ကိုရိုနာဗိုင်းရပ်စ်-တစ်ပတ်အတွင်း ဘာတွေဖြစ်ခဲ့လဲ

လူအုပ်စုလိုက် ကူးစက်မှုနှစ်ခုဟာ ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN

ဓာတ်ပုံ ပုံစာ, လူအုပ်စုလိုက် ကူးစက်မှုနှစ်ခုဟာ ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့တာပါ။
ရေးသားခဲ့သည်။

ကိုဗစ်၁၉ ပထမဆုံးအတည်ပြုလူနာစတွေ့ပြီး တစ်လမပြည့်ခင် မြန်မာမှာ ဒီဗိုင်းရပ်စ် ကူးစက်သူ လူနာ တစ်ရာကျော်သွားခဲ့ပါပြီ။ တစ်ရက်တည်း လူနာ ၂၁ ဦးထိ စံချိန်တင်တွေ့ခဲ့ရပြီး အများဆုံးက ရန်ကုန်ကဖြစ်လို့ ရန်ကုန်မှာ အသွားအလာ ကန့်သတ်တဲ့နေရာတွေ ထပ်တိုးလာခဲ့ရပါတယ်။

အုပ်စုလိုက်ကူးစက်မှုနှစ်ခု ရှိလာတဲ့နောက် တစ်ပြည်လုံးမှာလည်း လူငါးဦးထက်ပိုမစုဝေးဖို့နဲ့ ညမထွက်ရအမိန့်တွေလည်း ထုတ်ထားရပါတယ်။ အစိုးရ အဖွဲ့ထဲက ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူဆေးစစ်ခံယူရတဲ့သတင်းကလည်း ထိပ်တန်းရောက်လူပြောအများဆုံးသတင်းဖြစ်ခဲ့သလို သေဆုံးနှုန်းနဲ့ ကူးစက်နှုန်းများနေတဲ့ ရန်ကုန်ကို ဗိုင်းရပ်စ်ဖြစ်ပွားမှု အချက်အခြာနေရာဖြစ်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

အုပ်စုလိုက် ကူးစက်မှုနှစ်ခုကြောင့် ကိုရိုနာလူနာတွေ့ရှိနှုန်းမြင့်တက်ခဲ့

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ဒေသတော်တော်များများမှာ အသွားအလာ ကန့်သတ်ထားတဲ့အချိန်မှာပဲ ဧပြီ ၁၃ ရက်တစ်ရက်တည်းမှာ ဗိုင်းရပ်စ်ကူးစက်သူ ၂၁ ဦး တွေ့ခဲ့ပါတယ်။

အဲဒီကူးစက်သူတွေထဲက အများစုဟာ ရန်ကုန်မြို့၊ ၈ မိုင်မှာ မတ် ၁၆ ကနေ ဧပြီ ၇ ရက်ထိ ပြုလုပ်ခဲ့တဲ့ ဘာသာရေးပွဲကဖြစ်ပြီး ဒီပွဲကို ဦးဆောင်ကျင်းပ ခဲ့တဲ့ တရားဟောဆရာနဲ့ တေးသံသွင်းပိုင်ရှင်တို့ကို ရောဂါဖြစ်ပွားစေတဲ့ လူစုလူဝေး ပြုလုပ်ခဲ့လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အာဏာပိုင်တွေက အမှုဖွင့်ခဲ့ပါတယ်။

တစ်ခါ ဒီဘာသာရေးပွဲကို တက်ရောက်သူတချို့ကနေ အင်းစိန်ဘက်မှာ နောက်ထပ် ကူးစက်သူတွေ အုပ်စုလိုက် ထပ်တွေ့ခဲ့ပါတယ်။ အင်းစိန် အရှေ့ကြို့ ကုန်း ရပ်ကွက်က နေအိမ်တစ်အိမ်မှာ အတူနေထိုင်သူ တချို့ကနေ ဆင့်ပွားကူးစက်သူ ဆယ်ဦးထက် မနည်း ထပ်တွေ့ခဲ့ပြီး ခုနစ်နှစ်အရွယ် ကလေးတစ်ဦးပါဝင်လာခဲ့ပါတယ်။ ဒါကြောင့် လက်ရှိ ကိုဗစ်၁၉ ကူးစက်မှုထဲမှာတော့ ၈ မိုင်က ဘာသာရေး ပွဲတက်ရောက်သူတွေနဲ့ အင်းစိန်က အုပ်စုနှစ်ခုက ကူးစက်မှုနှုန်းအများဆုံးဖြစ်နေပါတယ်။

