ကိုရိုနာဗိုင်းရပ်စ် - မေ့ဆေးဆရာဝန်ကြီးကို ကျန်းမာရေးဝန်ကြီးက ဖုန်းဆက်ပြီးအားပေးစကားပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်ခုတင် ၅၀၀ ဆေးရုံက မေ့ဆေးအထူးကုဆရာဝန်ကြီးမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ၃၀ ဦးမြောက်လူနာဖြစ် လာပါတယ်။
သူ့ကိုမနေ့ညက ရန်ကုန်မြို့၊ ဝေဘာဂီဆေးရုံကို လွှဲပြောင်းပို့ဆောင်ခဲ့ပြီး အဲဒီညပိုင်းမှာပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက တယ်လီဖုန်းနဲ့ အားပေးစကားပြောကြားခဲ့ပါတယ်။
ဒီမေ့ဆေးအထူးကုဆရာဝန်ကြီးက COVID-19 လူနာ (Case-17) ကို ကုသမှုပေးခဲ့တဲ့ ဆရာဝန်မကြီးဖြစ်ပြီး မိမိယခင်ကတည်းက သိကျွမ်း လေးစားရတဲ့ ဆေးပညာရှင်တစ်ဦး ဖြစ်တယ်လို့လည်း ဝန်ကြီးကသူ့ရဲ့ဖေ့စ်ဘွတ်အကောင့်မှာ ဧပြီ ၁၂ ရက်က ရေးသားထားပါတယ်။
အဲဒီလိုပြောကြားတာကိုလည်း ဝန်ကြီးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကတစ်ဆင့် မျှဝေခဲ့ပြီး အဲဒီလိုမျှဝေရာမှာ ဆရာဝန်ကြီးဟာ ဒီဗိုင်းရပ်စ် ဘယ်လိုကူးစက်ခံခဲ့ရ တယ်ဆိုတဲ့ ထင်မြင်ချက်ကိုလည်း ပြောခဲ့တယ်လို့ သူက ရေးသားထားပါတယ်။
အထူးကုဆရာဝန်ကြီးက "ကျန်းမာရေးအခြေအနေကောင်းမွန်နေကြောင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း တစ်စုံတစ်ရာမရှိပါကြောင်း၊ လူနာကိုကုသမှုပေးစဉ် အသက်ရှူပိုက်တပ်ဖို့ လုပ်စဉ်က လူနာရဲ့ အသက်ကိုကယ်တင်လိုဇောနဲ့ အမြင်ပိုမိုရှင်းလင်းစေရေးအတွက် မျက်နှာ၊ မျက်စိဖုံး အကာကို ဖယ်ရှားလိုက်မိကြောင်း၊ ထိုသို့ ဖယ်ရှားလိုက်မိသဖြင့် လူနာထံမှ အစက်အမှုန် အမွှားများ မိမိရဲ့ မျက်စိထဲသို့ဝင်ကာ ရောဂါကူးစက်ခဲ့သည်ဟု ထင်ပါကြောင်း" ပြောကြားခဲ့တယ်လို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးက ရေးသားထားတာဖြစ်ပါတယ်။
ခုလို လူနာရဲ့အသက်ကို ကယ်တင်လိုစိတ်နဲ့ ကိုယ်တိုင်အန္တရာယ်ကိုမငဲ့ဘဲ ဆောင်ရွက်ခဲ့တဲ့ မွန်မြတ်လှတဲ့စိတ်ထားကိုအထူးလေးစားကြောင်းနဲ့ ကျန်းမာရေးကို အဓိကထား ဂရုစိုက်စေလိုကြောင်း၊ ကျန်တာတွေအားလုံးကို ဝန်ကြီးဌာနက စီစဉ်ပေးမယ်လို့ ဝန်ကြီးက ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူအပါအဝင် ကျန်းမာရေးဝန်ထမ်း၊ ဆေးလောကသားအားလုံးကလည်း အထူးကုဆရာဝန်ကြီး အတွက် စိုးရိမ်ပူပန်နေကြောင်း၊ လူနာများကို ကုသမှုပေးနေတဲ့ ဆရာဝန်၊ သူနာပြု၊ ကုသမှု အထောက်အကူပြုပညာရှင်များအနေဖြင့်လည်း