မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် လူဝင် လူထွက်ပိတ်

ရေးသားခဲ့သည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် လူဝင် လူထွက် တွေကို ဧပြီလ ၁၃ ရက်နေ့ က စတင်ကာ ပိတ်လိုက်ပြီ ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

နေပြည်တော် သမ္မတအိမ်တော်ကို ဝင်ထွက်ခွင့်ရတဲ့ အိမ်တော် သတင်းထောက်တွေ ကို သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့တာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု ကာကွယ်တားဆီးရေးအတွက် မြန်မာနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေထဲ က တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအိုနိုင်ငံတွေနဲ့ နယ်စပ်ဂိတ်တွေကတစ်ဆင့် လူဝင်-လူထွက် ပိတ်ထားပြီး ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ် နဲ့လည်းဧပြီ လ ၁၃ ရက်နေ့က စပြီးပိတ်လိုက်တာလို့လည်း ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်ဟာ ဧပြီလ ၁၂ ရက်နေ့၊ နေ့လည် (၂)နာရီမှာ ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး မစ္စတာမန်ဂျူရာ ကရင်မ် ချောင်ဒရီကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်း နယ်စပ်ဂိတ်တွေကတစ်ဆင့် လူဝင်-လူထွက်တွေကို ဧပြီလ (၁၃)ရက်နေ့ကစပြီး ပိတ်မှာ ဖြစ်ကြောင်း၊ ကုန်စည်များ စီးဆင်းမှုကိုတော့ ဆက်လက် ခွင့်ပြုပေးမှာ ဖြစ်ကြောင်း၊ လူဝင် လူထွက် မရှိစေရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ပြောကြားခဲ့.တယ်လို့လည်း သူကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ဘာပြောလဲ

.ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ယခု ပြောဆိုချက်ကို ဌာနချုပ်ကို ပြန်လည်တင်ပြပေးမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာ၊ ကော့ဘဇားအပါအဝင် တစ်နိုင်ငံလုံး Lock down လုပ်ထားကြောင်း၊ ပြည်ပနဲ့ နယ်စပ်တွေက ဝင်ရောက် လာသူတွေကြောင့် ကူးစက်ပြန့်ပွားမှာကို ဒေသခံများ စိုးရိမ်နေကြောင်း ပြန်လည် ပြောဆိုခဲ့တယ် လို့လည်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနဲ့ ကမ်းရိုးတန်း ထိစပ်နေတဲ့ နိုင်ငံတခုဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း ပြဿနာ ကြောင့် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေအရေး ဖြေရှင်းနေဆဲဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ ကနေ စပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲစခန်းအပါအဝင် နယ်ခြားစောင့် စခန်းတွေကို ARSAအဖွဲ့တိုက်ခိုက်မှုတွေ အပြီး၊တပ်မတော်က နယ်မြေရှင်းလေးရေး လုပ်ကိုင်စဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မွတ်ဆလင် ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။

နှစ်နိုင်ငံ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကြားသဘောတူခဲ့ပေမယ့် ဒုက္ခသည်တွေ အများအပြား ဟာ ပြန်ရောက်မလာသေးပါဘူး။

ဒုက္ခသည်အရေး အရင်က ဘာတွေ ပြောခဲ့ကြလဲ

နေ့ရပ်စွန့်ခွာသွားတဲ့ မွတ်စလင် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး ဆွေးနွေးညှိနှိုင်းပွဲတွေမှာ မြန်မာဘက်က လက်တွေ့ လုပ်ရပ်မပါတဲ့ ကတိတွေပေးပြီး ကဖျက်ယဖျက် သဘောဆောင်တဲ့ ချဉ်းကပ်မှု နည်းလမ်းတွေ အသုံးပြုနေတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မတ်လ က စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြသူတွေကို စိစစ်ပြီး ပြန်လည်လက်ခံဖို့ မြန်မာ ဘက်က အဆင်သင့် ဖြစ်နေပေမယ့် ၊လုံခြုံရေး အကြောင်းပြချက်၊ နေရပ်ပြန်မယ့်သူ တွေက မပြန်လိုသေးဘူးဆိုတဲ့ အကြောင်းပြချက် စတာတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြောဆိုပြီး အခုချိန်ထိ ပြန်မပို့သေးတာလို့ မြန်မာတာဝန်ရှိသူတွေဘက်က အစဉ်တစိုက် ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

ဧပြီလ ဆန်းပိုင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကမ္ဘာ့ အကြီးဆုံး ဒုက္ခသည်စခန်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှု ကာကွယ်တားဆီးနိုင်ဖို့အတွက် အင်တာနက်လိုင်းတွေ ပြန်တပ်ပေးပါ ဆိုတဲ့တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင် မိသားစုတွေ နေထိုင်ရာ ဒုက္ခသည်စခန်းတွေမှာ ပြီးခဲ့တဲ့ နှစ်က စပြီး အာဏာပိုင်တွေက မိုဘိုင်းကွန်ရက်တွေကို ကန့်သတ်ထားခဲ့ပါတယ်။

ဒါကြောင့် ဗိုင်းရပ်ပြန့်ပွားမှုကို အကောင်းဆုံး ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ဒုက္ခသည်တွေသိအောင်လုပ်နိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းတွေကို (ARSA) အဖွဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာမှာ ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီးနောက် နိုင်ငံတကာက မြန်မာကို ဖိအားပေးလျက် ရှိပါတယ်။