အသွားအလာကန့်သတ်ထားတဲ့ မြို့နယ် ၇ ခုက ပြည်သူတွေ စည်းကမ်းချက်တွေကို မဖြစ်မနေလိုက်နာဖို့ ညွှန်ကြားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ, အသွားအလာကန့်သတ်ထားတဲ့ မြို့နယ် ၇ ခုက ပြည်သူတွေ စည်းကမ်းချက်တွေကို မဖြစ်မနေလိုက်နာဖို့ ညွှန်ကြားထားပါတယ်။

အင်းစိန်က သင်းအုပ်ဆရာတစ်ဦးနဲ့ အမှုတော်ဆောင်တစ်ဦးကိုလည်း ဒီလို အုပ်စုလိုက်ကူးစက်စေမှုကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။

အမှုဖွင့်ခံရသူတွေအားလုံးဟာ လောလောဆယ် ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူနေရပြီး ဆေးကုသမှုပြီးဆုံးမှ အမှုကို ဆက်လက်ရင်ဆိုင်ရဖွယ်ရှိနေတာပါ။

ဒီဖြစ်စဉ်ကို တောင်ကိုရီးယားက ရှင်ချုံဂျီးဘုရားရှိခိုးကျောင်းကနေ ဗိုင်းရပ်စပြန့်ခဲ့တဲ့ ဖြစ်စဉ်နဲ့နှိုင်းယှဉ်ပြီး ဝေဖန်တာတွေရှိခဲ့ပါတယ်။

ဒါ့အပြင် အဲဒီလို အုပ်စုလိုက်ကူးစက်သူတွေထဲမှာ နာမည်ကြီး ရော့ခ်အဆိုတော်တစ်ဦးအပါအဝင် အဆိုတော်တချို့ ပါဝင်ခဲ့သလို ဟစ်ဟော့ပ် အဆိုတော် တစ်ဦးလည်း အသွားလာကန့်သတ်စောင့်ကြည့်မှုခံယူခဲ့ပါတယ်။ ဒါ့အပြင် တေးသံသွင်းပိုင်ရှင်နဲ့ တွေ့ဆုံခဲ့တဲ့အတွက် နာမည်ကြီး ရော့ခ်အဆိုတော်ကြီး တစ်ဦးလည်း အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူထားပါတယ်။

ဒီဖြစ်စဉ်နဲ့ ဆက်စပ်ပြီး တရားဟောဆရာရဲ့ အရင်က ဟောပြောချက်တွေ လူမှုကွန်ရက်ပေါ်ပြန်ရောက်လာခဲ့တဲ့နောက် သူ့ရဲ့ဟောပြောချက်တွေဟာ သူတစ်ဦးတည်းရဲ့ရပ်တည်ချက်တွေပဲဖြစ်တယ်လို့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တချို့က ကြေညာချက်အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။

တစ်ခါတနင်္သာရီတိုင်းရေဖြူဘက်မှာ လူစုလူဝေးနဲ့ကျင်းပခဲ့တဲ့ ဘုန်းကြီးပျံပွဲ ဦးဆောင်သူတွေကိုလည်း အရေးယူဖို့ တိုင်းအစိုးရက ညွှန်ကြားခဲ့ပါတယ်။ ဒီမတိုင်ခင်တည်းက တားမြစ်ထားတဲ့ကြားက မင်္ဂလာ ပွဲပြုလုပ်ခဲ့သူ၊ လူစုလူဝေးနဲ့ဝတ်ပြုဆုတောင်းပွဲပြုလုပ်သူတချို့ကိုအရေးယူတဲ့ဖြစ်စဉ်တချို့ရှိထားပြီး ဖြစ်ပါတယ်။

ဒုသမ္မတနဲ့ မိသားစုအပါအဝင် အယောက် ၃၀ ကျော်ကို ကိုဗစ်ရှိမရှိဆေးစစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN

ဓာတ်ပုံ ပုံစာ, ဒုသမ္မတနဲ့ မိသားစုအပါအဝင် အယောက် ၃၀ ကျော်ကို ကိုဗစ်ရှိမရှိဆေးစစ်ခဲ့ပါတယ်။

