မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၄ဦးကျန်၊ အတည်ပြုဖို ဒီနေ့ ဘန်ကောက်ပို့စစ်ဆေးမယ်

အခုပို့မယ့် သံသယလူနာတွေရဲ့ နမူနာတွေကိုလည်း အမြန်ဆုံးသိရှိရနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မျှော်လင့်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အခုပို့မယ့် သံသယလူနာတွေရဲ့ နမူနာတွေကိုလည်း အမြန်ဆုံးသိရှိရနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မျှော်လင့်ထားပါတယ်။
ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ ၄ဦးအထိရှိနေပါသေးတယ်။ ပိုးရှိမရှိ စစ်ဆေးနိုင်ဖို့အတွက် သူတို့ရဲ့ နှာခေါင်းတို့ဖတ်နမူနာကို ဖေဖော်ဝါရီ ၃ရက်နေ့ ညနေ၊ ထိုင်းလေကြောင်းလိုင်းနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ က အမျိုးသားသုတေသနဓာတ်ခွဲခန်းကို ပေးပို့မယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သိရပါတယ်။

သံသယလူနာ ၄ ဦးက ဖေဖော်ဝါရီ ၂ရက်နေည၊ နေပြည်တော်မှာတွေ့ရတဲ့တဦး၊ မင်းပြားကတဦး၊ ကျိုင်းတုံကတဦးရယ် မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံက ထိုင်ဝမ်ကလေးငယ် တဦးတို့ဖြစ်တယ်လို့ ဝန်ကြီး ဌာန ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကိုအတည်ပြုပါတယ်။

"လေးဦးလုံးရဲ့ နမူနာကို ဒီညနေ့ပို့ပါမယ်၊ မင်းပြားကနမူနာကတော့ ရောက်မလာသေးတဲ့အတွက် မမှီရင်တော့ ကျန်သွားနိုင်ပါတယ်" လို့ သူကပြောပါတယ်။

ရန်ကုန်လေဆိပ်မှာ ဇန်နဝါရီလ ၃၁ရက်နေ့က တွေ့ခဲ့တဲ့ အသက် ၆၀အရွယ်တရုတ်နိုင်ငံသားကတော့ ကိုရိုနာဗိုင်းရပ်စ်မရှိဘူးလို့ ထိုင်းနိုင်ငံ ဘန်ကောက်က၊ အမျိုးသားသုတေသနဓာတ်ခွဲခန်းက အတည်ပြုတာ ကြောင့် ဆေးရုံကနေဆင်းခွင့် ပေးလိုက်ပြီဖြစ်တဲ့အပြင် သံသယလူနာအဖြစ်ကလည်း ပယ်ဖျက်ခဲ့ပြီး ဖြစ်ပါ တယ်။

ဗီဒီယို ပုံစာ, ရန်ကုန်လေဆိပ်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ တွေ့ရှိ

အဲဒီတရုတ်နိုင်ငံသားရဲ့ နှာခေါင်းတို့ဖတ်နမူနာကို ဖေဖော်ဝါရီ ၁ရက်နေ့မှာ ဘန်ကောက်ကို ပေးပို့ခဲ့တာဖြစ်ပြီး၊ ဖေဖော်ဝါရီ ၃ရက်နေ့မှာ ရောဂါပိုးကူးစက်ခံရမှုမရှိကြောင်းကို သိရှိခဲ့ရတာပါ။

ဒါကြောင့် အခုပို့မယ့် သံသယလူနာတွေရဲ့ နမူနာတွေကိုလည်း အမြန်ဆုံးသိရှိရနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မျှော်လင့်ထားပါတယ်။

ကိုရီးယားနိုင်ငံသားနဲ့ သံသယလူနာလို့ သတ်မှတ်ခဲ့ဘူးတဲ့ လွိုင်ကော်က အသက် ၂နှစ် ကျော်ကလေး အပါအဝင် ၂ဦးတို့ကိုတော့ ကိုရိုနာဗိုင်းရပ်စ် ရှိတဲ့လက္ခဏာမျိုးမရှိတော့တာကြောင့် သံသယလူနာ စာရင်းကနေ ပယ်ဖျက်ကာ၊ ဆက်လက်ကုသမှုပေးပြီး စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဘီဘီစီကိုပြောပါတယ်။

