ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်တွင်းဆွေးနွေးတဲ့ နှစ်ရက်တာအတွင်း အပြန်အလှန်ကန့်ကွက်တာတွေရှိနေအပါအဝင် မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

၁)ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်တွင်းဆွေးနွေးတဲ့ နှစ်ရက်တာအတွင်း အပြန်အလှန်ကန့်ကွက်တာတွေရှိနေ

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေမူကြမ်းကို ဖေဖော်ဝါရီ ၂၅ ရက်နဲ့ ၂၆ ရက် ၂ရက်တာဆွေးနွေးခဲ့ရာမှာ NLDပါတီ ကိုယ်စားလှယ်၊ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေနဲ့ တပ်မတော် သားကိုယ်စားလှယ်တွေအကြား အပြန်အလှန် ကန့်ကွက်တာတွေရှိခဲ့ပါတယ်။

ဒုတိယနေ့အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဆွေးနွေးရာမှာတော့ NLD ပါတီကိုယ်စားလှယ်တွေက ဥပဒေ ပြုရေးမှာ တပ်မတော်သား ကိုယ်စားလှယ်တွေပါဝင်မူ့ကို ၅ နှစ်တကြိမ်စီလျှော့ချဖို့ ဆွေးနွေးရာမှာ တပ်မတော်သား အစုအဖွဲ့ကိုယ်စားလှယ်တွေက အဲဒီအချက်နဲ့ဆိုင်တဲ့ပုဒ်မတွေကို မူလအတိုင်းထားဖို့ သာဆွေးနွေးခဲ့ပါတယ်။

အလားတူ အရင်အစိုးရလက်ထက်က သမ္မတရုံးဝန်ကြီးတာဝန်ယူခဲ့တဲ့ ဦးစိုးသိန်းကလဲ အခုချိန်မှာ အဲဒီအချက် ကိုမပြင်သင့်သေးဘူးလို့ ပြောဆိုတင်ပြခဲ့ပါတယ်။

ဒါအပြင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပြန်လည်ရုတ်သိမ်းခြင်းနဲ့ဆိုင်တဲ့ပုဒ်မမှာ မူလ ပြဋ္ဌာန်းချက် ၁ ရာခိုင်နှုန်းအစား ၂၀ ရာခိုင်နှုန်းကလက်မှတ်ထိုးတိုင်ကြားရင်လို့ပြင်လို့ရတယ်ဆိုတဲ့ ဥပဒေကြမ်းမှာပါတဲ့ အချက်ကို ထောက်ခံဆွေးနွေးတာတွေလည်းရှိခဲ့ပါတယ်။

ဒုတိယနေ့မှာလည်း ပထမနေ့နည်းတူဆွေးနွေးတဲ့စကားလုံးတွေအပေါ် ကန့်ကွက်တာတွေ ရှိပါတယ်။

ပထမနေ့က ကြံခိုင်ရေးပါတီကိုယ်စားလှယ်အချို့ဆွေးနွေးသွားတဲ့စကားလုံးအသုံးအနှုန်းတွေကို လွှတ်တော်မှတ်တမ်းကပယ်ဖျက်ပေးခဲ့ပါတယ်။

၂ ရက်တာဆွေးနွေးတာကိုကြည့်ရင် NLD ပါတီက ဥပဒေပြုရေး မှာ တပ်မတော်သား ပါဝင်မှုကိုလျှော့ချ ဖို့အဓိက ဆွေးနွေးတာတွေ့ရပြီး တပ်မတော်ဘက်က အဲဒီအချက်ကိုမူလအတိုင်းထားရှိဖို့ဆွေးနွေးတာ တွေ့ရပါတယ်။

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေက ပုဒ်မ ၅၉ (စ)ပါပြဋ္ဌာ န်းချက်ကိုမူလအတိုင်း ထားဖို့ဆွေးနွေးပြီး တိုင်းရင်းသားပါတီတွေကတော့ ပုဒ်မ ၄၃၆ (က) (ခ) ကို ပြင်ဆင်ဖိုဆွေးနွေးတာတွေရှိခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး မတ်လ ၅ရက်နေ့အထိ ဆက်လက်ဆွေးနွေး သွားကြမှာဖြစ်တယ်လို့သိရပါတယ်။