အခုအမှုဖွင့်ခံရတဲ့ တရားဟောဆရာနဲ့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူတို့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးတဲ့နောက် လူထုကြား စိုးရိမ်မှုတွေ မြင့်တက်လာတဲ့အတွက် ဒုသမ္မတနဲ့ မိသားစုဝင်အပါအဝင် လူ ၃၀ ကျော်ကို ဆေးစစ်ပေးခဲ့ပါတယ်။ တစ်ရက်အကြာမှာတော့ ပိုးမတွေ့ကြောင်း အဖြေထွက်ခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေအပြီးမှာတော့ သတ်မှတ်ထားတဲ့ကိစ္စတွေကလွဲလို့ လူငါးဦးထက် ပိုမစုရဘူးဆိုတဲ့ အမိန့် ထွက်လာခဲ့သလို ရန်ကုန်နဲ့ မန္တလေးအပါအဝင် ဒေသတော်တော်များများမှာ အကြောင်းကိစ္စမရှိဘဲ ည မထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။

ပိုးတွေ့လူနာအများဆုံးရှိတဲ့ ရန်ကုန်ကို ဗိုင်းရပ်စ်အချက်အခြာနေရာဖြစ်လာမှာစိုးရိမ်

ရန်ကုန်က အနော်ရထာလမ်းမကြီးရဲ့ ယခင်နဲ့ ယခု အသွားအလာကန့်သတ်ထားချိန်မြင်တွေ့ရတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN

ဓာတ်ပုံ ပုံစာ, ရန်ကုန်က အနော်ရထာလမ်းမကြီးရဲ့ ယခင်နဲ့ ယခု အသွားအလာကန့်သတ်ထားချိန်မြင်တွေ့ရတဲ့မြင်ကွင်း

ဒါ့အပြင် ရန်ကုန်မှာ နှစ်သစ်ကူးပိတ်ရက်ကာလအလွန်ပြန်ဖွင့်တဲ့ ဈေးဝယ်စင်တာတွေမှာ နှာခေါင်းစည်းပါမှ ဝင်ခွင့်ပြုတော့သလို ဝိုင်ဘီအက်စ် ဘတ်စ်ကားတချို့မှာလည်း ခရီးသည်တွေ ကန့်သတ်ဦးရေနဲ့ လိုက်ပါစီးနင်းဖို့၊ နှာခေါင်းစည်းပါမှ တက်ခွင့်ပြုဖို့ ကြေညာခဲ့ပါတယ်။

ဒီတော့ အခြေခံလူတန်း စားတွေအတွက်နှာခေါင်းစည်းတွေ နေ့စဉ်သုံးဖို့ လက်တွေ့မှာ အဆင်ပြေမှာပါလား။ ညမထွက်ရအမိန့်ကို ချိုးဖောက်ရင် ဘယ်လိုအရေးယူမှာပါလဲ။ လူငါးဦးထက်ပိုမစုရ အမိန့်ကရော ဘယ်လိုကိစ္စတွေမှာ အကျုံးဝင်မှာပါလဲ။ ရန်ကုန်မှာ အသွားအလာကန့် သတ်တား မြစ်တဲ့နေရာတွေ တိုးလာတဲ့အတွက် စီမံခန့်ခွဲမှုက ဘယ်လိုရှိပါသလဲ။

ဒီမေးခွန်းတွေကို ရန်ကုန်တိုင်းဒေသကြီးရဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို မေးကြည့်တော့ သူက အခုလိုပြောပါတယ်။

"ဆယ်နာရီကနေ မနက် လေးနာရီ။ ညမထွက်ရအမိန့်။ (ဘယ်တော့ဖြေလျှော့မလဲ) ဒါကတော့ ရောဂါဖြစ်ပွားတဲ့အခြေအနေ ပေါ်မူတည်ပြီးတော့ လုပ်မှာပေါ့နော်။ လုပ်ငန်းခွင်ဝင်မယ့်သူတွေသွားလို့လာလို့ရပါတယ်" လို့ သူက ဆိုပါတယ်။

ဝိုင်ဘီအက်စ် ယာဉ်လိုင်းတချို့မှာ နှာခေါင်းစည်းပါမှ ခရီးသည်လိုက်ပါစီးနင်းခွင့်ပြုမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN

ဓာတ်ပုံ ပုံစာ, ဝိုင်ဘီအက်စ် ယာဉ်လိုင်းတချို့မှာ နှာခေါင်းစည်းပါမှ ခရီးသည်လိုက်ပါစီးနင်းခွင့်ပြုမယ်လို့ ဆိုပါတယ်။

ဘတ်စ်ကားပေါ်နှာခေါင်းစည်းဝတ်ပြီးမှ စီးလို့ရမယ့်ကိစ္စမျိုးမှာ အခြေခံလူတန်းစားတွေအတွက် အဆင်ပြေအောင် အစိုးရက ဘယ်လိုစီမံထားသလဲလို့ မေးတဲ့အခါ သူက

