ကိုရိုနာဗိုင်းရပ်စ်စစ်မယ့် ဓာတ်ခွဲခန်းနောက်တစ်ခု ရန်ကုန်မှာ ထပ်တိုး၊ တစ်ကိုယ်ရေကာကွယ်ရေးသုံးဝတ်စုံ တစ်သိန်းကျော်ကို မြန်မာက ဗြိတိန်ကို ပို့ ၊ မွမ်ဘိုင်းမှာ သတင်းထောက် ငါးဆယ်ကျော် ကိုရိုနာကူးစက်ခံရ

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN
(၁) ကိုရိုနာဗိုင်းရပ်စ်စစ်မယ့် ဓာတ်ခွဲခန်းနောက်တစ်ခု ရန်ကုန်မှာ ထပ်တိုး
ရန်ကုန်က ဆေးသုတေသနဦးစီးဌာနမှာ ရှိတဲ့ ဇီဝလုံခြုံမှုအဆင့်(၂+) ရှိ ဓာတ်ခွဲခန်းမှာ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုတွေ ရက်ပိုင်းအတွင်း ပြုလုပ်တော့မှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရအဖွဲ့ဝင် ဒေါက်တာသန်းနိုင်စိုးက ဘီဘီစီကို ပြောပါတယ်။
ရန်ကုန်မှာ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစမ်းသပ်မှုတွေကို အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL) တစ်ခုတည်းကနေ လုပ်ကိုင်နေတာဖြစ်ပြီး တစ်ရက်ကို အရင်က နမူနာ ၃၀၀အထိ စစ်ဆေးနိုင်ပါတယ်။
အခုအခါ ဒီဓာတ်ခွဲခန်းအပြင် ဆေးသုတေသနဦးစီးဌာနမှာရှိတဲ့ ဓာတ်ခွဲခန်းကိုပါ အသုံးပြုတော့မှာဖြစ်လို့ နေ့စဉ် စစ်ဆေးနိုင်တဲ့အရေအတွက် အခုထက် ပိုပြီး တိုးလာမှာသေချာတယ်လို့လည်း ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။
တရုတ်ဆေးပညာရှင်အဖွဲ့ကလည်း ဧပြီ ၂၁ ရက် ဒီကနေ့မှာ မြန်မာက ပြန်လည်ထွက်ခွာမှာဖြစ်ပြီး သူတို့နဲ့ အတူပါလာတဲ့ ဓာတ်ခွဲစမ်းသပ်ပစ္စည်းတွေကို မြန်မာကို လွှဲပြောင်းဖို့ရှိနေပါတယ်။
ဒါပေမဲ့ မြန်မာက သုံးနေတဲ့ စစ်ဆေးတဲ့နည်းပညာနဲ့ တရုတ်က သုံးတဲ့နည်းပညာ မတူညီတဲ့အတွက် ဒီပစ္စည်းတွေနဲ့ တရုတ်နည်းပညာဆက်သုံး မသုံးကတော့ လက်တလောမှာ မသိရသေးဘူးလို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
များများစစ်လို့ရအောင် အခုလို ဌာနတွေခွဲစစ်ဆေးတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ဟာ ရေရှည်တိုက်ပွဲဖြစ်တဲ့အတွက် NHL တစ်ခုတည်းနဲ့ တောက်လျှောက်ဆိုရင် မလွယ်ကူတဲ့အခြေအနေဖြစ်တယ်လို့ ကူးစက်ရောဂါဌာနက တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။
ဇီဝလုံခြုံမှုအဆင့်(Biosafety Level) က အဆင့်လေးဆင့်ရှိပြီး ကူးစက်မှုနှုန်းနဲ့ ရောဂါပိုးပေါ် မူတည်ပြီး ကိုင်တွယ်ရတဲ့အဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုဗစ်၁၉ ဓာတ်ခွဲနိုင်တဲ့ဌာနကို ရန်ကုန်မှာ နှစ်ခုအပြင် မန္တလေးနဲ့ မော်လမြိုင်မှာလည်း ပြင်ဆင်နေပြီဖြစ်ပြီး မန္တလေးက အသင့်နီးပါးဖြစ်နေပြီလို့ ဆိုပါတယ်။
(၂) ပြည်နဲ့ တာချီလိတ်က သူနာပြုသုံးဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ
လူနာနံပါတ် ၁၇ ကို ကုသပေးခဲ့တဲ့ ဆေးအဖွဲ့ထဲက သူနာပြုနှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ဒေသခံလွှတ်တော်အမတ် ဒေါက်တာ ခင်စိုးစိုးကြည်က ဘီဘီစီကိုပြောပါတယ်။
