တပ်မတော်လေကြောင်း တိုက်ခိုက်မှုကြောင့် ပလက်ဝမြို့နယ်မှာ အရပ်သား တချို့ သေဆုံးလို့ ဒေသခံတွေ ပြော

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ
ဓာတ်ပုံ ပုံစာ, ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ
ရေးသားခဲ့သည်။

ချင်းပြည်နယ် တောင်ပိုင်း ရခိုင်ပြည်နယ် အစပ်က ပလက်ဝမြို့နယ်ထဲက ဆမီးမြို့နဲ့ ကုလားတန်မြစ်ကြား မီးချောင်းကမ်းနားဘးက မိတ်စာရွာ သုံးရွာမှာ မတ်လ ၁၄ ရက်နေ့ မနက် ၁၀ နာရီလောက်က တပ်မတော်လေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး ရွာသား ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိတယ်လို့ မျက်မြင်သက်သေ ရွာသားတွေက ဘီဘီစီကို ပြောပါတယ်။

"ဆယ်နာရီလောက်မှာ တိုက်လေယာဉ်နဲ့ မိတ်စာ ၁ ကို ပစ်၊ နောက် မိနစ်ပိုင်းပဲ ခြားတယ် မိတ်စာ ၂ ကို ပစ်တယ်။ မိတ်စာရွာ ၁ ၊ ၂၊ ၃ အကုန်လုံး အထက ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ ခိုနေကြတယ်။ အခုလောလောဆယ်သေဆုံးသူ ၄ ယောက်ရှိတယ်" လို့ မိတ်စာရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စံသာက ဘီဘီစီကို ပြောပါတယ်။

ဒဏ်ရာရရှိသူတွေကတော့ လေးယောက် ရှိတယ်လို့ ဦးမောင်စံသာက ဆိုပါတယ်။

မတ်လ ၁၄ရက် ညနေပိုင်းမှာ ရရှိတဲ့ သတင်းအရ သေဆုံးသူ ၁၁ ယောက် အထိ ရှိသွားပြီလို့ ရွာသားတွေက ပြောပြီး မိသားစု တစု ဆိုရင် လေးယောက်ရှိတဲ့အနက် တမိသားစုလုံး သေဆုံးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သေဆုံးသူတွေ စိစစ်ဖို့ရွာသားတွေ အဖွဲ့တစ်ခုဖွဲ့ထားပြီး လေယာဉ်တွေ အခုချိန်ထိ ရွာမှာ ပျံဝဲနေသေးတာကြောင့် ပုန်းခိုရာကနေ အပြင်ကို မထွက်ရဲသေးဘူးလို့လည်း ရွာသားတွေက ပြောပါတယ်။

သေဆုံးခဲ့သူ ရွာသားတစ်ဦးဖြစ်တဲ့ ဦးအင်္ဂါရဲ့ ဇနီးဖြစ်သူ မခိုင်သန်းနုက သူ့ယောက်ကျားသေဆုံးတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။ "ကျွန်မတို့လည်း အိမ်မှာ နေတာ၊ ကျွန်မက ကလေးနို့တိုက်နေတာ၊ ယောက်ျားက ဝက်စာကျွေးနေတာ၊ ဗုံးက ချပလိုက်တာ နဲ့ အိမ်နားက အကိုကြီးအိမ်ကော အမကြီးအိမ်ကော အကုန်လောင်သွားတာ၊ နောက် ဗုံးထပ်ကွဲပီးမှ ကျွန်မယောက်ျား တခါထဲသေသွားတာ" လို့ မခိုင်သန်းနု က ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော် ဘက်ကို ဘီဘီစီက မေးကြည့်ရာမှာတော့ ပလက်ဝနဲ့ ကျောက်တော်ကြားမှာ တိုက်ပွဲတွေ ဖြစ်နေတာကို အတည်ပြု ပါတယ်။ "ရွာကိုတော့ တိုက်စရာအကြောင်းမရှိပါဘူး၊ ပလက်ဝနဲ့ ကျောက်တော်ကြားမှာ တိုက်ပွဲတွေ ဖြစ်နေတာတော့ရှိပါတယ်။ပြည်သူလူထုနဲ့ ပတ်သက်လာရင် ကာကွယ်ပေးဖို့ရှိပါတယ်။ ရွာသားအရပ်ဝတ်တွေနဲ့ ပစ်ခတ်တာရှိပါတယ်။ ရွာနားက မိုင်းထောင်မိုင်းဆွဲ တိုက်ခိုက်တော့ ခုခံကာကွယ်ပိုင်ခွင့်အရတော့ ပစ်ခတ်တဲ့နေရာကို ပြန်လည်ပစ်ခတ်ရမှာဖြစ်ပါတယ်။

ရွာသားတွေသေဆုံးခြင်း မသေဆုံးခြင်းကတော့ ကအတည်ပြုလို့မရဘူး" လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြန်လည် ဖြေကြားခဲ့ပါတယ်။ အခု တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်တာခံရတဲ့ မိတ်စာ ရွာသုံးရွာဟာ ချင်းလူမျိုး အများစုနေထိုင်တဲ့ ရွာတွေဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေကြနေရာတွေနဲ့ ဝေးတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေ တို့ရဲ့ တိုက်ပွဲတွေကြားထဲမှာ အရပ်သားသေဆုံးမှုတွေဟာ မြင့်တက်လာပြီး ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်နယ် တွင်းမှာလည်း တစ်နေ့ထက်တစ်နေ့ အရပ်သား ထိခိုက် သေဆုံးမှုတွေ မြင့်တက်လာနေသလို စစ်ဘေးရှောင် ဒုက္ခသည်တွေလည်း တိုးပွား လာနေတယ်လို့ ဒေသတွင်းက ကူညီရေး ဆောင်ရွက်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းကလည်း ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နဲ့ ကျောက်တော်မြို့နယ်တွေမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီပစ်ခတ်မှုဖြစ်စဉ်တွေ အတွင်းမှာ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ပြေးရှောင်စခန်းနဲ့ တိမ်ညိုရွာက ၁၂ဦး၊ ပေါင်းတုတ် မွတ်ဆလင်ကျေးရွာက ၈ ဦး၊ တောင်ဦးက ၁ဦးနဲ့ ကျောက်တော်မြို့နယ် သရက်တစ်ပင် သိန်းတန်ရွာက ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မိတ်စာရွာက ဒဏ်ရာ ရရှိသူ လူနာတွေကိုတော့ အခုအခါမှာ မတူပီပို့ဖို့ စီစဉ်နေတယ်လို့ သိရပြီး မတူပီက လူမှုကူညီမှုအဖွဲ့ ယာဉ် ၂စီး တောင်းထားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။