ကိုရိုနာဗိုင်းရပ်နဲ့ ပက်သက်ပြီး စောင့်ကြည့်စစ်ဆေးမှုတွေကို လေဆိပ်တွေနဲ့ နယ်စပ်ဝင်ပေါက် ထွက်ပေါက် တွေမှာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ ပူးပေါင်းပြီးတော့ စစ်ဆေးမှုတွေ လုပ်နေဆဲ ဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ဒါပေမယ့်လည်း တရုတ်နိုင်ငံ ရွှေလီနဲ့ မြန်မာနိုင်ငံ မူဆယ်မြို့ဘက် ရွှေလီမြစ်ကြောတလျှောက်မှာတော့ နှစ်ဘက်အဝင်အထွက်တွေ လွတ်လွတ်လပ်လပ်သွားနေတာတွေ ရှိနေတယ်လို့ ဖေဖော်ဝါရီ ၃ရက်နေ့ နေ့လည်ပိုင်းမှာ အဲဒီနေရာကိုရောက်ရှိခဲ့တဲ့ သတင်းထောက် ကိုခွန်ဇော်ဦးက ဘီဘီစီကိုပြောပါတယ်။

သူသွားတဲ့အချိန်မှာပဲ တရုတ်နံပါတ်ကားနှစ်စင်းကို ကူးတို့ပေါ်တင်ကာ မြန်မာနိုင်ငံဘက်ကို ဝင်လာတာ သူကိုယ်တိုင်တွေ့ခဲ့ရတယ်လို့လည်း ဘီဘီစီကိုပြောပါတယ်။

ကားနဲ့လာတာကလည်း တရုတ်နိုင်ငံသားတွေ အရင်ကတည်းက လုပ်လေ့လုပ်ထရှိတဲ့ ပုံစံမျိုးလို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khun Zaw Oo

ဓာတ်ပုံ ပုံစာ, ကားနဲ့လာတာကလည်း တရုတ်နိုင်ငံသားတွေ အရင်ကတည်းက လုပ်လေ့လုပ်ထရှိတဲ့ ပုံစံမျိုးလို့ ပြောပါတယ်။

အဲဒီလိုကားနဲ့လာတာကလည်း တရုတ်နိုင်ငံသားတွေ အရင်ကတည်းက လုပ်လေ့လုပ်ထရှိတဲ့ ပုံစံမျိုးလို့ ပြောပါတယ်။ မြန်မာနိုင်ငံသားတွေကတော့ ကားနဲ့မဟုတ်ဘဲ လူသက်သက်သာ မြစ်ကိုကူးပြီး အလုပ်သွား လုပ်လေ့ရှိတယ်လို့ ကိုခွန်ဇော်ဦးက ပြောပါတယ်။

အဲဒီလိုနယ်စပ်တလျှောက်ထိတွေ့မှုတွေကိုတော့ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေနဲ့ ကျန်းမာရေးတို့က ပူးပေါင်း လုပ်ဆောင်ကြဖို့ ဝန်ကြီးဌာနက ညွှန်ကြားထားပြီး ဖြစ်တယ်လို့ ဒေါက်တာ ခင်ခင်ကြီးက ဘီဘီစီကိုပြောပါတယ်။

ဖေဖော်ဝါရီလ ၂ရက်နေ့အထိတော့ တရုတ်နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၀၀၀ ကျော်အထိ ရှိနေပြီး ၃၆၁ အထိ သေဆုံးသွားပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံပြင်ပ အခြားနိုင်ငံပေါင်း ၂ဝကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၅၀ အထိရှိပြီး ဖိလစ်ပိုင်က လူနာတဦးကတော့ သေဆုံးသွားခဲ့ပါပြီ။

ဗီဒီယို ပုံစာ, ဝူဟန် မြို့တွင်းမှာ ပိတ်မိနေသူတွ အနာဂတ် ဘာဖြစ်လာမလဲ