လူနာနံပါတ် ၁၇ ကို ထိတွေ့ကုသမှုပေးခဲ့တဲ့အတွက် မေ့ဆေးဆရာဝန်ကြီးအပါအဝင် ဆေးအဖွဲ့က ၁၄ ဦးလုံးကို သီးသန့်အသွားအလာ ကန့်သတ်စောင့်ကြည့်ခဲ့တဲ့နောက် ပထမအကြိမ်ဆေးစစ်ရာမှာ မေ့ဆေးဆရာဝန်ကြီးတစ်ဦးတည်းမှာပဲ ပိုးရှိကြောင်း တွေ့ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဒုတိယအကြိမ် ဆေးထပ်စစ်ရာမှာတော့ သူနာပြုဆရာမနှစ်ဦးမှာ ဗိုင်းရပ်စ်တွေ့ရှိခဲ့ပါတယ်။
"ဒီဆရာမလေးနှစ်ယောက်က မေ့ဆေးဆရာဝန်ကြီးနဲ့ တစ်အိမ်တည်း နှစ်ရက်လောက် ကွာရန်တင်းဝင်ထားတာလည်းရှိတယ်။ နောက်ပြီး ဆရာမလေးတစ်ယောက်က သူ အနံ့မရတာ နှစ်ရက်လောက်ရှိပြီလို့ ပြောတယ်။ ဒါကြောင့် ဒုတိယအကြိမ် အားလုံးပြန်စစ်တဲ့အခါမှာ အခုလို ပိုးတွေ့ရှိတာဖြစ်ပါတယ်"လို့ ဒေါက်တာ ခင်စိုးစိုးကြည်က ပြောပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ တာချီလိတ်မှာလည်း အသက် ၂၉ နှစ်အရွယ် သူနာပြုဆရာမတစ်ဦး ဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။
လူနာကို ကုသပေးရင်း ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းက အခုဆို လေးဦး ရှိလာနေပါတယ်။ အဲဒီထဲမှာ ပြည်က မေ့ဆေးဆရာဝန်ကြီးနဲ့ သူနာပြုနှစ်ဦးနဲ့ ရန်ကုန်က ခွဲစိတ်အထူးကုဆရာဝန်ကြီး တစ်ဦးတို့ ဖြစ်ပါတယ်။
တာချီလိတ်က သူနာပြုကတော့ အဲဒီ ခွဲစိတ်အထူးကုဆရာဝန်ကြီး ခေတ္တလာရောက်ခဲ့တဲ့တာချီလိတ်ဆေးရုံမှာ အမှုထမ်းနေသူ ဖြစ်ပြီး ဆရာဝန်ကြီးနဲ့ အတူ ထမင်းတစ်ဝိုင်းတည်း စားခဲ့တဲ့အထဲမှာ ပါဝင်ခဲ့တယ်လို့ ဒေသခံအမတ် ဦးခင်မောင်တင့်ကပြောပါတယ်။
"လူနာနံပါတ် ၉၆ (ခွဲစိတ်ဆရာဝန်ကြီး) နဲ့ ထိတွေ့ခဲ့တဲ့ အယောက် ၃၀ ထဲမှာ ဒီအနီဝတ်ဆရာမတစ်ယောက်က အခု ပိုးတွေ့ရှိပါတယ်။ ကျန်တဲ့သူတွေအားလုံး မှာတော့ မရှိပါဘူး။ ဆရာဝန်ကြီးရဲ့ဇနီး(ဆရာဝန်မကြီး) မှာလည်း ရောဂါပိုးမရှိအဖြေထွက်ထားပါတယ်။ ၂၄ ရက်နေ့ကျရင် နောက်တစ်ခေါက်ထပ်စစ်ရပါမယ်"လို့ သူကပြောပါတယ်။
မြန်မာမှာ ဧပြီ ၂၁ ရက် မနက် ၈ နာရီအထိ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၁၉ ဦးရှိပြီး သေဆုံးသူ ၅ ဦးနဲ့ ပြန်လည်ကျန်းမာလာသူ ၉ ဦးရှိပါတယ်။ အဲဒီထဲက ၆ ဦးကတော့ ဆေးရုံကဆင်းခွင့်ရခဲ့ပြီး သူတို့ကို အသွားအလာကန့်သတ်စောင့်ကြည့်မှုတွေ ဆက်လုပ်ထားမှာ ဖြစ်ပါတယ်။
ဝေဘာဂီအထူးကုဆေးရုံက အထူးကြပ်မတ်ကုသဆောင်မှာ လူနာနံပါတ် ၈၇ နဲ့ ၈၉ တို့နှစ်ဦးကျန်ရှိပြီး လူနာနံပါတ် ၂၈ ကတော့ အထူးကြပ်မတ်ကုသပေးရတဲ့အခြေအနေက လွတ်ကင်းသွားပြီလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ က ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားထားပါတယ်။
(၃)တစ်ကိုယ်ရေကာကွယ်ရေးသုံး ဝတ်စုံ တစ်သိန်းကျော်ကို မြန်မာက ဗြိတိန်ကို ပို့
ဗြိတိန်မှာ ကျန်းမာရေးဝန်ထမ်းတွေအတွက် တစ်ကိုယ်ရေကာကွယ်ရေးသုံးဝတ်စုံတွေပြတ်လပ်နေချိန်မှာ မြန်မာနိုင်ငံက အဲဒီဝတ်စုံ တစ်သိန်း လေးသောင်းကျော်ကို ပေးပို့ခဲ့ပါတယ်။
