ထိုင်းနယ်စပ်က ဝင်လာသူနဲ့ တောင်ညွှန့်လူနာ နဲ့ အနီးကပ်နေသူတွေမှာ ပိုးထပ်တွေ့

ဓာတ်ပုံ ရင်းမြစ်, MHSM
မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ မတ်လ ၂၉ ရက်နေ့က ၂ဦးထပ်တွေ့ပြီးစုစုပေါင်း ဦး ၁၀အထိရှိလာနေပြီဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ရန်ကုန်က မတ်လ၂၉ ရက်နေ့၊ ည (၉:၀၀) နာရီ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာတွေနဲ့ ဆေးရုံမှာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိတဲ့ လူနာ (၈၂)ဦး ဓာတ်ခွဲ နမူနာတွေကို စစ်ဆေးခဲ့ရာ လူနာ (၂) ဦး ဓာတ်ခွဲအဖြေ များမှာ COVID-19 ရောဂါပိုး တွေ့ရှိ ရပြီး ကျန်လူနာ (၈၀) ဦး ဓာတ်ခွဲအဖြေတွေမှာ COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရတာဖြစ်ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာ ၉ ယောက်မြောက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်မှာ နေထိုင်တဲ့ အသက် (၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး မတ်လ ၂၃ ရက်နေ့ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို မြဝတီမြို့ကတစ်ဆင့် ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။
မတ်လ၂၆ ရက်နေ့မှာ မင်္ဂလာဒုံမြို့နယ်ကို ရောက်ရှိခဲ့ပါတယ်။ မတ်လ ၂၆ ရက်နေ့မှာ ဖျားခြင်း၊ ချောင်းဆိုးခြင်းရောဂါလက္ခဏာများ ခံစားခဲ့ရလို့ ပြည်သူ့ဆေးရုံ၊ ပုလဲမြို့သစ်မှာ စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ် ဆေးခဲ့ခြင်းဖြစ်ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာ ၁၀ ယောက်မြောက်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ နေထိုင်တဲ့ အသက် (၄၅) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case-05) နဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ရာဇဝင်ရှိတဲ့ အတွက် မတ်လ၂၈ ရက်နေ့မှာ ဝေဘာဂီအထူးကုဆေးရုံမှယအသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ဆောင်ရွက်ထားသူဖြစ်ပါတယ်။
အဆိုပါလူနာတွေကိုဝေဘာဂီအထူးကုဆေးရုံကြီးတွင် သီးခြားထားရှိ၍ ဆေးကုသမှု ဆက်လက်ပေးသွားမည်ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။




