ပလက်ဝအနီး လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူအရပ်သားတွေကို ချင်းပြည်နယ် အစိုးရ လျော်ကြေးပေး

ပလက်မြို့အနီးက ရွာတွေမှာ တိုက်ပွဲတွေပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, NARINJARA

ဓာတ်ပုံ ပုံစာ, ပလက်မြို့အနီးက ရွာတွေမှာ တိုက်ပွဲတွေပြင်းထန်နေ
ရေးသားခဲ့သည်။

ချင်းပြည်နယ် ပလက်ဝမြို့အနီးမှာ ဧပြီ ၇ ရက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တပ်မတော်က လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၇ ဉီး သေဆုံး၊ ၈ ဉီးထိခိုက် ဒဏ်ရာရရှိခဲ့သလို နေအိမ်တွေလည်း မီးလောင်ခဲ့တယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေးကောင်စီ(KACC)ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေဟာ ပလက်ဝမြို့ရဲ့ အရှေ့တောင်ဘက်၊ ကျောက်တော်-ပလက်ဝ ကားလမ်းဘေး ရွာတွေက ဖြစ်ပြီး အဲဒီနေရာမှာ ချင်းရွာတွေနဲ့ ရခိုင်ရွာတွေ တည်ရှိပါတယ်။

အေအေ လက်နက်ကိုင်အဖွဲ့ဟာ ဟာ ချင်းရွာကို ဝင်လိုက်၊ ရခိုင်ရွာကို ဝင်လိုက်နဲ့ ခိုလှုံတိုက်နေတာဖြစ်ပြီး တပ်မတော်က ဂျက်တိုက်လေယဉ် သုံးပြီးဗုံးကြဲတိုက်ခိုက်ရာမှာ အခုလိုထိခိုက်သေဆုံးခဲ့တာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကလည်း တပ်မတော်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်ဝမြို့နယ်ထဲမှာ အရပ်သား သေဆုံးထိခိုက်တာတွေ ရှိခဲ့ပါတယ်။

ပလက်ဝမြို့အနီး နန်းချောင်းဝကျေးရွာဘက်မှာ တပ်မတော် လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးရသူတွေကို တစ်ဉီးကို ကျပ်သုံးသိန်း၊ ဒဏ်ရာရ သူကို ကျပ်တစ်သိန်းနဲ့ နေအိမ်မီးလောင်ခံ ရသူတွေကို တစ်အိမ်ထောင်ကို ကျပ်သုံးသိန်း ချင်းပြည်နယ် အစိုးရဘက် က ထောက်ပံ့ပေးခဲ့တယ်လို့လည်း ဦးကျော်ငြိမ်းက ပြောပါတယ်။

ထွက်ပြေးလာတဲ့ ပလက်ဝမြို့နယ်ထဲက ရွာသားတွေ

ဓာတ်ပုံ ရင်းမြစ်, Kyaw Aung

ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့တဲ့ ပလက်ဝမြို့နယ်ထဲက ရွာသားတွေ

တပ်မတော်နဲ့ အေအေလက်နက်ကိုင်တို့ ပလက်ဝမြို့အနီးက နန်းချောင်းဝကျေးရွာဘက်မှာ ဧပြီ ၇ ရက်က မွန်းလွဲ ၃ နာရီနှင့် ၅ နာရီကြား တွင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တာပါ။

"အဲဒီနေ့ မနက်ကတည်းက မြေပြင်တိုက်ပွဲတွေဖြစ်နေတာ။ နေ့လယ်လောက်မှာတော့ လေကြောင်းက လာပစ်သွားတယ်" လို့လည်း ဦးကျော်ငြိမ်းက ပြောပါတယ်။

" အဲဒီ တိုက်ပွဲပစ်ခတ်မှုအပြီး နန်းချောင်းဝထဲမှာ လူ ခုနှစ် ဦး သေတယ်ဗျာ။ ရှစ်ဉီးဒဏ်ရာရတယ်။ အိမ်ရှစ်လုံးမီးလောင်တယ်။ ရွာထဲကို ဒီလို ပစ်တာတော့ မကောင်းဘူးပေါ့။ အေအေကလည်း ရွာထဲမှာ ခိုနေတော့ အပစ်ခံရတော့ ရွာသားတွေနာတာပေါ့၊ ကျွန်တော်တို့က နှစ်ဦး နှစ်ဘက် အပစ်ခတ်ရပ်စဲဖို့ အားလုံးညှိနှိုင်းတာ ကောင်းမယ်လို့ ထင်ပါတယ်" လို့သူက ပြောပါတယ်။

တပ်မတော်နဲ့ အေအေလက်နက်ကိုင်တို့ တိုက်ပွဲကြောင့် သေဆုံးခဲ့ရသူတွေထဲမှာ အမျိုးသမီး ၃ ဉီး၊ အမျိုးသား၃ ဉီးနဲ့ ကလေးတစ်ဉီးတို့ ပါဝင်ပါတယ်။

