ကိုရိုနာဗိုင်းရပ်စ် - ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, MPA
မြဝတီက ပြန်ဝင်လာပြီး ဧရာဝတီတိုင်းကို ပြန်မရောက်သူ ၁၀၀၀ နီးပါးရှိ
ထိုင်းနိုင်ငံ ဘက်ကနေ မြန်မာနိုင်ငံကို ပြန်ဝင်လာသူတွေထဲမှာမှ ဧရာဝတီတိုင်းထဲကို ပြန်ဝင်လာမယ့်သူ အရေအတွက်ထဲက လူတစ်ထောင်လောက်က ပြန်မရောက်လာကြဘူးလို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းထွန်းအောင်က ဘီဘီစီကိုပြောပါတယ်။
မြဝတီနယ်စပ်ဂိတ်ကနေ မြန်မာတနိုင်ငံလုံးကို ပြန်ဝင်လာသူအရေအတွက်က လေးသောင်းကျော်ရှိ ပါတယ်။
အဲဒီအရေအတွက်ထဲမှာမှ ဧရာဝတီတိုင်းကို ပြန်ရောက်မယ့်သူက လေးထောင်ကျော်ရှိတယ်လို့ အကြောင်း ကြားထားပေမယ့် အခုအချိန်ထိ ပြန်ရောက်မယ့်အရေအတွက်ရဲ့ လေးပုံတပုံသာပြန်ရောက်ပြီး ပြန်ရောက် သူတွေကိုလည်း သီးသန့်ထားစောင့်ကြည့်မှုတွေလုပ်နေတယ်လို့ ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။
အခုလိုပြန်မဝင်လာသေးတဲ့သူတွေက တခြားပြည်နယ်နဲ့တိုင်းတွေ၊ ရန်ကုန်၊ မွန်၊ ကရင် အစရှိတဲ့နေရာ တွေမှာဘဲနေထိုင်နေပုံရပေမယ့် သူတို့က သီးသန့်စောင့်ကြည့်ရမယ့် ကာလ ၁၄ရက်တော့ လွန်သွားပြီ လို့ သူကပြောပါတယ်။
လက်ရှိတော့ ဧရာဝတီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမရှိသေးဘဲ၊ သံသယလူနာ ၂ဦးရဲ့ စစ်ဆေးထားတဲ့ အဖြေကို စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။
အခုလိုပြန်မဝင်လာသူတွေကိုလည်း ဥပဒေအရ ထုတ်ပြန်အသိပေးမှုတွေကို လုပ်ဆောင်မှာလို့ ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၅ဦးအထိရှိနေပါပြီ၊ အဲဒီထဲက လူနာအမှတ် ၅ ကတော့ မတ်လ ၃၁ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
တပ်တွင်း ကိုဗစ်စောင့်ကြည်နေရသူ ၆၇ ဦး ပိုးမတွေ့
တပ်မတော်အတွင်းပြည်ပမှ ပြန်လည်ရောက်ရှိလာသူများနဲ့၊ ပြန်လည်ရောက်ရှိလာသူတွေကို သွားတွေ့ ခဲ့တဲ့ အရာရှိစစ်သည်နဲ့ မိသားစုဝင် ၆၇ ဦးတို့ကို စစ်ဆေးရုံအပြင် နေအိမ်သီးသန့်ထား စောင့်ကြည့်မှုတွေ လုပ်ထားပြီး ရောဂါပိုးရှိမရှိစစ်ဆေးထားပြီးပြီလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။
သူတို့ ၆၇ ဦးလုံးကို စစ်ဆေးတာမဟုတ်ပေမယ့် အဓိကပြည်တော်ပြန်တွေနဲ့တွေ့ဆုံခဲ့သူ၊ ပြန်လည်ရောက် ရှိလာသူတွေကို တပ်မတော်ရဲ့ ကျန်းမာရေးဓာတ်ခွဲခန်းမှာ စစ်ဆေးခဲ့တာလို့ သူကပြောပါတယ်။