၂)ရခိုင်မှာ ခရိုင်ရဲမှူးနဲ့ မြို့နယ်ရဲမှူးစီးလာတဲ့ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခံရ

ဖေဖော်ဝါရီ ၂၆ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ခရိုင်ရဲမှူးနဲ့ မြို့နယ်ရဲမှူးတို့ စီးနင်း လာတဲ့ ကားတန်းဟာ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရသလို မြောက်ဦးမှာလည်း စစ်ကားတန်းတစ်ခု မိုင်းဆွဲ တိုက်ခိုက်ခဲ့ရပါတယ်။

ဘူးသီးတောင်မြို့နယ်မှာတော့ မိုင်းပေါက်ကွဲတဲ့အတွက် နွားကျောင်းနေတဲ့ မူဆလင် လူငယ် တစ်ဦး သေဆုံးခဲ့ပါတယ်။

တောင်ကုတ်မြို့နယ် မြောက်ပိုင်း ဆားပြင်ကျေးရွာ အလွန် ငှက်ပျောချောင်းတံတားအနီးမှာ မနေ့က နေ့လယ် ၁ နာရီကျော်လောက်က သံတွဲ ခရိုင်ရဲမှူးနဲ့ တောင်ကုတ် မြို့နယ်ရဲမှူးတို့ စီးနင်းလာတဲ့ ကားတန်း မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် တံတားအနီး ကားလမ်းဟာ ကြေမွသွားခဲ့တယ်လို့ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သွားကြည်ခဲ့တဲ့ ဒေသခံမျက်မြင်တစ်ဦးက ပြောပါတယ်။

ဒေသခံတွေက ကားတွေ ပျက်စီးသွားတယ်လို့ ပြောပေမယ့် ထိခိုက်ဒဏ်ရာ ရတာတွေရှိ မရှိကို သိရှိ နိုင်အောင် တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးကြည့်တော့ ဖုန်းကိုင် ဖြေဆိုခြင်းမရှိတဲ့အတွက် ဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရှိရသေးပါ ဘူး။

ဘူးသီးတောင်မြို့နယ် ညောင်ချောင်းအနီးက ဘုရားပြင် အောင်ပ ကျေးရွာမှာလည်း မိုင်းပေါက်ကွဲခဲ့တဲ့ အတွက် နွားကျောင်းနေတဲ့ အသက် ၂၅ နှစ် အရွယ် မူဆလင် လူငယ်တစ်ဦး သေဆုံးသွားတယ်လို့ ကျေးရွာ တာဝန်ခံက ပြောပါတယ်။

ဒီလို မိုင်းကွဲလို့ လူသေဆုံးရတဲ့ အပြင် မြေပုံမြို့နယ် စညင်းအနီးက တောင်တန်းတွေမှာလည်း မြန်မာ့ တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်တော်တို့ အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မြန်မာ့တပ်မတော်ဘက်က ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့မိနစ် အနည်းကြာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံမျက်မြင် ပြည်သူတွေက ပြောဆိုကြပါတယ်။

၃)တရုတ်မှာ ၃လကျော်နေခဲ့တဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို ဝေဘာဂီဆေးရုံမှာထားပြီး စောင့်ကြည့်နေ

တရုတ်နိုင်ငံမှာ ၃လကျော်နေခဲ့တဲ့ အမေရိကန်နိုင်ငံသားတစ်ဦးကို ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ပြီး စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၆ရက် နေ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါစောင့်ကြည့်လူနာမှာ ဖေဖော်ဝါရီ ၂၀ ရက်ကနေ ၂၂ ရက်နေ့အတွင်း မလေးရှားနိုင်ငံကို သွား ရောက်ခဲ့သေးတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒ့ါအပြင် မြန်မာနိုင်ငံကနေ ပြန်သွားပြီးနောက် ရောဂါပိုးရှိကြောင်းအတည်ပြုနိုင်ခဲ့တဲ့ ကိုရီးယားနိုင်ငံသူနဲ့ ထိတွေ့ဆက်ဆံမှုရှိခဲ့တဲ့ မြန်မာနိုင်ငံသား ၇ဦးနဲ့ ၎င်းတို့ရဲ့မိသားစုဝင် ၁၅ ဦး စုစုပေါင်း ၂၂ဦးကိုလည်း နေအိမ်တွေကနေ အပြင်သွားလာခွင့်ကန့်သတ်ထားပြီး စောင့်ကြည့်နေပါတယ်။