ပလက်ဝက စစ်ရှောင်စခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Hkawn San

ဓာတ်ပုံ ပုံစာ, ပလက်ဝက စစ်ရှောင်စခန်းတစ်ခု

အဲဒီနေ့က ဒဏ်ရာရခဲ့ သူတွေကို ပလက်ဝဆေးရုံကိုပို့ထားပြီး ဒဏ်ရာအခြေအနေ ဆိုးလာရင်တော့ မင်းတပ်ဆေးရုံကို ဆက်ပို့ဖို့ရှိတယ်လို့လည်း ပလက်ဝဒေသခံ အကူညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

တပ်မတော် နဲ့အေအေလက်နက်ကိုင်တို့ အကြား၊ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းမှာ ၂၀၁၈ နိုဝင်ဘာလ ကနေ ၂၀၂၀ ဧပြီလ အထိ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။

မတ်လ အတွင်းကတော့ မီးဝကျေးရွှာ အနီးမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းကို အေအေက တိုက်ခိုက်ခဲ့ပြီး တပ်ရင်းမှူးအပါအဝင် ရာရှိစစ်သည် အယောက် ၂၀ကို ဖမ်းဆီးနိုင်ခဲ့တာအပြင် လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းခဲ့တယ်လို့ အေအေက မတ်လ ၁၁ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲရှောင် တစ်သိန်းခွဲကျော်ရှိပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲရှောင် ၅၀၀၀ ကျော်ရှိတယ်လို့ အရပ်ဘက် အဖွဲ့အစည်းတွေထံက သိရပါတယ်။

အစိုးရကတော့ အေအေလက်နက်ကိုင် အဖွဲ့ကို အကြမ်းဖက် အုပ်စုနဲ့ မတရားအသင်းအဖြစ် ၂၀၂၀ ခုနှစ်၊မတ်လ ၂၃ ရက်က ကြေညာထား ပါတယ်။

၂၀၁၉ မှာ လုံး၀ ပိတ်ထားရတဲ့ ကျောင်းတွေ ရှိလာ

ဓာတ်ပုံ ရင်းမြစ်, Kyaw Aungkhumi

ဓာတ်ပုံ ပုံစာ, ၂၀၁၉ မှာ လုံး၀ ပိတ်ထားရတဲ့ ကျောင်းတွေ ရှိလာ

အခုလိုတိုက်ပွဲကြားမှာ ဓားစာခံဖြစ်နေတဲ့ ချင်းတိုင်းရင်းသား အပါအဝင် ဒေသခံရွာသားတွေကို စာနာထောက်ထားတဲ့အနေ နဲ့ တိုက်ပွဲတွေကို ရပ်ပေးဖို့ ကိုလည်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေးကောင်စီ(KACC)ဥက္ကဋ္ဌ ဦးကျော်ငြိမ်းကပြောပါတယ်။

ဧပြီလ ၉ရက်နေ့ မနက်မှာ အဲဒီ့တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ဒေသ ရွာ၄ ရွာက အိမ်ထောင်စု ၁၀၀ ကျော် မြို့ပေါ်ကို ရောက်လာပြီလို့လည်း ပလက်ဝဒေသခံတွေက ပြောပါတယ်။

အခု ဆိုရင် မြို့ကို အေအေက ဝိုင်းထားပြီး အင်မတန် စိုးရိမ်ရတဲ့ အနေအထားဖြစ်နေပါတယ်။ စားဝတ်နေရေးပါ အခက်အခဲရှိနေတယ်၊ ဒါကြောင့် နိုင်ငံတကာ အကူညီပေးရေးအဖွဲ့တွေ လာရောက် အကူညီပေးဖို့ကိုလည်း တောင်းဆိုတယ်လို့လည်း ဦးကျော်ငြိမ်းက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ တပ်မတော်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။

ပလက်ဝမြို့ဟာ ချင်းပြည်နယ်၊ တောင်ပိုင်း မင်းတပ်ခရိုင်မှာ ပါဝင်ပြီးတော့ ရခိုင်ပြည်နယ်အထိ စီးဆင်းသွားတဲ့ ကုလားတန်မြစ် အနောက်ဘက်ကမ်းမှာတည်ရှိပါတယ်။

ကုလားတန်မြစ်ကြောင်းအတိုင်း စစ်တွေမြို့ကနေ ၉၆ မိုင် ဝေးပြီးတော့၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပလက်ဝမြို့နယ် တစ်ခုလုံး လူဦးရေ ၆ သောင်းကျော်ရှိပါတယ်။

ခမီချင်းလူမျိုး အများဆုံး နေထိုင်ကြပြီးတော့ ရခိုင်လူမျိုးတွေလည်းနေထိုင်ကြပါတယ်။