မိမိတို့ထံ ရောဂါကူးစက်ခံရမှုမရှိစေရေး အတွက် ဂရုပြုဆောင်ရွက်စေလိုပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် လူနာ၏အသက်ကို ကယ်တင်ကုသလိုဇောကြီးပြီး မိမိကိုယ်တိုင်အတွက် အန္တရာယ်ကိုပင် အလေးမထား၊ ဂရုမပြုမိဘဲ ဆောင်ရွက်မိကြပါကြောင်းလည်း ပြောကြားခဲ့တယ်လို့ ဝန်ကြီးက ရေးသားထားပါတယ်။
အဲဒီနောက် ညပိုင်းမှာပဲ ဆရာဝန်မကြီးက ဝန်ကြီးထံ ဖုန်းထပ်ဆက်လာခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးမယ့်အစီအစဉ်တွေကိုမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
ဝေဘာဂီအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်၍ အကောင်းဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနဲ့ အသေးစိတ်အစီအစဉ်ကို ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ ဝန်ကြီးကဆက်လက်ရေးသားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Myint Sein
"ဆရာမကြီးက ပြည်မှာ တာဝန်ကျတာ တော်တော်ကြာပါပြီ။ ဆရာမကြီးဟာ တော်တော်တော့ စေတနာကောင်းပြီး တက်တက်ကြွကြွလုပ်တဲ့သူပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လာတုန်းကလည်း ဆေးရုံလိုအပ်ချက်တွေကို တော်တော်ထိထိမိမိ ပြောရဲဆိုရဲတင်ပြရဲတယ်။ လုပ်ရဲကိုင်ရဲတဲ့သူပါ။ မြို့ကလည်းပဲ သူ့ကို သဘောကျပါတယ်။ ကျွန်တော်တို့ကတော့ ဆရာမကြီးကို ဝေဘာဂီပို့ဖို့ အစစအရာရာ စီစဉ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ အားပေးစကားနဲ့ ဂုဏ်ပြုလွှာပေးဖို့လည်း ဝန်ကြီးချုပ်က ညွှန်ကြားထားပါတယ်။ ကျွန်တော်တို့စီစဉ်နေပါတယ်"လို့ ပဲခူးတိုင်းဒေသကြီးလူဝ်မှုကြီးကြပ်ရေး၀န်ကြီး ဦးထွန်းထွန်းဦးက ပြောပါတယ်။
ဆရာဝန်ကြီးဟာ လူနာနံပါတ် ၁၇ ရောဂါသည်းထန်ချိန်မှာ ဆေးအဖွဲ့ဝင် စုစုပေါင်း ၁၄ ဦးနဲ့အတူ အထူးကြပ်မတ်ကုသခန်းထဲ ကုသပေးခဲ့တာဖြစ်ပြီး ကုသမှုပေးပြီး ပြန်ထွက်လာချိန်မှာ အကာအကွယ်ဝတ်စုံက မျက်မှန်ကို ချွတ်မိတယ်လို့ ပြောကြားတာမျိုးရှိကြောင်းနဲ့ ဒါကြောင့် တစ်ဖွဲ့လုံးကို ဆေးစစ်မှုပြုလုပ်ပေးခဲ့ကြောင်း ပြည်ဆေးရုံ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးက ဘီဘီစီကိုပြောပါတယ်။
လက်ရှိမှာ ကျန်သူ ၁၃ ဦးလုံးရဲ့ ဆေးစစ်ချက်အဖြေမှာပိုးမတွေ့အဖြေထွက်ရှိထားပေမယ့် သူတို့ကို သီးခြားစီထားရှိပြီး ၁၄ ရက် စောင့်ကြည့်ဖို့စီစဉ်နေ တယ်လို့ ဆိုပါတယ်။








