ်ရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ညှိနှိုင်းရေး ကော်မတီ သမ္မတ ဖွဲ့စည်း
တိုင်းရင်းသားလက်နက်ကိုင်တွေ အခြေပြုတဲ့ဒေသမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းပူးပေါင်းရေးအဖွဲ့တစ်ဖွဲ့ကို သမ္မတအမိန့်နဲ့ ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ ဧပြီ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီကော်မတီကို ဥက္ကဋ္ဌအဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဒုဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှာဖြစ်ပါတယ်။
ဒုဥက္ကဋ္ဌ အဖြစ် ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) နဲ့ အတွင်းရေးမှူးအဖြစ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ဒုဝန်ကြီး ဦးလှမော်ဦးတို့က တာဝန်ယူမှာဖြစ်ပါတယ်။
ဒီကော်မတီရဲ့ လုပ်ငန်းတာဝန်တွေက ကိုဗစ်ရောဂါဆိုင်ရာ သတင်းအချက်အလက်တွေဖလှယ်တာ၊ နယ်စပ်ဝင်ပေါက်တွေက ဝင်ရောက်လာသူတွေကို စစ်ဆေး၊ စောင့်ကြပ်ကြည့်ရှုတာ၊ သံသယလူနာတွေ့ရင် သတင်းအချက်အလက်ဖလှယ်တာ၊ ကုသဖို့ ဆောင်ရွက်စေတာနဲ့ သံသယလူနာနဲ့ထိတွေ့သူတွေကို ရှာဖွေဖော်ထုတ်တာတွေကို ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။
ရောဂါလက္ခဏာပြသူတွေကိုလည်း စောင့်ကြပ်ကြည့်ရှု ကုသပေးနိုင်ဖို့ ညှိနှိုင်းရမှာဖြစ်ပါတယ်။
ကျန်းမာရေးဆိုင်ရာအကြံပြုချက်တွေကို ပြည်သူတွေ လိုက်နာအကောင်အထည်ဖော်စေရေးလည်း ညှိနှိုင်းရမှာဖြစ်သလို ပြည်နယ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ကိုဗစ်ထိန်းချုပ်ကုသရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရမှာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိပြီး အဲဒီဆယ်ဖွဲ့က အများစုဟာ ထိုင်းနိုင်ငံနယ်စပ်တွေမှာ အဓိက အခြေပြုလှုပ်ရှားတဲ့အဖွဲ့တွေဖြစ်ပါတယ်။
အခုသမ္မတရုံးရဲ့ ထုတ်ပြန်ချက်ထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆိုတဲ့ သတ်မှတ်ချက်ထဲမှာ အပစ်မရပ်ထားဘဲ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အဖွဲ့တွေ ပါဝင်ခြင်းရှိမရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကိုဗစ်၁၉ ရောဂါဖြစ်ပွားမှုဟာ လတ်တလောမှာ တိုင်းနဲ့ပြည်နယ် ၅ ခုကလွဲပီး ကျန်တဲ့ဒေသတွေမှာ ဖြစ်ပွားနေပါတယ်။
ဧပြီ ၃၀ ရက်နောက်ပိုင်းမှာ ထိုင်းနယ်စပ်ကနေ မြန်မာနိုင်ငံကို သောင်းနဲ့ချီပြီးပြန်လည်ဝင်ရောက်လာမယ့်မြန်မာလုပ်သားတွေရှိနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်မှာ ဧပြီ ၂၇ ရက်ညနေပိုင်းက ရေးသားထားပါတယ်။