' ' ၂၂ဦးလုံးကတော့ ကျန်းမာရေးကောင်းမွန်ပါတယ်။ ဖျားတာနာတာမရှိဘူး။ ပုံမှန်ပဲလို့ ပြောလို့ရပါ တယ် ''လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ ဆေးရုံတွေမှာစောင့်ကြည့်လူနာ ၂ဦးသာ ကျန်ရှိပြီး ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ မရှိသေးဘူးလို့ တရားဝင်ထုတ်ပြန်ထားပါတယ်။

ဒ့ါအပြင် ကိုဗစ် -၁၉ အမည်ရနိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရမှုရှိမရှိကိုလည်း မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစပြီး ဓာတ်ခွဲအတည်ပြု စစ်ဆေးတာတွေကိုလုပ်ဆောင်နေပြီလို့သိရပါတယ်။

' 'ဖေဖော်ဝါရီ ၂၀ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ၃ ယောက်စစ်ဆေးခဲ့တယ် ။အားလုံး နဂ္ဂတစ်ပဲ။ တကယ်လို့ ပေါ့စတစ် လူနာရှိလာခဲ့မယ်ဆိုရင်တော့ ထိုင်းကိုပါထပ်ပို့ပြီး အဖြေကို တိုက်စစ်မယ်''လို့ ဒေါက်တာခင်ခင်ကြီးကပြောပြပါတယ်။

၄)အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်အရေး အရေးပေါ်တုံ့ပြန်ရေးဆောင်ရွက်ချက် ဒုသမ္မတမိုက်ပန့်စ် ဦးဆောင်မယ်

အမေရိကန်ပြည်ထောင်စုမှာတော့ ကိုရိုနာဗိုင်းရပ်စ်အရေး အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရာမှာ ဦးဆောင်သူအနေနဲ့ ဒုတိယသမ္မတ မိုက်ပန့်စ်ကို သမ္မတဒေါ်နယ်ထရမ့်က တာဝန်ပေးလိုက်ပါတယ်။

အခုထိတော့ အမေရိကန်ပြည်သူတွေ ဗိုင်းရက်စ် ကူးစက်ခံရနိုင်တဲ့အန္တရာယ် နည်းနေသေးတယ်လို့ သမ္မတရော၊ ဒုတိယသမ္မတကပါ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာပြောထားပါတယ်။

လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကူးလို့ ကုသမှုခံယူပြီးသူ ၁၅ ဦးရှိပြီး အဲဒီထဲက တစ်ဦးပဲ ဆေးရုံမှာ နေမကောင်းဖြစ်နေသေးတယ်လို့ သမ္မတ ထရမ့်ကပြောပါတယ်။

သမ္မတကတော့ နွေရောက်တာနဲ့ လူတွေ လွတ်လွတ်လပ်လပ်သွားလာနိုင်ဖို့ သူမျှော်လင့်မိတယ်လို့ ပြောပါတယ်။

ဗိုင်းရက်စ်ပြန့်ပွားမှုအရေး ကာကွယ်ထိန်းချုပ် ဖို့ လိုအပ်တဲ့ ရန်ပုံငွေ ဒေါ်လာ သန်း နှစ်ထောင့်ငါးရာ ရဖို့ကိုလည်း ကွန်ဂရက်စ်လွှတ်တော်နဲ့ နီးနီးကပ်ကပ် အလုပ်လုပ် သွားမယ်လို့ မစ္စတာ ထရမ့်က ပြောပါတယ်။