တပ်မတော်ရဲ့ ကျန်းမာရေးနဲ့ ရောဂါနိမ်နှင်ရေးဌာန မော်လီကျူးသုတေသနဓါတ်ခွဲခန်းနဲ့ ကိုဗစ်သာမက အခြားရောဂါပိုးတွေကိုလည်း စစ်ဆေးနိုင်တဲ့ ဓါတ်ခွဲခန်းမှာ စစ်ဆေးအတည်ပြုထားတာလို့ ပြောပါတယ်။
တပ်တွင်း စောင့်ကြည့်လူနာတွေကို သက်ဆိုင်ရာ တပ်မတော်ဆေးရုံတွေနဲ့ တပ်တွင်းနေအိမ်တွေမှာ ထားရှိကာ စောင့်ကြည့်မှုတွေကို ပြုလုပ်ပေးထားသလို၊ အရပ်ဘက်က ပြည်တော်ပြန်လာသူတွေကိုလည်း မတ်လ ၃၁ရက်ကစတင်ကာ ရန်ကုန်ကစစ်ကြောရေးစခန်းတွေမှာ စတင်ပြီးလက်ခံကာ ကုသမှုတွေကို ပေးနေပြီလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။
မတ်လ ၃၁ရက်နေ့ကစပြီး တရုတ်နိုင်ငံက ပြန်လာသူ ၇ဦးနဲ့ အခြားနိုင်ငံတွေမှ ပြန်လာသူ ၂၆ဦး စုစုပေါင်း ၃၃ ဦးတို့ကို ရန်ကုန်စစ်ကြောရေးစခန်းတွေမှာ ထားရှိကာ လိုအပ်တဲ့ဆေးဝါးနဲ့ အစားအသောက်ထောက်ပံ့ မှုတွေကို ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ နယ်မြေခံဆေးတပ်ရင်းတွေက ကုသမှုတွေကိုပေးထားတယ်လို့ သိရပါ တယ်။
မတ်လ ၃၀ရက်နေ့ကစတင်ပြီး ရန်ကုန်စစ်ကြောရေးစခန်းမှာ ကုတင် ၂၀၀၀ နဲ့ နေပြည်တော်စစ်ကြောရေး စခန်းတွေမှာ ကုတင် ၁၅,၀၀၀ တို့ကိုထားရှိကာ သီးသန့်စောင့်ကြည့်မှုတွေကို ပြုလုပ်ပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်အရာရှိကြီးတွေက စည်းဝေးဆုံးဖြတ်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တန်ဖိုးနည်း အသက်ရှုစက်တွေကို ထုတ်ဖို့အိန္ဒိယကြိုးပမ်း
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ နိုင်ငံအနှံ့အပြားဖြစ်လာတဲ့အချိန် လိုအပ်လာနိုင်မယ့် အသက်ရှုစက်တွေကို ထုတ်လုပ်နိုင်ဖို့အတွက် အိန္ဒိယအနောက်ပိုင်း၊ မဟာရာရှ်ထရာပြည်နယ်၊ ပီယွန်မြို့မှာ ပြင်ဆင်နေကြ ပါတယ်။
တန်ဖိုးနည်းအသက်ရှုစက်တွေကိုထုတ်လုပ်ဖို့အတွက် လူငယ်အင်ဂျင်နီယာတွေက အပြိုင်အဆိုင် ကြိုးပမ်းနေကြတာပါ။
အခုလိုထုတ်လုပ်ဖို့ ပြင်ဆင်နေကြတဲ့ အင်ဂျင်နီယာတွေက အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းအင်ဂျင်နီယာ ကျောင်းက စွန့်ဦးတီထွင်ကြသူအချို့လည်းပါပါတယ်။
လျှပ်စစ်နဲ့ လေကြောင်းဆိုင်ရာ အင်ဂျင်နီယာတွေရဲ့ ပျမ်းမျှအသက်အရွယ်တွေကဆိုရင် ၂၆ နှစ်သာ ရှိကြသူတွေပါ။
အိန္ဒိယမှာတော့ အသက်ရှုစက် လေးသောင်းရှစ်ထောင်ရှိနေပေမယ့် တကယ်တမ်းသုံးရင် ကောင်းကောင်းမွန်မွန်သုံးနိုင်ပါ့မလားဆိုတာကိုတော့ ဘယ်သူမှမခန့်မှန်းနိုင်တဲ့အခြေအနေ ဖြစ်နေပါတယ်။
အဲဒီလေရှုစက်တွေထဲက တချို့ကိုလည်း လက်ရှိအခြားရောဂါတွေကို ခံစားနေရတဲ့သူတွေ အတွက်ကိုလည်း သုံးစွဲပေးနေရပါတယ်။