ဗြိတိန်မှာ ဆရာဝန်၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် တစ်ကိုယ်ရေကာကွယ်ရေးသုံးဝတ်စုံတွေ ဆိုးဆိုးရွားရွားပြတ်လပ်နေပါတယ်။
ဒါဟာ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့အကြပ်အတည်းလည်း ဖြစ်တယ်လို့ ဗြိတိန်အာဏာပိုင်တွေက ပြောပါတယ်။
လက်ရှိမှာ မြန်မာက ရောက်လာတဲ့ Medical gown ဝတ်စုံ ၁၄၀,၀၀၀ ကျော်နဲ့ပတ်သက်ပြီး ဘယ်လိုတင်ပို့ ရောက်ရှိလာလဲဆိုတဲ့ အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာမှာလည်း ကိုဗစ်၁၉ လူနာတွေကို အဓိကကုသပေးနေတဲ့ ရန်ကုန်က ဝေဘာဂီအထူးကုဆေးရုံကြီးမှာ PPE ဝတ်စုံတွေ တစ်လစာလောက်ပဲ ကျန်တော့တယ်လို့ အဲဒီဆေးရုံက ပါမောက္ခ ဒေါက်တာစပယ်ဖြူက ပြောကြားထားပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ တိုင်းနဲ့ပြည်နယ်အလိုက် ဆေးရုံတွေကို ရောဂါကာကွယ်ရေးသုံးပစ္စည်းတွေ ထောက်ပံ့ပေးထားမှု အခြေအနေကို မကြာခဏ ထုတ်ပြန်ထားပါတယ်။
ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၆,၅၀၀ ကျော် နဲ့ ဗိုင်းရပ်စ် ကူးစက်သူပေါင်း တစ်သိန်းကျော် (၁၂၄,၇၄၃) ရှိနေပါတယ်။
(၄)မွမ်ဘိုင်းမှာ သတင်းထောက် ငါးဆယ်ကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ
အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ သတင်းထောက်အနည်းဆုံး ၅၃ ဦးထက်မနည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီး အရေအတွက် ထပ်တိုးလာ ဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက တနင်္လာနေ့မှာပြောကြားကြောင်း ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကွင်းဆင်းသတင်းရေးသားနေတဲ့အထဲက သတင်းသမား ၁၆၇ ဦးကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဓာတ်ခွဲနမူနာယူပြီး စစ်ဆေးရာမှာ ၅၃ ဦးမှာ ပိုးရှိကြောင်းတွေ့ရတာဖြစ်တယ်လို့ ဒေသန္တကျန်းမာရေးအာဏာပိုင်တစ်ဦးက Huffpost India သတင်းဌာနကို ပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီသတင်းသမား ၅၃ ဦးထဲမှာ သတင်းထောက်၊ ရုပ်သံကင်မရာသမားတွေနဲ့ ဓာတ်ပုံသတင်းထောက်တွေပါဝင်နေတယ်လို့ဆိုပါတယ်။
ဒီသတင်းကြောင့် တုန်လှုပ်ခြောက်ခြားပြီး ထိတ်လန့်တကြားဖြစ်ခဲ့ရတယ် လို့ မွမ်ဘိုင်းသတင်းထောက်ကလပ်က တွစ်တာမှာရေးသားခဲ့ပါတယ်။
ရောဂါပိုးတွေ့ရတဲ့ သတင်းထောက်တွေအများစုဟာ ရောဂါလက္ခဏာမပြဘဲ သီးသန့်ခွဲခြားစောင့်ကြည့်ထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုတော့ သူတို့အလုပ်လုပ်တဲ့မီဒီယာတိုက်အများစု ရုံးတွေပိတ်သွားပြီဖြစ်ပြီး ရှေ့တန်းထွက်အလုပ်လုပ်ခဲ့တဲ့ သူတို့အတွက် ကာကွယ်ရေးဝတ်စုံတွေ ဒါမှမဟုတ် အထူးအာမခံတွေ စီစဉ်ဆောင်ရွက်ပေးခဲ့တာ မရှိဘူးလို့လည်း ဆိုပါတယ်။
အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ငါးရာကျော်နဲ့ ကူးစက်ခံရသူ တစ်သောင်းကျော်ရှိနေပါတယ်။