"လတ်တလောမှာတော့ ကျွန်တော်တို့မှာအစီအစဉ်မရှိဘူးပေါ့။ ဒါပေမဲ့ ဟုတ်ပါတယ်။ ဒီကိစ္စကလည်းဟုတ်ပါတယ်။ နှာခေါင်းစည်းတွေ ဈေးကြီးတယ်ဆိုရင် အစိုးရအနေနဲ့ ဘာတွေလုပ်ပေးနိုင်မလဲဆိုတာ အစိုးရအနေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ဆောင်ရွက်ပေးပါမယ်။ အတက်နိုင်ဆုံး ပြည်သူလူထုကလေ ကျန်းမာရေးနဲ့အညီ နေထိုင်ဖို့ တိုက်တွန်းပါတယ်။ ဘာလို့ဆို လူတိုင်းအတွက် အရေးကြီးနေတဲ့ကိစ္စမို့ပါ" လို့ သူက ပြောပါတယ်။

ညမထွက်ရအမိန့်ကို ချိုးဖောက်မှုတွေရှိလာရင်တော့ လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူမယ်လို့ သူကဆက်ပြောပါတယ်။ ဒါပေမဲ့ ဒီအမိန့်မှာ ခြွင်းချက်ရှိမှာဖြစ်ပြီး ကျန်းမာရေး၊ စီးပွားရေး ကိစ္စတွေအတွက် ညထွက်မယ်ဆိုရင် အုပ်ချုပ်ရေးအဖွဲ့တွေကို အသိပေးပြီး ခွင့်ပြုချက်နဲ့ သွားနိုင်မှာဖြစ် တယ်လို့ ပြောပါတယ်။

ဧပြီ ၂၀ ရက်မှာ ပြန်ဖွင့်မယ့် လုပ်ငန်းခွင်တွေကို ဝင်ရောက်ဖို့ စိတ်ပူနေကြသူတချို့ ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ, ဧပြီ ၂၀ ရက်မှာ ပြန်ဖွင့်မယ့် လုပ်ငန်းခွင်တွေကို ဝင်ရောက်ဖို့ စိတ်ပူနေကြသူတချို့ ရှိနေပါတယ်။

နှစ်သစ်ကူးပိတ်ရက် ဆယ်ရက်အလွန် ထပ်မံချမှတ်တဲ့ stay at home(အိမ်ထဲမှာသာနေထိုင်ဖို့) စည်းကမ်းချက်ကို အရင်ကထက် တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှာဖြစ်တယ်လို့ ဦးနိုင်ငံလင်းက ဆိုပါတယ်။

"အခုထားမယ့် stay at home က အရင်ဆယ်ရက်ထားခဲ့တာနဲ့မတူပါဘူး။ အရင်က သင်္ကြန်ပိတ်ရက်မို့ လုပ်ငန်းတွေပိတ်ထားတော့ ပြဿနာမရှိဘူး။ အခုထားမယ့်ဟာကတော့ လုပ်ငန်းခွင်သွားမယ့်သူတွေ အရေးကြီးကိစ္စနဲ့ သွားမယ့်သူတွေသွားခွင့်ရှိတယ်။ တချို့ကန့်သတ်ထားတဲ့နေရာတွေမှာတော့ စနစ်တကျကိုင်တွယ်ဆောင်ရွက်သွားမှာဖြစ်တယ်" လို့ သူက ပြောပါတယ်။

မန္တလေးကတော့ ဧပြီ ၇ ရက်တည်းကစားသောက်ကုန်နဲ့ ဆေးဆိုင်ကလွဲလို့ အားလုံးပိတ်ထားပြီး ခုသင်္ကြန်အပြီးမှာလည်း တစ်အိမ်ထောင် တစ်ယောက်အပြင်ထွက်ဖို့၊ ရုံးလုပ်ငန်းကိစ္စအပါအဝင် မဖြစ်မနေကိစ္စကတော့ သွားလို့ရပြီး အပြင်ထွက်ရင်နှာခေါင်းစည်းတပ်ပြီးသွားလာဖို့ ထပ်ညွှန်ကြားထားပါတယ်။

