ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်က ပြန်ကောင်းလာရင် နောက်ထပ်မဖြစ်နိုင်ဘူးဆိုတဲ့ သက်သေမရှိသေးဘူးလို့ WHO ပြော
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားရာက ပြန်ကောင်းလာပြီး ခန္ဓာကိုယ်တွင်း ခုခံအားထွက်လာသူတွေ အနေနဲ့ ဒီရောဂါ နောက်တစ်ကြိမ် ထပ်မဖြစ်နိုင်တော့ဘူးဆိုတာ အခုအချိန်မှာ သက်သေအထောက်အထား မရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
တချို့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး နေပြန်ကောင်းလာသူတွေမှာ ခုခံအားရလာရင် အဲဒါက နောက်တစ်ကြိမ် ထပ်မဖြစ်အောင် တိုက်ထုတ်နိုင်မယ်လို့ ယူဆတာတွေ ရှိနေပါတယ်။
ယူကေမှာဆိုရင် လူထုကြား ကူးစက်နှုန်းဘယ်လောက်ရှိနေပြီလဲ ဆိုတာကို သွေးတွင်းခုခံအားစစ်ဆေးနည်းနဲ့ သိနိုင်ဖို့က အစိုးရရဲ့ အဓိက တိုင်းတာစစ်ဆေးနည်း ငါးခုမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။
အဲဒီလုပ်ငန်းတွေက အစိုးရရဲ့ ဗိုင်းရပ်စ် တိုက်ဖျက်ရေး ရည်မှန်းချက်ထဲမှာ ပါတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။
အခု အစိုးရက လော့ဒေါင်းလုပ်ထားတာကို အဆုံးသတ်နိုင်ဖို့ လုပ်နေတာမှာ ခုခံအား ပဋိပစ္စည်းထွက်လာတာကို စစ်ဆေးတဲ့နည်းက အရေးကြီးတဲ့ နည်းလမ်းအဖြစ် ယူဆထားပါတယ်။
ဒါ့အပြင် လူတစ်ယောက်မှာ ဗိုင်းရပ်စ်ရှိဖူးသလားဆိုတဲ့ ခုခံအား ပဋိပစ္စည်း စစ်ဆေးတာက ကာကွယ်ဆေးထုတ်လုပ်ဖို့အတွက် အချက်အလက်တွေလည်း ပေးနိုင်မှာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်လို့ စီးပွားရေး လုပ်ငန်းတွေ ပိတ်ထားရပြီး နိုင်ငံစီးပွားရေး ထိခိုက်ကျဆင်းရတာကြောင့် နိုင်ငံတချို့က အစိုးရတွေက ပိတ်ဆို့ထားတာတွေကို ပြန်ဖွင့်ဖို့ကြိုးစားနေပါတယ်။
ခုခံအားရသွားသူတွေဟာ အန္တရာယ်မရှိသူတွေ၊ နောက်တစ်ကြိမ် ထပ်မဖြစ်နိုင်သူတွေအဖြစ် အစိုးရတချို့က ယူဆသတ်မှတ်ပြီး သူတို့ကို ခရီးသွားလာခွင့်တို့၊ အလုပ်ပြန်လုပ်ခွင့်တို့ ရသူတွေလို့ သတ်မှတ်ဖို့ စဥ်းစားနေကြတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။