ရန်ကုန်မှာတော့ ဧပြီ ၂၀ ရက်ကစပြီး ရုံးတွေ၊ စက်ရုံတွေပြန်ဖွင့်ဖို့ ပြင်နေပါတယ်။ အဲဒီလိုအချိန်မှာပဲ ပိုးတွေ့လူနာနဲ့ သေဆုံးသူအရေအတွက်က ရန်ကုန်က အများဆုံးဖြစ်နေပြီး ရောဂါဖြစ်ပွားတဲ့ ဗဟိုချက်လိုဖြစ်လာမှာစိုးရိမ်သူတွေလည်း ရှိလာပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း လုပ်ငန်းခွင်အပါအဝင် ယန္တရားအများစု ရပ်ဆိုင်းကုန်ရင် အလုပ်လက်မဲ့ပြဿနာ၊ လုပ်ခလစာမရတာနဲ့ စီးပွားရေးအရ ဝင်ငွေနစ်နာဆုံးရှုံးမှာကို စိတ်ပူနေသူတွေလည်းရှိပါတယ်။

ဒီတော့ ပြည်သူတွေအလုပ်အကိုင် လည်းမထိခိုက်အောင်၊ စီးပွားရေးအရလည်း ဆုံးရှုံးမှုမရှိအောင်၊ ကူးစက်မှုနှုန်းကိုလည်း ထိန်းချုပ်နိုင်အောင် ဘယ်လိုလုပ်သင့်ပါသလဲ။

ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက အခုလိုအကြံပြုပါတယ်။

"အထည်ချုပ်လုပ်ငန်းခွင်မှာကို အလုပ်သမားငါးသိန်းကျော်ရှိတယ်။ အဲဒီလုပ်ငန်းခွင်တွေမှာ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေခွာဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ အလုပ်တွေပြန်လည်ပတ်တာနဲ့တစ်ပြိုင်နက် ဝိုင်ဘီအက်စ် ဘတ်စ်ကားတွေစီးတဲ့အခါ ကားပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေခွာစီးဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါကြောင့် ခုနစ်မြို့နယ်ကလွဲပြီးကျန်တာတွေ တနင်္လာနေ့ကစပြီး ပြန်လည်ပတ်ဖို့ ဆိုတဲ့ညွှန်ကြားချက်က ပြန်စဉ်းစားသင့်တယ်" လို့ဒေါက်တာညိုညိုသင်းကပြောပါတယ်။

ရန်ကုန်မြို့မှာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၁၃ ရာခိုင်နှုန်းကျော် နေထိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့မှာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၁၃ ရာခိုင်နှုန်းကျော် နေထိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မရှိမဖြစ် လုပ်ငန်းများ ဆက်လည်ပတ်နိုင်အောင်၊ အလုပ်သမား လျှော့ချတာ၊ လခ လျှော့ချတာတွေလည်း မဖြစ်ရအောင်၊ နိုင်ငံတော်အနေနဲ့ လိုအပ်သလို ညွှန်ကြား၊ ညှိနှိုင်းမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မနေ့က ရေးသားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါက်တာညိုညိုသင်းက

"ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အုပ်ချုပ်နေစဉ်ကာလမှာ ဒါတွေက ညှိနှိုင်းလို့၊ ထိန်းချုပ်လို့၊ ဖြေရှင်းလို့ ရပါတယ်။ ဖြေရှင်းလို့မရတဲ့ပြဿနာ၊ ညှိနှိုင်းလို့မရတဲ့ပြဿနာကတော့ ဒီဗိုင်းရပ်စ် ပြန့်ပွားမှုပြဿနာပါပဲ။ ဒါကြောင့်မို့ အုပ်ချုပ်တဲ့ခေါင်းဆောင်တွေအနေနဲ့ သေသေချာချာစဉ်းစားဖို့လိုပါတယ်။ ကဲ ဆိုကြပါစို့။ ရန်ကုန်မြို့က အလုပ်သမားတွေဒုက္ခရောက်မယ်ဆိုရင်တစ်နေ့ကို နှစ်ထောင်နှုန်းနဲ့ သူတို့ကိုထောက်ပံ့လိုက်ရင် အမေရိကန်ဒေါ်လာ သန်းငါးရာလောက်ပဲကျမယ်။ အဲဒီသန်းငါးရာလောက်ကို တစ်နိုင်ငံက ချေးပေးလို့လည်းရတယ်။ အရေးပေါ်ရန်ပုံငွေကလည်း ထုတ်သုံးလို့ရတယ်။ ပိုက်ဆံက ရှာလို့ရတယ်။ ဒါကြောင့် စီးပွားရေးတိုးတက်မှုကိုရွေးမလား။ ပိုက်ဆံကိုရွေးမလားဆိုတာ ခေါင်းဆောင်တွေ ဆုံးဖြတ်ရမယ့်အချိန်လည်း ဖြစ်တယ် " လို့ ဒေါက်တာညိုညိုသင်းကပြောပါတယ်။